backup og meta

ဓာတ်လိုက် ခံရသူကို အရေးပေါ်ဘယ်လိုကူညီမလဲ

အရာရာတိုးတက်နေတဲ့ အခုခေတ်အခါမှာ လျှပ်စစ်မီးမရှိရင် ဘာမှလုပ်လို့မရပါဘူး။ အိမ်မှာဆို ချက်တာပြုတ်တာ၊လျှော်တာဖွတ်တာ၊ အစားအစာသိမ်းဆည်းတာလည်း လျှပ်စစ်မီးနဲ့ အများစုသုံးကြသလို အပြင်ဆိုလည်း အလုပ်မှာ ကွန်ပျူတာဖုန်း၊ပရင့်တာ စတာတွေအကုန် လျှပ်စစ်မီးနဲ့ပဲ အလုပ်လုပ်ကြတာပါ။ ဒီလောက်အသုံးဝင်တဲ့ လျှပ်စစ်က ဆိုးကျိုးလည်းရှိတာပေါ့။ အခန့်မသင့်ရင် ဓာတ်လိုက် နိုင်တဲ့အန္တရာယ်ရှိပြီး အသက်အန္တရာယ်အထိတောင် ဖြစ်စေနိုင်ပါတယ်။

လမ်းသွားရင်းဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်မှာ ဓာတ်လိုက် နေတာတွေ့ရရင် ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်တတ်ကြတယ်။ လက်မြန်ခြေမြန်နဲ့ ပြေးဆွဲလိုက်တာ၊ ဆွဲဖယ်ပေးတာတွေလုပ်မိရင် ကိုယ်ပါရောပြီး ဓာတ်လိုက်နိုင်တဲ့အန္တရာယ်ရှိပါတယ်။ အကူအညီတွေလာတဲ့အထိ စောင့်နေရင်လည်း အသက်မကယ်လိုက်နိုင်ဘဲနောက်ကျသွားနိုင်ပါတယ်။

ဒီတော့ ဓာတ်လိုက်နေတဲ့သူတွေ့ရင် နည်းလမ်းမှန်နဲ့ အရေးပေါ်ဘယ်လိုကူညီမလဲ။ သိထားသင့်တဲ့အဓိကအချက်တွေလေ့လာကြည့်ရအောင်။ အရင်ဆုံး –

ဓာတ်လိုက် ခံရသူကို လျှပ်စစ်စီးကြောင်းကနေ ဖယ်ခွာထုတ်ပါ

ဖြစ်နိုင်ရင် လျှပ်စစ်ဓာတ်ထုတ်လွှတ်နေတဲ့ပင်မနေရာကို ပိတ်လိုက်ပါ။ မရဘူးဆိုရင်ခြောက်သွေ့ပြီး လျှပ်မကူးနိုင်တဲ့အရာဝတ္ထုတစ်ခုခု( ပလတ်စတစ် သို့မဟုတ် သစ်သား)ကိုသုံးပြီး လျှပ်စစ်စီးကြောင်းနဲ့ သူ့ကို ခွာထုတ်ပါ။ သတင်းစာဖြစ်ဖြစ်၊ စာအုပ် ဖြစ်ဖြစ် လျှပ်မကူးနိုင်တဲ့အရာဝတ္ထုတစ်ခုခုဆို ရပါတယ်။

လိုအပ်လာရင် အရေးပေါ်အသက်ကယ်နည်း CPR ကိုသုံးပါ

လျှပ်စစ်နဲ့ကွာပြီး လူနာကိုထိတွေ့လို့ရပြီဆိုရင်တော့ အရင်ဆုံး သူအသက်ရှူလာအောင် ကယ်တင်ရပါလိမ့်မယ်။ဆေးရုံမပို့နိုင်ခင် အရင်ဆုံး အရေးပေါ်ကယ်ဆယ်ထားမှ အချိန်မီအသက်ရှင်နိုင်မှာပါ။

လူနာမှာ သွေးခုန်နှုန်းအသက်ရှူတာချောင်းဆိုးတာ ဒါမှမဟုတ် လှုပ်ရှားမှု လက္ခဏာမပြတော့ဘူးဆိုရင် CPR နဲ့စတင်လုပ်ဆောင်ပါ။

  • လူနာကို အရင်ဆုံး ညီညာတဲ့ကြမ်းပြင်ပေါ် ပက်လက်ထားပါ။
  • လူနာရဲ့ရင်ဘတ်အလယ်တည့်တည့် လက်ဖနောင့်တစ်ဖက်ကိုထားပြီး ကျန်လက်တစ်ဖက်က အပေါ်ကအုပ်ကိုင်ပြီး ဖိပါ။
  • လက်နှစ်ဘက်ကို ဆန့်ဆန့်ထား၊ လက်ဖနောင့်အားသုံးပြီး လက်နှစ်ဘက်ပေါ်မှာ ဝိတ်နဲ့အားသုံးပြီး သက်ရောက်စေရပါမယ်။
  • တစ်ခါဖိရင် လူနာရဲ့ရင်ဘတ် နှစ်လက်မခန့် နိမ့်ဝင်အောင် ဖိသင့်ပြီး တစ်မိနစ်ကို အကြိမ် ၁၀၀နှုန်းနဲ့လုပ်ရမည်။
  • အသက်ရှူလာပြီလား တစ်ချက်စစ်ဆေးပါ။
  • အကြိမ် ၃၀မြောက်ဖိပြီးချိန်မှာ လူနာရဲ့ခေါင်းကိုနည်းနည်းမော့စေပြီးမေးစေ့ကိုနည်းနည်းပင့်ပေးတဲ့နည်းနဲ့လေလမ်းကြောင်းကို ဖွင့်ပေးပါ။
  • သူ့ရဲ့ဦးခေါင်းကိုနောက်လန်စေပြီးမေးစေ့ကိုမော့ထားတဲ့ပုံစံနဲ့လေလမ်းကြောင်းဖွင့်ပါ။
  • လူနာရဲ့နှာခေါင်းကိုဖွဖွပိတ်ထားပါ။ ပုံမှန်အတိုင်းအသက်ရှူသွင်းပြီး လူနာရဲ့ပါးစပ်ဝမှာ ကိုယ့်ပါးစပ်နဲ့တေ့ပြီးလေမှုတ်သွင်းပါ။တစ်စက္ကန့်လောက်သာကြာမယ့် လေမှုတ်သွင်းချိန်အတွင်း လူနာရဲ့ရင်ဘတ်မြင့်တက်လာမလာကို ကြည့်ပါ။မြင့်တက်လာရင် ဒုတိယတစ်ကြိမ် ထပ်မှုတ်သွင်းပါ။မြင့်တက်မလာရင်လေလမ်းကြောင်းကောင်းမွန်စွာပွင့်မပွင့်ပြန်စစ်ဆေးပါ။ မပွင့်ရင်ခေါင်းစောင်းခြင်း၊ မေးစေ့တွန်းတင်ခြင်းပြန်လုပ်ပြီး နောက်တစ်ကြိမ် လေမှုတ်သွင်းပါ။

အသက်ရှုတဲ့ စက်ဝန်းတစ်ပတ်မှာ ရင်ဘတ်ဖိခြင်းအကြိမ် ၃၀ နှင့် လေမှုတ်သွင်းခြင်း ၂ ကြိမ်ပါဝင်ပါတယ်။ ပြီးမှ သွေးလည်ပတ်မှုအတွက်ရင်ဘတ်ဖိခြင်း ပြန်လုပ်သင့်ပါတယ်။

CPRတစ်ခါလုပ်ရင် နှစ်မိနစ်ခန့် လုပ်သင့်ပြီး လူနာ၏အခြေအနေကိုပြန်လည်ဆန်းစစ်ပေးရပါမယ်။ လူနာပြန်သတိမရမချင်း (သို့)လူနာတင်ယာဉ်မလာမချင်းဆက်လုပ်ပေးရပါမယ်။

သာမန်လူတစ်ယောက် အနေနဲ့ နှုတ်ခမ်းချင်းတေ့ အသက်ရှူတာကို မလုပ်ရဲရင်၊ မလုပ်ချင်ရင် ရင်ဘတ်ကို တစ်မိနစ် အကြိမ် ၁၀၀ဖိနှိပ်ပေးရုံနဲ့ လုံလောက်ပါတယ်။ ဆေးရုံကား မလာမချင်း လုပ်ပေးပါ။

တခြားထိခိုက်ဒဏ်ရာရှိမရှိ စစ်ဆေးပါ

  • ဓာတ်လိုက်ရင်း မတော်တဆထိခိုက်မှုကြောင့် လူနာကသွေးထွက်နေရင် ဒဏ်ရာကို ဖိထားပေးပြီးမြှင့်ထားပေးပါ။ (လက် သို့မဟုတ်ခြေထောက်မှာထိခိုက်ခဲ့ရင်)
  • အပူလောင်တာရှိခဲ့ရင်လောင်ထားတဲ့ဧရိယာကို တိုက်ရိုက်သွားမထိမိဖို့ သတိထားပါ။
  • ဗို့အားအရမ်းပြင်းထန်တဲ့ လျှပ်စစ်ဖြစ်ခဲ့ရင် အရေးပေါ်ကယ်ဆယ်ရေးကိုခေါ်ပါ။ အနားသွားမကပ်ပါနဲ့။ ဥပမာ ဓာတ်ကြိုးပြတ်ကျတာဆိုရင် ပိုသတိထားရပါတယ်။ အနည်းဆုံး ပေ ၂၀ (၆ မီတာ)အကွာလောက်မှာနေပါ။ မဟုတ်ရင် ကြိုးကလှုပ်ရမ်းပြီး ကိုယ့်ဆီလွင့်စင်လာတတ်ပါတယ်။

အရေးပေါ်အသက်အန္တရာယ်ရှိနေတဲ့အချိန်ကလွဲလို့ ဓာတ်လိုက်ခံထားရတဲ့သူကိုနေရာမရွှေ့ပါနဲ့။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.wikihow.com/Treat-Electrical-Burns

https://www.mayoclinic.org/first-aid/first-aid-electrical-shock/basics/art-20056695

https://www.webmd.com/first-aid/electric-shock-treatment

https://www.emedicinehealth.com/electric_shock/article_em.htm#how_can_electric_shock_and_lightning_strike_be_prevented

 

ယခုပုံစံ

19/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ထိခိုက်ပွန်းပဲ့ဒဏ်ရာကြောင့် အညိုအမဲစွဲတဲ့အရာတွေရခဲ့ရင်

ဓာတ်လိုက်ရင် ရှေးဦးသူနာပြုနည်းနဲ့ ဘယ်လိုပြုစုမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement