သင်္ကြန်ရေပက်ခံပြီးနောက် ပျက်စီးသွားတဲ့ဆံသားကို ဘယ်လိုထိန်းသိမ်းမလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သင်္ကြန်ချိန်ခါ ရေဆော့ကစားကြတဲ့ လေးရက်တာ ကာလလေးမှာတော့ လူတိုင်းက ခေါင်းကနေ ရေလောင်းချင်ကြတာချည်းပါပဲ။ ဒါက ဆံပင်တိုတဲ့ ကောင်လေးတွေအတွက်တော့ ပြဿနာ အေးပေမယ့် ဆံပင်ကို တယုတယလုပ်ထားတဲ့ မိန်းကလေးတွေအတွက်တော့ ရေစိုစိုမှာ ဆံသားတွေ ပျက်စီးတာက ပြဿနာ တစ်ရပ်သဖွယ်ပါပဲ။ သင်္ကြန်မှာ ပက်တဲ့ရေတွေက မသန့်တာလည်း ဖြစ်နိုင်တာမို့ ဆံသားပျက်စီးဖို့က ပိုလွယ်ကူပါတယ်။ သင်္ကြန်ရေတွေစိုလိုက်၊ ခြောက်သွားလိုက်နဲ့ ဖြစ်မှာမို့ ဆံသားလေးတွေ ကြမ်းသွားတာမျိုး၊ ခြောက်သွေ့ပြီး ကပ်စီးစီးဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအတွက် နည်းလမ်းကောင်းလေးကြိုတင် ပြင်ဆင်ထားဖို့ လိုပါတယ်။

ကာကွယ်နည်း

မိန်းကလေးတို့ရေ သင်္ကြန်မှာ ရေအများကြီး ဆော့ချင်တယ်၊ ဆံပင်တော့ အရမ်းပျက်စီးသွားတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ရေပက်ခံထွက်တဲ့အခါ ခေါင်းစွပ်ပါတဲ့ အပေါ်ထပ်အင်္ကျီ၊ ဦးထုပ်လေးတွေ ဝတ်ဆင်ပါ။ ဖက်ရှင်လေးကျချင်တယ်ဆိုရင်တော့ ပဝါလေးတွေကို ခေါင်းမှာ စည်းတာမျိုး လုပ်ပါ။ ဒါက ဆံပင်ကို ရေတွေ တိုက်ရိုက်မသက်ရောက်ဖို့ အထောက်အကူပေးမှာပါ။ ပျက်စီးတာ နည်းနည်း လျှော့တာပေါ့နော်။
ဆံပင်ကို ဆီတစ်မျိုးမျိုး လိမ်းပြီးမှ ရေပက်ခံထွက်ပါ။ ဆီလိမ်းတာက ဆံသားခြောက်သွေ့ဖို့ကို ကာကွယ်ပေးနိုင်တာကြောင့်ပါ။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကျစ်ဆံမြီးလေး ကျစ်သွားပါ။ ကျစ်ဆံမြီးကျစ်မယ်ဆိုရင် ဆံပင်ရဲ့ အပေါ်တစ်လွှာလောက်ပဲ ပျက်စီးမှုဖြစ်မှာမို့ အများကြီး သက်သာပါတယ်နော်။
ရေပက်ခံထွက်ပြီး ပြန်လာတဲ့အခါ ခေါင်းလျှော်တာ ဒါမှမဟုတ် ရေသန့်နဲ့ ပြန်လောင်းတာမျိုး ခပ်မြန်မြန်လေး လုပ်ပါ။ ခေါင်းလျှော်ဆပ်ပြာကို ခပ်ပျော့ပျော့အမျိုးအစားလေး သုံးပေးနိုင်ရင် အကောင်းဆုံးပါ။ ထိခိုက်မှုနည်းအောင်ပါ။

ဆံသားပြုပြင်နည်းများ

မိန်းကလေးတို့ရေ ဘယ်လိုပဲ ကာကွယ် ကာကွယ် သင်္ကြန်ရေစိုတာကြောင့် ဆံပင်ပျက်စီးတာက အနည်းအကျဉ်းတော့ ရှိနေဦးမှာပါပဲ။ ဒီလိုပျက်စီးခြောက်သွေ့သွားတဲ့ ဆံသားကို ပြန်လည်ကောင်းမွန်စေဖို့ ပြုလုပ်ရမယ့် နည်းလမ်းကောင်းတွေကိုလည်း မျှဝေပေးချင်ပါတယ်။

ငှက်ပျောသီးနဲ့ သံလွင်ဆီ

မိန်းကလေးတို့ရေ သင်္ကြန်လည်လို့ ပြီးပြီဆိုရင်တော့ ဆံပင်တွေကို ပြန်လည်စောင့်ရှောက်ဖို့ လိုပါပြီ။ ငှက်ပျောသီးနဲ့ သံလွင်ဆီ ရောစပ်ပြီး ပေါင်းတင်တာက ပျက်စီးသွားတဲ့ ဆံသားအတွက် အကောင်းဆုံး ဖြစ်မှာပါ။ ငှက်ပျောသီးမှည့် တစ်လုံးကို ကျေညက်သွားအောင် ကြိတ်ချေပါ။ ပြီးရင်တော့ သံလွင်ဆီ လက်ဖက်စားဇွန်း (၂) ဇွန်းလောက် ထည့်လိုက်ပါ။ ဆံပင်ပေါ်မှာ သုတ်လိမ်းပါ။ (၁၀) မိနစ်လောက် ကြာမှ ခေါင်းလျှော်ပါ။ မသန့်တဲ့ရေတွေကြောင့် ဆံသားကြမ်းသွားပြီး ဖြီးမရအောင် ရှုပ်ထွေးနေတာမျိုး မဖြစ်တော့ပါဘူး။

အုန်းဆီ

ပျိုပျိုမေတို့ ဆံသားတွေ ပြန်လည်ကောင်းမွန်လာဖို့ အုန်းဆီကို အသုံးပြုနိုင်ပါတယ်။ အုန်းဆီက ဆံသားခြောက်သွေ့ခြင်းကို ပြေလျော့စေတဲ့ အဆီတစ်မျိုးပါ။ အုန်းဆီဟာ ဆံသားကို အားပြည့်စေတာမို့ ရေစိုစိုကြောင့် ဆံသားတွေ ကြွပ်ဆတ်ပြီး ပျက်စီးသွားတာကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် ရေတွေ မသန့်တာကြောင့် ဦးရေပြား ယားယံခြင်း၊ ဗောက်ထခြင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အုန်းဆီလေး ရွှဲနေအောင် လိမ်းပြီးမှ ခေါင်းလျှော်ပေးပါ။

ကြက်ဥ

ကြက်ဥကတော့ ဆံသားတွေ အရောင်မွဲခြောက်သွားတာကို အရောင်ပြန်တောက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ ရေစိုတာကြောင့် အရောင်ဆိုးထားတဲ့ ဆံသားတွေ အရောင်ကျသွားတယ်ဆိုရင်တော့ ကြက်ဥလေးနဲ့ ပေါင်းတင်တာမျိုး လုပ်ပါ။ ကြက်ဥကို အနှစ်ချည်းပဲ သီးသန့်ယူပြီး ကြိတ်ချေကာ ဆံသားမှာ လိမ်းပေးပါ။ ခြောက်သွားတဲ့အခါမှ ခေါင်းလျှော်ပါ။ အရောင်မွဲခြောက်ခြောက် ဖြစ်တာတွေ မရှိတော့ပါဘူး။

မိန်းကလေးတို့ရေ သင်္ကြန်ရေပက်ခံထွက်တဲ့အခါ ဆံသားလေးတွေ မပျက်စီးချင်ဘူးဆိုရင်တော့ အပေါ်မှာပြောထားတဲ့ ကာကွယ်နည်းလေးတွေ ပြင်ဆင်ထားပြီး သင်္ကြန်ပြီးတဲ့အခါ ပေါင်းတင်ပေးဖို့ မမေ့လိုက်နဲ့နော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဧပြီ 23, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 12, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။