backup og meta

လျှပ်စစ်ဓာတ်သုံး၍ နာကျင်မှု သက်သာအောင် ပြုလုပ်ခြင်း (TENS)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လျှပ်စစ်ဓာတ်သုံး၍ နာကျင်မှု သက်သာအောင် ပြုလုပ်ခြင်း (TENS)

    ခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတာကြောင့် နာကျင်မှုကို အံတုဖို့ နည်းလမ်းတွေ အများကြီး ရှိနေပါပြီ။ အရင်တုန်းက နာကျင်မှု သက်သာအောင် ဆေးထိုး၊ ဆေးသောက်၊ ရေနွေးကပ်ရေခဲအုံ လုပ်ရာကနေ ခု လျှပ်စစ်ဓာတ်သုံးပြီး နာကျင်မှု သက်သာအောင် လုပ်နိုင်ကြပါပြီ။ လျှပ်စစ်ဓာတ်ဆိုလို့ မလန့်သွားပါနဲ့။ လူမထိခိုက်အောင် ဗို့အားနည်းနည်းပဲ သုံးထားတာပါ။

    ဒါကို Transcutaneous electrical nerve stimulation (TENS) “အရေပြား မှတစ်ဆင့် လျှပ်စစ်ဓာတ်သုံး၍ အာရုံကြော လှုံ့ဆော်နည်း” လို့ ခေါ်ပါတယ်။ ဒီစက်သေးသေးလေးက အာရုံကြောတွေနားကို လျှပ်စစ်ဓာတ်လွှတ်ပြီး နာကျင်မှုကို မခံစားရအောင် ပိတ်လိုက်တာပါ။

    TENS က ဘယ်လို အလုပ်လုပ်လဲ။

    TENS က လျှပ်စစ်ဓာတ်သုံးပြီး နာကျင်မှု သက်သာအောင် လုပ်တာပါ။ ဘတ်ထရီနဲ့ အားသွင်းရတဲ့ စက်ဖြစ်ပြီး နာတဲ့ နေရာကို ကပ်ဖို့ ကပ်ခွာလေးတွေ ပါပါတယ်။ ဒီကပ်ခွာကို ကိုယ်အနာ သက်သာချင်တဲ့ အရေပြားပေါ်မှာ ကပ်လိုက်ရုံပါပဲ။ အလုပ်လုပ်ပုံကတော့

    • ထွက်လာတဲ့ လျှပ်စစ်ဓာတ်က ကျောရိုးနဲ့ ဦးနှောက်ကို သွားတဲ့ နာကျင်မှု လမ်းကြောင်းကို ပိတ်လိုက်တဲ့ အတွက် နာတာကို မခံစားရတော့တဲ့ အပြင် ကြွက်သားတွေပါ ပျော့ပျောင်း လာပါတယ်။
    • ဒါ့ပြင် endorphins လို့ ခေါ်တဲ့ နာကျင်မှု သက်သာတဲ့ ဓာတ်ပစ္စည်းကိုလည်း ထွက်စေပါတယ်။

    TENS ကို ဘယ်နေရာမှာ သုံးလို့ ရလဲ။

    TENS ကို နာတာရှည် နာကျင်တာရော၊ ရုတ်တရက်ဖြစ်တဲ့ နာကျင်မှုတွေရော သက်သာအောင် လုပ်လို့ ရပါတယ်။ အသုံးများတဲ့ နေရာတွေကတော့

  • အရိုးအဆစ်တွေ နာတာ (ဥပမာ ဒူးနာခါးနာ)
  • ကျောရိုးတစ်လျှောက် ကြွက်သားတွေ၊ အရွတ်တွေ၊ အဆစ်တွေ နာတာ
  • အရွတ်ရောင်တာ
  • အဆစ်ကြားမှာ ရှိတဲ့ အရည်အိတ်လေးတွေ ရောင်တာ
  • ဆီးစပ်ကိုက်တာ
  • နောက်ပြီး ထူးထူးခြားခြား ကလေးမွေးချင်လို့ ဗိုက်နာတာအထိ သုံးနိုင်တယ်လို့ ဆိုပါတယ်။
  • TENS ကို ဘယ်နေရာမှာ သုံးလို့ မရဘူးလဲ။

    • စက်ထည့်ထားတာ (ဥပမာ နှလုံးစက်ထည့်ထားတာ)
    • ကိုယ်ဝန်ရှိနေရင် (ဒါပေမယ့် မွေးခါနီး ဗိုက်နာတာအတွက်တော့ သုံးလို့ရပါတယ်။)
    • ကင်ဆာ – ကင်ဆာကျိတ်ရှိတဲ့ နေရာမှာ ကပ်ခွာ မကပ်ပါနဲ့။ ဘာကြောင့် နာမှန်းလဲ မသိဘူး။ လွန်ခဲ့တဲ့ ၅နှစ်ကလည်း ကင်ဆာဖြစ်ဖူးတယ်ဆိုရင် မသုံးပါနဲ့။
    • အတက်ရောဂါ – အတက်ရောဂါရှိရင် ခေါင်း၊ လည်ပင်းနဲ့ ပုခုံးမှာ မကပ်ပါနဲ့။ အတက်ရောဂါ ပြန်ထတတ်ပါတယ်။
    • သွေးကြောမှာ သွေးခဲပိတ်နေရင် – TENS က သွေးကို မြန်မြန်လည်ပတ် စေပါတယ်။ ဒါကြောင့် အခန့်မသင့်ရင် သွေးခဲ ပြုတ်ထွက်တတ်ပါတယ်။
    • သွေးမတိတ်ရောဂါရှိရင် ဒါမှမဟုတ် သွေးထွက်လွယ်တဲ့ ရောဂါရှိရင် – TENS က အခန့်မသင့်ရင် ဒီရောဂါရှိတဲ့ သူတွေမှာ သွေးပိုထွက်တာ၊ အညိုအမည်းစွဲတာ ဖြစ်တတ်လို့ မသုံးသင့်ပါဘူး။
    • နှလုံးမကောင်းရင် – နှလုံးကောင်းကောင်း အလုပ်မလုပ်ရင်၊ နှလုံးခုန်မမှန်ရင် မသုံးသင့်ပါတယ်။
    • အနာရှိတဲ့ နေရာမှာ မသုံးပါနဲ့။
    • ရောင်ခြည်ပြ ထားတဲ့နေရာမှာ မသုံးပါနဲ့။
    • မျက်လုံးနား၊ ပါးစပ်နား၊ လည်ပင်း၊ ခေါင်းနဲ့ မျိုးပွားအင်္ဂါမှာ မသုံးပါနဲ့။
    • ထုံနေတဲ့ နေရာ၊ အာရုံမခံနိုင်တဲ့ နေရာမှာ မသုံးပါနဲ့။
    • စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူတွေ၊ ကိုယ်ခံစားနေရတာကို သေချာ မပြောနိုင်တဲ့ သူတွေမှာ မသုံးပါနဲ့။

     ဘယ်လို သုံးရမလဲ။

    အကောင်းဆုံးက စက်ထဲမှာ ပါတဲ့ အသုံးပြုနည်းကို သေချာဖတ်ကြည့်ပြီး  သုံးတာပါပဲ။  စက်က သေးပြီး ပေါ့ပါးတဲ့ အတွက် အလွယ်တကူ သယ်သွားလို့ ရပါတယ်။ အလုပ်လုပ်နေချိန်မှာပါ သုံးလို့ရပါတယ်။

    ကပ်ခွာ ကပ်မယ်ဆိုရင် အရင်ဆုံး စက်ကို ပိတ်ထားလား အရင် စစ်ပါ။ ကပ်ခွာနှစ်ခုကို အနည်းဆုံး ၁လက်မ ခွာကပ်ပါ။ ပြီးတော့မှ စက်ဖွင့်ပါ။

    စဖွင့်ဖွင့်ချင်းမှ နည်းနည်းကျဥ်သလိုလေး ခံစားရပါမယ်။  ဒါပေမယ့် ဒါက လိုသလို ချိန်လို့ ရပါတယ်။ သုံးပြီးရင်တော့ စက်ကို အရင်ပိတ် ပြီးမှ ကပ်ခွာကို ခွာပါ။

     အန္တရာယ်ရှိလား။

    လူတော်တော်များများမှာတော့ ဘာအန္တရာယ်မှ မရှိပါဘူး။ တချို့ကျတော့ ကပ်ခွာနဲ့ မတည့်လို့ အရေပြားမှာ ဓာတ်မတည့်တာ၊ ယားတာ ဖြစ်တတ်ပါတယ်။ အပေါ်မှာ မသုံးသင့်တဲ့သူတွေကိုတော့ ပြောထားပါတယ်။

    ပြန်ပြောရရင် TENS ဆိုတာ လျှပ်စစ်ဓာတ်သုံးပြီး နာကျင်မှု သက်သာအောင် လုပ်တဲ့ ပစ္စည်းပါ။ နာတာကို လုံးဝပျောက်စေတာ မဟုတ်ပါဘူး။ ခဏပဲ သက်သာစေတာပါ။ မသုံးသင့်တဲ့သူ၊ မသုံးသင့်တဲ့ နေရာတွေ ရှိပါတယ်။ တော်ရုံကတော့ လူတိုင်း သုံးလို့ရပါတယ်။ အန္တရာယ် မရှိပါဘူး။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement