backup og meta

ခြေကျင်းဝတ် လည်ခြင်းအတွက် အရေးပေါ်နည်းလမ်းများ

ရုပ်ရှင်ထဲမှာ မင်းသမီးလေး ဒေါက်ဖိနပ်ဝတ်ပြီး မတော်ခြေခေါက်လို့ ခြေကျင်းဝတ် လည်သွားရင် မင်းသားက တယုတယနဲ့ ပြန်လှည့်ပေးပေမယ့် သင်အလှည့်ကျရင်တော့ ဒါမျိုးရှိချင်မှ ရှိမှာပါ။ ဒီတော့ ကိုယ့်အားကိုယ်ကိုးပြီး ကုနိုင်အောင် သင်ထားပါ။ ဒါမှမဟုတ် မတော်တဆ ကိုယ့်ရှေ့မှာ ကိုယ့်ခရပ်ရ်ှလေးက မတော်တဆ ခြေကျင်းဝတ်လည်သွားရင်လည်း ဝင်ပြီး အမှတ်ယူနိုင်အောင် ကြိုပြီး ဖတ်ထားပါ။ ကဲ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သူများပဲ ဖြစ်ဖြစ် ခြေကျင်းဝတ်လည်သွားရင် အရေးပေါ်လုပ်ပေးလို့ရအောင် အောက်ကနည်းလမ်းတွေကို မှတ်ထားပေးပါနော်။

ခြေကျင်းဝတ် လည်ပြီဆိုရင် (ရုပ်ရှင်ထဲက မင်းသမီးတစ်ယောက်ယောက်ကို မြင်ကြည့်လိုက်ပါ။)

  • နာပါတယ်။ ဒီတိုင်းလည်းနာ၊ ထိလိုက်ရင်လည်း နာပါတယ်။
  • တစ်ခါတစ်လေ အညိုအမည်းစွဲပြီး ဖူးရောင်နေပါမယ်။
  • လှုပ်လို့မရသလို လှုပ်လိုက်တာနဲ့ နာပါတယ်။
  • ခြေကျင်းဝတ်ကို အပြားလိုက် ချလို့မရပါဘူး။ (ဆိုလိုတာက ခြေစုံချရပ်လို့မရပါဘူး။)
  • ခြေကျင်းဝတ်လည်တဲ့အချိန်မှာ ဂျွတ်ခနဲ အသံကြားလိုက်ရပါမယ်။

တကယ်တမ်းတော့ ခြေကျင်းဝတ်လည်တယ်ဆိုတာ အရိုးကျိုးသွားတာ မဟုတ်ပါဘူး။ ခြေကျင်းဝတ်က အရွတ်တွေ၊ အရိုးတွေကို ဆိုင်းထားပေးတဲ့ အရွတ်ဆိုင်းတွေ (ligaments) ဒဏ်ရာရသွားတာပါ။ ပြင်းထန်မှုပေါ်မူတည်ပြီး အိမ်မှာတင် ကုလို့ရသလို ဆေးရုံသွားရတာတွေလည်း ရှိပါတယ်။ ခုဆက်ပြောမယ့်နည်းလမ်းတွေက သိပ်မပြင်းထန်ရင် ဒါမှမဟုတ် ဆေးရုံမသွားခင် စပ်ကြား သက်သာအောင် လုပ်ထားနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

ခြေကျင်းဝတ် လည်ခြင်းအတွက် အရေးပေါ်နည်းလမ်းများ

R I C E လို့ အတိုကောက် မှတ်ထားပေးပါ။

  • R (Rest) ထိခိုက်ထားတဲ့ ခြေထောက်ကို အနားပေးပါ။

ထိခိုက်ထားတဲ့ ခြေထောက်ကို ၂ရက် ၃ရက်လောက် မသုံးပါနဲ့။ မတ်တပ်လည်း မရပ်ပါနဲ့။ မတ်တပ်ရပ်လိုက်ရင် ခန္ဓာကိုယ်ရဲ့ body weightက ခြေထောက်ပေါ် သက်ရောက်နေမှာပါ။ သွားစရာ လာစရာ ရှိတယ်ဆိုလည်း ချိုင်းထောက်ကို သုံးပါ။ ခုနေ သေချာ မနားထားရင် ဒဏ်ဖြစ်ပြီး ပျောက်ဖို့ ကြာနေမှာပါ။

မလှုပ်နဲ့ဆိုပေမယ့် ခန္ဓာကိုယ် မချိသွားအောင်၊ သွေးလည်ပတ်မှုကောင်းအောင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုတော့ လုပ်ပေးလို့ရပါတယ်။ ထိခိုက်တာက တစ်ဖက်တည်းဆိုတော့ ကျန်တဲ့ ၃ဖက်က တတ်နိုင်သလောက် လှုပ်ရှားပေးပါ။ အိပ်ရာထဲမှာပဲ လှဲနေစရာ မလိုပါဘူး။

ရေခဲကို တိုက်ရိုက်မဟုတ်ဘဲ ကိုယ်ခံနိုင်လောက်တဲ့ အအေးရအောင် အဝတ်လေးနဲ့ ပတ်ပြီး ကပ်ပါ။ ရောင်တဲ့နေရာကို အဓိက ကပ်ပေးပါ။ ဒဏ်ရာရရချင်း ကပ်နိုင်ရင် ပိုကောင်းပါတယ်။  တစ်ခါကပ်ရင် ၁၅မိနစ်၊ မိနစ်၂၀လောက်ထိ ကပ်နိုင်ပါတယ်။ တစ်နေ့ကို ၄ခါကနေ ၈ခါလောက်အထိ ကပ်ပေးပါ။ ပထမ ၂ရက် ဒါမှမဟုတ် အရောင်ကျတဲ့အထိ ကပ်နိုင်ပါတယ်။ သတိထားရမှာက အကြာကြီး မကပ်ဖို့ပါပဲ။ အကြာကြီးကပ်လိုက်ရင် အရောင်ကျဖို့ထက် တစ်ရှူးတွေ ပျက်စီးဖို့ ပိုများပါတယ်။

  • C (COMPRESS) ဖိထားပါ။

ဘာကိုဖိထားရမလဲဆိုတော့ ဒဏ်ဖြစ်ထားတဲ့နေရာကိုပါ။ ဆေးတိုင်တွေမှာ ခြေကျင်းဝတ်ကို ပတ်ထားလို့ရတဲ့ ဆွဲဆန့်နိုင်တဲ့ ပတ်တီး (elastic wrap or bandage)တွေ အများကြီး ရှိပါတယ်။ အညွှန်းအတိုင်း ပတ်ထားပါ။ ဘာမှ မရှိရင် အဝတ်နဲ့  မလျော့လွန်း မတင်းလွန်း ပတ်ထားပါ။ ဒါက အနာကို သက်သာစေသလို သိပ်မလှုပ်မိအောင်လည်း လုပ်ပြီးသား ဖြစ်သွားပါတယ်။

  • E (ELEVATE)  မြှောက်ထားပါ။

တတ်နိုင်ရင် ခြေထောက်ကို တစ်ခုခုပေါ်တင်ပြီး မြှင့်မြှင့် မြှောက်ထားပါ။ ဒါက အရောင်ကို မြန်မြန်ကျစေပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ။

ခြေကျင်းဝတ်လည်တာက အပေါ်က နည်းလမ်းတွေနဲ့ သက်သာသွားတာ များပါတယ်။ ဒါပေမယ့်

  •  စဖြစ်ဖြစ်ချင်းမှာ ခြေထောက်က  ကောင်းကောင်းထောက်လို့ မရရင်၊ ခြေထောက်က ထုံလာရင်၊ လှုပ်လို့မရရင် အရွတ်ဆိုင်းက ပြဲသွားတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြသရမှာပါ။ ပြသဖို့ သွားတဲ့ လမ်းမှာ ရေခဲကပ်သွားပါ။
  • ခြေထောက်က ပူပြီး နီရဲ ရောင်ကိုင်းနေမယ်။ အထိမခံနိုင်လောက်အောင် နာနေမယ်ဆိုရင် ပိုးဝင်သွားတာ ဖြစ်နိုင်ပါတယ်။
  • ထိသွားတဲ့ အရိုးက နာနေတယ်ဆိုလည်း ဆရာဝန်နဲ့ ပြသပေးပါ။ အရွတ်ဆိုင်းတင်မကဘဲ အရိုးပါ ထိသွားတာ ဖြစ်နိုင်ပါတယ်။
  • ခုဖြစ်တဲ့နေရာက အရင်ကလည်း ဖြစ်ဖူးတယ်ဆိုရင် ဆရာဝန်နဲ့ ပြလိုက်တာ အကောင်းဆုံးပါပဲ။
  • မခံနိုင်လောက်အောင် နာနေတယ်။ နာတာက လုံးဝမသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြဖို့ ဝန်မလေးပါနဲ့။ ကုဖို့ နောက်ကျသွားရင် နာတာရှည် ဒဏ်ဖြစ်သွားတတ်ပါတယ်။

ခြေကျင်းဝတ်လည်သွားတာက သက်သာဖို့ ရက်ပိုင်းကနေ လပိုင်းအထိ ကြာနိုင်ပါတယ်။ ရောဂါပြင်းထန်ပုံပေါ် မူတည်ပြီးတော့ပေါ့။ ဒီကြားထဲမှာ နာတာ မသက်သာရင် ဆေးစာမလို အကိုက်အခဲပျောက်ဆေးတွေ ဝယ်သောက်လို့ရပါတယ်။ ရောဂါအခံတစ်ခုခုရှိရင်တော့ ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်လို့ ရပါတယ်။ နာတာ၊ ရောင်တာတွေ သက်သာလာပြီဆိုရင်တော့ ခြေထောက်ကို ခံနိုင်သလောက် နည်းနည်းစီ စလှုပ်ပေးပါ။ တဖြည်းဖြည်းနဲ့ သက်သာလာပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sprain first aid : https://www.mayoclinic.org/first-aid/first-aid-sprain/basics/art-20056622  

Sprained ankle : What’s the treament? : https://www.webmd.com/a-to-z-guides/ankle-sprain-treatment

Assessed date 5.6.2020

 

ယခုပုံစံ

21/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခြေကျင်းဝတ်နာကျင်ခြင်း - ရောဂါလက္ခဏာများ

ခြေကျင်းဝတ်နာကျင်ခြင်းကို ဘယ်လိုကုသမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement