home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မလိုချင်တဲ့ အမွေး တွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းများ

မလိုချင်တဲ့ အမွေး တွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းများ

လူတိုင်းလူတိုင်းမှာ ခေါင်းအစ၊ ခြေအဆုံး နေရာအတော်များများမှာ အမွေး တွေ ပေါက်ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် အမွေးအမျှင်တွေကို နှစ်သက်ကြတဲ့ သူတွေရှိသလို တချို့ကတော့ အမွေးအမျှင်တွေကို မကြိုက်ကြ၊ လိုချင်ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီအတွက် ကိုယ်မလိုချင်တဲ့ နေရာမှာ (ဥပမာ- နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေး၊ ချိုင်းမွေး နဲ့ ကျော၊ ခြေထောက်၊ လက် စတဲ့နေရာတွေမှာ) ထွက်နေတဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့ နည်းလမ်းမျိုးစုံးကို အသုံးပြုလာကြပါတယ်။

နောက်ပိုင်းမှာလည်း ခေတ်မီတိုးတက်လာတာနဲ့အမျှ အမွေးအမျှင်တွေကို ရှင်းလင်းနိုင်ဖို့အတွက် ပစ္စည်းမျိုးစုံ၊ ကုထုံးမျိုးစုံတွေလည်း ပေါ်လာပြီး ရွေးချယ်စရာတွေလည်း များပြားလာပါတယ်။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ hello ဆရာဝန် ပရိသတ်ကြီးအတွက် မလိုချင်တဲ့ အမွေးအမျှင်တွေ ကိုဖယ်ရှားဖို့ စဉ်းစားရွေးချယ်တဲ့အခါ အထောက်အကူပြုမယ့် နည်းလမ်းတွေ နဲ့ တစ်ခုချင်းစီ အကြောင်းကို အနည်းငယ် မျှဝေပေးသွားပါမယ်။

၁။ အမွေး ရိတ်ခြင်း

ဒီနည်းလမ်းကိုတော့ ခြေထောက်၊ လက်၊ မိန်းမကိုယ် နဲ့ မျက်နှာပေါ်မှာရှိတဲ့ အမွေးတွေကို ဖယ်ရှားဖို့အတွက် အသုံးပြုကြတာများပါတယ်။ ရိတ်တဲ့ နည်းလမ်းက လွယ်ကူမြန်ဆန်၊ အကုန်အကျ သက်သာပေမယ့် အမွေးတွေက ရိတ်ပြီးရက်ပိုင်းလောက်အတွင်းမှာပဲ ပြန်ထွက်လာနိုင်ပါတယ်။ နောက်တစ်ခုကတော့ ingrown hair လို့ခေါ်တဲ့ ရိတ်ပြီး ကျန်ခဲ့တဲ့ အမွေးလေးတွေက အရေပြားထဲကို ပြန်ဝင်သွားတာကြောင့် အဖုလေးတွေ ထွက်လာပြီး ရောင်ရမ်းခြင်း၊ ယားယံခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။

၂။ အမွေး နှုတ်ခြင်း

ဒီနည်းလမ်းကတော့ နှုတ်တဲ့အချိန်မှာ နာကျင်စေနိုင်တာကြောင့် အမွေးအနည်းငယ်သာရှိတဲ့ နေရာမျိုးအတွက်ပဲ ကောင်းပါတယ်။ များသောအားဖြင့် ဂျိုင်းမွေး အများကြီး မပေါက်တဲ့သူတွေ၊ မျက်ခုံးမွေး ပုံစံဖော်တဲ့ နေရာတွေမှာ အသုံးပြုကြတာများပါတယ်။

၃။ အမွေး ကျွတ် cream အသုံးပြုခြင်း

Depilatory cream သို့ hair removal cream လို့ခေါ်တဲ့ အမွေးကျွတ်ဆေးတွေကို အသုံးပြုမယ်ဆိုရင်တော့ အညွှန်းကို သေချာ ဖတ်ပြီးမှ အသုံးပြုသင့်ပါတယ်။ တချို့ အညွှန်းမပါတဲ့ ဆေးတွေကို အသုံးပြုမယ်ဆိုရင် ခြေထောက်မှာ သုံးဖို့ထုတ်ထားတဲ့ ဆေးကို မျက်နှာမှာ သုံးမိတာမျိုး၊ လိုအပ်တာထက် အချိန်ကြာကြာ လိမ်းထားမိလို့ အရေပြား လောင်ပြီး ထိခိုက်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ပါဝင်ပစ္စည်းတွေနဲ့ မတည့်တဲ့အခါ ရောင်ရမ်းခြင်း၊ ယားယံခြင်း နဲ့ အခြားဓာတ်မတည့်တဲ့ ပြသနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အဲဒီလို အမွေးကျွတ်ဆေးတွေ အသုံးပြုတဲ့အခါ အညွှန်းကို သေချာဖတ်ပြီးမှ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

၄။ waxing လုပ်ခြင်း

ဒီနည်းလမ်းကတော့ အိမ်မှာပဲဖြစ်ဖြစ်၊ အလှပြင်ဆိုင်တွေမှာ ဖြစ်ဖြစ် ပူတဲ့ ဖယောင်းရည်ကို အသုံးပြုပြီး အမွေးတွေကို ကျွတ်အောင်လုပ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ ရိတ်တာလောက် အမွေးတွေ မြန်မြန်ပြန်မထွက်လာနိုင်ပေမယ့် ပြန်တော့ ထွက်လာနိုင်ပါသေးတယ်။ ဆိုးကျိုးအနေနဲ့ ဖယောင်းရည်က အရမ်းပူသွားတဲ့အခါ အသားအရေလောင်သွားနိုင်သလို ပိုးဝင်တဲ့ ပြသနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးကတော့ waxing လုပ်တဲ့အချိန်မှာ ခံစားရတဲ့ နာကျင်မှု ပြသနာပဲ ဖြစ်ပါတယ်။

၅။ လေဆာ အသုံးပြုပြီး အမွေးအမျှင်တွေကို ဖယ်ရှားခြင်း

အမွေးတွေ အတော်ကြာကြာ ပြန်မပေါက်နိုင်တဲ့ ကြာရှည်ခံတဲ့ နည်းလမ်းထဲက တစ်ခုကတော့ လေဆာအသုံးပြုပြီး ဖယ်ရှားခြင်းပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းက တစ်ကြိမ်ထဲလုပ်လို့ မရပါဘူး။ ၄ပတ် (သို့) ၆ ပတ်လောက်ခြားပြီး ၃၊ ၄ ကြိမ်လောက် ကုသရမှာ ဖြစ်ပြီး အကုန်အကျများတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မလိုချင်တဲ့ နေရာတိုင်းမှာ ဖယ်ရှားဖို့ကုသနိုင်ပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ အကုန်အကျခံနိုင်လို့ ဒီနည်းလမ်းကို ရွေးချယ်မယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန် (သို့) ပညာရှင်တွေဆီမှာ သေချာတိုင်ပင်ပြီး ကုသမှု ခံယူနိုင်ပါတယ်။

၆။ electrolysis

Electrolysis ကတော့ လျှပ်စီးကြောင်းကို အသုံးပြုပြီး အမွေးတွေထွက်တဲ့ hair follicle လေးတွေကို ဖျက်ဆီးပစ်ပြီး လုံး၀ အမွေးတွေထပ်မထွက်လာအောင် ကူညီပေးတဲ့ နည်းလမ်းတစ်မျိုးပါ။ ဒီနည်းလမ်းကိုလည်း သေချာ လေ့ကျင့်ထားတဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေနဲ့သာ လုပ်ဆောင်သင့်ပြီး ရက်ချိန်းတိုင်းမှာ မှန်မှန်လာပြပြီး လိုအပ်သလို ကုသမှုခံယူမှသာ အကောင်းဆုံးရလဒ်တွေ ရနိုင်မှာဖြစ်ပါတယ်။

၇။ ဆေးဝါးများ

Spironolactone နဲ့ အချို့သောဆေးတွေက အမွေးတွေ အထွက်နည်းအောင်၊ အတွက်နှေးအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် သောက်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေရှိပြီး သင့်အတွက် သောက်ဖို့ သင့်တော်၊ မသင့်တော် ဆိုတာကို ဆရာဝန်နဲ့အရင်ပြသပြီး တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးသင့်ပါတယ်။

ဒီဆောင်းပါးလေးကို ဖတ်ပြီး ကိုယ်မကြိုက်တဲ့ နေရာမှာ ရှိတဲ့ အမွေးတွေကို ဖယ်ရှားဖို့ သင့်တော်တဲ့ နည်းလမ်းကောင်းတွေကို ရွေးချယ်နိုင်ကြပါစေနော်။

ရေးသားသူ – Khine Phoo Ngon

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 10/08/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။