နိုင်ငံတကာမှာရော မြန်မာပြည်က လူတွေဆီမှာပါ ယူဆချက် တစ်ခု ရှိပါတယ်။ မိုးပြင်းထန်နေချိန်၊ မိုးကြိုးတွေ တစ်ဒိုင်းဒိုင်းပစ်နေချိန်တွေမှာ မိုဘိုင်းလ်ဖုန်း သုံးတာ၊ ဖုန်းပြောတာတွေ ပြုလုပ်မယ်ဆိုရင် လျှပ်စစ်ဓာတ်ကို ဆွဲယူမိပြီး အသုံးပြုနေသူကို လာရောက် ထိမှန်တတ်တယ် ဆိုတာပါပဲ။
မိုးကြိုးပစ်နေချိန်မှာ မိုဘိုင်းလ်ဖုန်း သုံးရင် ကိုယ့်ကိုထိမှန်မှာလား
ဒီယူဆချက်ကို နိုင်ငံပေါင်း အမြောက်အများက လူပေါင်း မြောက်များစွာက နေ့ထက်တိုင် ယုံကြည်နေကြပါတယ်။ တကယ်တမ်းမှာတော့ ဒီယူဆချက်ဟာ မှန်ကန်မှု မရှိပါဘူး။
ဥပမာပေးရရင် တောထဲသွားနေတဲ့ လူတစ်ယောက်ဟာ ဖုန်းကိုင်ထားတုန်း ကျားကိုက်ခံရတာကို ကျားက ဖုန်းကိုင်ထားလို့ လာကိုက်ပါတယ်လို့ ပြောနေသလိုပါပဲ။
မိုးကြိုးက ကိုယ့်ဖုန်းဆီ လာနေတာလား
တကယ်တော့ မိုးကြိုးဆိုတာဟာ တိမ်တောင်တွေကြားထဲက လျှပ်စစ်ဓာတ် စီးဆင်းမှုတစ်မျိုးဖြစ်ပါတယ်။ တိပ်တောင်တွေရဲ့ အထက်ပိုင်းမှာ အဖိုလျှပ်စစ်ဓာတ်ရှိပြီးတော့ အောက်ခြေပိုင်းမှာ အမလျှပ်စစ်ဓာတ်ရှိပါတယ်။ ဒီအရာတွေက မြေပြင်ပေါ်ကို မိုးကြိုးပစ်ချစေအောင် ဖန်တီးတာဖြစ်ပါတယ်။
ပျမ်းမျှခြင်းအားဖြင့် မိုးကြိုးတစ်ကြိမ်ပစ်လွှတ်ရင် ၅၀၀၀၀ ဒီဂရီ ဖာရင်ဟိုက် အပူချိန်နှုန်းနဲ့ ပစ်ချပါတယ်။ နေရဲ့ အပူချိန်ထက် ၅ ဆ ပိုများပါတယ်။ အလွန်လျှင်မြန်ပြီး အသံက နောက်ကလိုက်ပါတယ်။
ဒါကြောင့် မိုးကြိုးပစ်သံ ကြားရပြီဆိုရင် ကိုယ့်ကို မိုးကြိုးလာမထိတာသေချာပြီလို့ သိပ္ပံပညာရှင်တွေက ဆိုကြတာပါ။ မိုးကြိုးက ကိုယ့်ကို လာထိမှန်မယ်ဆိုရင် ဘာသံမှ ကိုယ်ကြားရမှာမဟုတ်ပါဘူး။ ကိုယ့်အနီးနားကလူတွေကတော့ ကိုယ့်ကိုထိမှန်ပြီး စက္ကန့်ပိုင်းအကြာမှာ မိုးကြိုးပစ်သံကြားရပါလိမ့်မယ်။
ပျမ်းမျှအားဖြင့် ၅ စက္ကန့်ကို တစ်မိုင်လို့ သတ်မှတ်ထားပြီး လျှပ်စီးကို မြင်ရပြီးနောက် မိုးချိန်းသံကိုကြားရချိန်နဲ့ တိုက်ဆိုင်ပြီး ကိုယ်နဲ့ ဘယ်လောက် ဝေးဝေးမှာ မိုးကြိုး ပစ်နေတယ်ဆိုတာကိုလည်း ခန့်မှန်းလို့ရပါသေးတယ်။
ပစ်ချလိုက်တဲ့ မိုးကြိုးလျှပ်စီးဟာ သူ့ကို ဆွဲဆောင်နိုင်တဲ့ မြေပြင်ပေါ်က တစ်စုံတစ်ရာဆီကို ပြေးသွားတာဖြစ်ပါတယ်။ ကွင်းခေါင်ခေါင်ထဲက သစ်ပင်မြင့်မြင့်တွေ၊ ဖုန်းတာဝါတိုင်တွေ၊ အဆောက်အအုံ မြင့်မြင့်တွေဆီကိုပေါ့။
မိုးကြိုးတွေဟာ ဖုန်းတာဝါတိုင်တွေဆီကို မကြာခန ပစ်ချလေ့ရှိတဲ့အခါ လူတွေက မိုးကြိုးဟာ ဖုန်းလိုင်းတွေဆီကို ပစ်တယ်လို့ ရှူမြင်လာကြပါတော့တယ်။
တကယ်တမ်းအားဖြင့် ဖုန်းတာဝါတိုင်ဆိုတဲ့အရာတွေဟာ မြင့်မားတဲ့ အဆောက်အအုံတွေရဲ့ အပေါ်ဘက်မှာ တပ်ဆင်ထားတာမျိုး၊ လူနေရပ်ကွက်တွေထဲမှာ မြင့်မားစွာ ထီးထီးကြီးရှိနေတတ်တာမျိုးကြောင့် ခုလို မိုးကြိုးပစ်ခံရလေ့ရှိတာဖြစ်ပါတယ်။
အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထု အုပ်ချုပ်မှုအဖွဲ့ (NOAA) ရဲ့ တရားဝင် အသိပေးချက်အရဆိုရင်လည်း မိုဘိုင်းလ်ဖုန်း၊ သေးငယ်လွန်းလှတဲ့ သတ္ထုပစ္စည်းတွေနဲ့ ကျောက်မျက်ရတနာတွေဟာ မိုးကြိုးထိမှန်လာအောင် မဆွဲဆောင်နိုင်ပါဘူးတဲ့။
လူတွေ မိုးကြိုးပစ်ခံကြရတာဟာ အချိန်မှာ နေရာမှားမှာ ရောက်နေတတ်တာကြောင့်သာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဥပမာ – မိုးကြိုးပစ်နေချိန် အမိုးဖွင့် အမြင့်နေရာတွေ၊ သစ်ပင်အောက်တွေ၊ တောင်ကုန်းတွေပေါ် ရောက်နေတာမျိုးပေါ့။
ဒါကြောင့် မိုးကြိုးက ကိုယ့်ရဲ့ ဖုန်းဆီကို လာမှာမဟုတ်ဘူးဆိုတာကို သိနားလည်ကြစေချင်ပါတယ်။ တကယ်တမ်း မိုးကြိုးက တခြားအရာတွေဆီကိုလာတာသာဖြစ်ပါတယ်။ မိုးကြိုးအပစ်ခံရသူအများစုဟာ ဆွမ်းခံရင်း ငှက်သင့်ပြီး မတော်တဆ အဲ့ဒီ မိုးကြိုးကျဆင်းမယ့်နေရာကို ရောက်ရှိသွားကြသူတွေသာဖြစ်ကြပါတယ်။
မိုးကြိုးအပစ်မခံရအောင် ဘယ်လိုနေထိုင်ကြမလဲ
တကယ်တမ်းအားဖြင့် လူသားတစ်ယောက် မိုးကြိုးပစ်ခံရဖို့က ဖြစ်နိုင်ခြေနည်းပါးပါတယ်။ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လုံခြုံတဲ့ အဆောက်အဦးထဲမှာ ရှိနေတဲ့ လူတစ်ယောက်ကို မိုးကြိုးထိမှန်ဖို့ဆိုတာက ဖြစ်နိုင်ခြေအရမ်းနည်းပါးလှတာပါ။
တကယ်လို့ ကိုယ်က မိုးကြိုးပစ်ခံရမှာကို ကြောက်ရွံ့တတ်သူတစ်ယောက် ဒါမှမဟုတ် မိုးကြီးနဲ့ လျှပ်စီးကို ကြောက်ရွံ့တဲ့ စိတ်ရောဂါ Astraphobia ရှိသူတစ်ယောက်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာနိုင်ပါတယ်။
- မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ အိမ်ထဲမှာပဲနေတာ၊
- မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ မြင့်မားတဲ့နေရာတွေကို ရှောင်ကြဉ်တာ၊
- မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ ရေကန်၊ ရေအိုင်၊ ဗွက်အိုင်တွေကို ရှောင်တာ၊
- မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ သစ်ပင်အောက်ကို ဝင်ခိုတာမျိုး၊ သစ်ပင်ရိပ်ကိုဝင်တာမျိုးကို ရှောင်တာ၊
- မိုးသည်းထန်နေချိန်၊ မိုးကြိုးပစ်နေချိန်မှာ သတ္တုနဲ့ ဖန်တီးထားတဲ့ အရာဝတ္ထုတွေ၊ ပစ္စည်းတွေကို ရှောင်ရှားတာတွေပါပဲ။
သေချာတာကတော့ မိုးကြိုးတွေ တစ်ဒိုင်းဒိုင်းပစ်နေချိန် ဖုန်းသုံးနေဖြစ်ဖို့က အခွင့်အရေးနည်းပါးလှပါတယ်။ သုံးနေရင်တောင်မှ မိုးကြိုးပစ်ခံရမှာမဟုတ်ပါဘူး။ ဒါပေမယ့် မိုးကြိုးပစ်မှာကြောက်ပြီး သစ်ပင်အောက်တွေ ဝင်ခိုမိရင်တော့ မိုးကြိုးပစ်ခံရနိုင်ခြေပိုများတာကို သတိထားဖို့ လိုအပ်တယ်ဆိုတာပါပဲ။
[embed-health-tool-bmi]