backup og meta

အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲလာတဲ့အခါ


Dr. Yee Mon Lwin မှ ရေးသားသည်။ · 12/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲလာတဲ့အခါ

    ရေသားသူ – မောင်မျိုးအောင် (ဆေး – ၁)

    ( Osteo Arthritis ) အရိုးအဆစ်ရောင်ရောဂါဆိုတာကတော့ အဆစ်ရောင်ရောဂါတွေထဲမှာ အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်ပါတယ်။ စစ်တမ်းတွေအရ အမေရိကန်နိုင်ငံမှာဆိုရင် လူဦးရေ ၃၂၇သန်းရှိတဲ့အနက် ၂၇သန်းခန့်ဟာ အရိုးအဆစ်ရောင်ရောဂါကိုခံစားနေရပါတယ်။

    အရိုးနှစ်ခုရဲ့ ဆက်သွယ်တဲ့နေရာကြားမှာ ပွတ်တိုက်မှုတွေနည်းပြီး အဆစ်တွေက ပိုချောချောမွေ့မွေ့လှုပ်ရှားနိုင်အောင် ကူညီပေးတဲ့ အရိုးနုလေးတွေ တဖြည်းဖြည်းချင်း ပျက်စီးလာတာက ဒီရောဂါရဲ့ဝိသေသတစ်ခုပဲဖြစ်ပါတယ်။

    အရိုးအဆစ်ရောင်ရောဂါရဲ့ အဖြစ်များတဲ့နေရာတွေကတော့

    -တင်ပါးဆုံဆစ်

    -လက်ဆစ်

    -ဒူးခေါင်းဆစ်

    -နောက်ကျောပြင်နဲ့

    -လည်ပင်းတစ်ဝှိက်နေရာတို့ပဲဖြစ်ပါတယ်။

    ဒီတော့ အရိုးအဆစ်ရောင်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ?

    ၁ – ကိုယ်အလေးချိန်လျော့ချခြင်း

    ကိုယ်အလေးချိန်လျော့ချခြင်းက အရိုးအဆစ်ရောင်ရောဂါကြောင့်ရရှိလာတဲ့ နာကျင်မှုကိုနည်းပါစေဖို့ အများကြီးအထောက်အကူဖြစ်စေပါတယ်။ Penn State College of Medicine ကနေပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာဆိုရင် အရိုးအဆစ်ရောင်ရောဂါအတွက် အခြားကုသမှုတွေလုံးဝမခံယူပဲ ကိုယ်အလေးချိန်လျော့ကျစေတဲ့ ကုထုံးတွေ၊ ခွဲစိတ်မှုတွေပဲပြုလုပ်ခဲ့တဲ့သူတွေဟာ အများကြီးပိုပြီး နေလို့ထိုင်လို့ကောင်းလာတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ အားကစားပြုလုပ်ရာမှာလည်း ပိုပြီးအဆင်ပြေလာခဲ့ပါတယ်။

    ဒါကြောင့် အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေပုံမှန်ပြုလုပ်ချင်းဟာ ကိုယ်အလေးချိန်လျော့ချဖို့နဲ့ အရိုးပွရောဂါကြောင့်ဖြစ်လာတဲ့ နာကျင်မှုကိုလျော့ချနိုင်ဖို့အတွက် ကောင်းမွန်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။

    ၂ – လေ့ကျင့်ခန်းများပြုလုပ်ခြင်း

    နာကျင်ခြင်းဝေဒနာကို ခံစားနေရတဲ့အချိန်မှာ လေ့ကျင့်ခန်းလုပ်နိုင်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါပေမယ့်လေ့ကျင့်ခန်းလုပ်ခြင်းဟာ အဆစ်တွေဝန်းကျင်က ကြွက်သားတွေနဲ့တစ်ရှူးတွေကိုသန်မာစေတဲ့အတွက် ရောင်ရမ်းခြင်းနဲ့နာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    အော်ရီဂွန် Health and Science university က အရိုးအကြောနဲ့ပြန်လည်သန်စွမ်းရေး လက်ထောက် ပရော်ဖက်ဆာတစ်ဦးဖြစ်သူ ဒေါက်တာ Nels Carlson ကတော့

    ” လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ အရိုးအဆစ်ရောင်ရောဂါဝေဒနာရှင်တွေအတွက် သိပ်အရေးကြီးတဲ့ ဘဝနေထိုင်မှုပုံစုံပြောင်းလဲခြင်းပဲ၊ ကိုယ်အလေးချိန်လျော့ချဖို့အတွက်လည်း လေ့ကျင်ခန်းက အဓိကအကျဆုံးပါပဲ။ ” လို့ဆိုပါတယ်။

    ရေကူးတာ၊ စက်ဘီးနင်းတာနဲ့ လမ်းလျောက်ပေးတာတို့ကလည်း တစ်ကိုယ်ရေသန်စွမ်းစေတဲ့အပြင် ကယ်လိုရီတွေကိုလည်းလောင်ကျွမ်းစေပါတယ်။

    ၃ – ရေပူ၊ရေအေး ကုထုံးများအသုံးပြုခြင်း။

    ရေခဲကပ်တာက ရောင်ရမ်းခြင်းနဲ့နာကျင်မှုတွေကို သက်သာစေတယ်ဆိုတာ အားလုံးသိကြပြီးနေမှာပါ။ ရေထည့်ပြီး ပြန်သုံးလို့ရတဲ့ ရေပူရေအေးအိတ်တွေက သုံးရအဆင်အရမ်းပြေပါတယ်။ ဒါပေမယ့်သူတို့ကို မိနစ် ၂၀ထက်ပိုပြီး တိုက်ရိုက် အသားအရေနဲ့ထိတွေ့စေတာမျိုးကို ရှောင်ကြဉ်ရပါမယ်။

    လေ့ကျင်ခန်းမလုပ်ခင် ရေပူအိတ်လေး ခေတ္တကပ်ပေးတာ၊ ရေပူနဲ့ရေချိုးပေးတာမျိုးလုပ်ပေးခြင်းကလည်း အဆစ်အမြစ်တွေကို နာကျင်မှုနည်းပါးစေပြီး လှုပ်ရှားမှုကိုပိုပြီးအဆင်ပြေစေပါတယ်။

    ၄ – ဆေးဝါးများအသုံးပြုခြင်းနှင့် ဖြည့်စွက်စာများ စားသုံးခြင်း

    Acetaminophen ဆိုတာက အရိုးအဆစ်ရောင်ရောဂါအတွက် သက်သေစေတဲ့ဆေးတစ်မျိုးပါ၊ အကယ်၍ Acetaminophen ကမသက်သာစေဘူးဆိုရင်တော့ Ibuprofen နဲ့ Naproxen တို့က နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းကိုသက်သာစေပါလိမ့်မယ်။ ဒါပေမဲ့ ဒီဆေးတွေကိုအလွန်အကျွံအသုံးပြုခြင်းကတော့ အသည်းနဲ့ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။

    အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ဒီလိုဆေးဝါးတွေနဲ့မသက်သာတော့ဘူးဆိုရင်တော့ ဆရာဝန်တွေက Tramadol လိုအနာသက်သာဆေးမျိုးကို ခဏတဖြုတ်သောက်သုံးဖို့အတွက်ညွှန်ကြားရတော့မှာပါ။

    ” လေ့လာမှုတွေအရဆိုရရင်တော့ Glucosamine နဲ့ Chondroitin Sulfate လို့ခေါ်တဲ့ ဖြည့်စွက်စာတွေကလည်း ဒဏ်ရာရနေတဲ့ အရိုးနုလေးတွေကို ပြန်လည်သက်သာလာအောင် အထောက်အကူပြုနိုင်တယ် ” လို့ဒေါက်တာကာဆင် ကဆိုပါတယ်။

    ၅ – ပတ်တီး၊ အကူကရိယာများနှင့် ပြန်လည်သန်စွမ်းရေးကုထုံးများအသုံးပြုခြင်း

    တစ်ခါတစ်လေမှာတော့ ရောင်ယမ်းနေတဲ့အဆစ်နေရာတွေကို မလှုပ်မရှားအောင်ပြုလုပ်ပေးခြင်းဟာလည်း နာကျင်မှုနဲရောင်ယမ်းမှုကိုသက်သာစေပါတယ်။ ဒူးပတ်တီးတွေက ဒူးပတ်ဝန်းကျင်နာကျင်မှုကို လျော့ကျစေနိုင်ပါတယ် ဒါပေမဲ့ အထူးပြုလုပ်ထားတဲ့ကြပ်စီးတွေနဲ့ ဖိနပ်လိုအရာတွေကတော့ အခြားနေရာတွေကိုပါ သက်သာစေမှာပါ။ သတိပြုရမယ့် တစ်ချက်ကတော့ ဒီကိရိယာတွေက ဒီရောဂါကြောင့်ဖြစ်လာတဲ့ နာကျင်မှုနဲ့ရောဂါလက္ခဏာတွေကိုပဲ သက်သာစေမှာဖြစ်ပြီး ရောဂါဖြစ်စေတဲ့နောက်ခံအကြောင်းအရာတွေကို ပျောက်ကင်းစေမှာတော့မဟုတ်ပါဘူး။

    ၆ – ထိုးဆေးအသုံးပြုခြင်း

    အခြားနည်းလမ်းတွေ အသုံးပြုလို့မသက်သာဘူးဆိုရင်တော့ စတီးရွိုက်ထိုးဆေးတွေက ရောင်ယမ်းခြင်းကိုသက်သာစေပြီး နာကျင်မှုကိုလည်းလျော့စေပါလိမ့်မယ်။

    viscosupplementation လို့ခေါ်တဲ့ရောင်ယမ်းနေတဲ့ အဆစ်အတွင်းကို hyaluronic acid လို့ခေါ်တဲ့ ချောဆီလိုဆေးတစ်မျိုး တိုက်ရိုက်ဆေးထိုးတဲ့နည်းလမ်းက ခံစားနေရတဲ့အဆစ်နေရာလှုပ်ရှားမှုကို အချိန်တိုအတွင်းတိုးတက်စေပါလိမ့်မယ်။ ဒီနည်းလမ်းကတော့ ဒူးအရိုးအဆစ်ရောင်ရောဂါတစ်ခုထဲမှာပဲ လတ်တလောအသုံးပြုလို့ရသေးပေမယ့် တခြားနေရာမှာအသုံးပြုလို့ရမရကို ပညာရှင်တွေကလေ့လာနေကြပြီလည်း ဖြစ်ပါတယ်။

    ၇ – ခွဲစိတ်ကုသခြင်း

    အပေါ်ကနည်းလမ်းတွေအကုန်နဲ့မှ မရတော့ဘူးဆိုရင်တော့ ခွဲစိပ်ခြင်းကရွေးချယ်စရာတစ်ခုအနေနဲ့ကျန်ရှိဦးမှာပါ။

    အရိုးခွဲစိတ်တဲ့နည်းလမ်းတွေကတော့

    -Osteotony လို့ခေါ်တဲ့ အရိုးကိုဖြတ်တောက်ပြီး နာကျင်နေတဲ့နေရာက force ကိုလမ်းလွှဲပေးတဲ့နည်းလမ်း၊

    -Bone fusion လို့ခေါ်တဲ့ အနီးအနားရအရိုးနှစ်ခုကိုပူးကပ်ပြီး အဆစ်ကိုပိုပြီးခိုင်ခံအောင်လုပ်တဲ့နည်းလမ်း ( ဒီနည်းလမ်းက ခွဲစိပ်တဲ့အဆစ်ရဲ့ လှုပ်ရှားမှုကိုကန့်သတ်ပြစ်လိုက်တာမျိုးတော့ ရှိနိုင်ပါတယ်)

    -Joint replacement လို့ခေါ်တဲ့အဆစ်တစ်ခုလုံးကို ပလတ်စတစ် ဒါမှမဟုတ် သတ္ထုကိရိယာနဲ့အစားထိုးတဲ့နည်းလမ်း ( ဒီနည်းလမ်းကတော့ အနှစ်၂၀လောက်အထိခံပြီး ပုံမှန်လှုပ်ရှားနိုင်တဲ့ဘဝကို ပြန်လည်ရရှိစေနိုင်ပါတယ်။ ) တို့ကိုလ

    လုပ်ဆောင်ကြပါတယ်။

    **********************************

    နောက်ဆုံးအနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ အရိုးအဆစ်ရောင်ရောဂါဟာ ကိုယ့်ရဲ့လှုပ်ရှားမှုကို ကန့်သတ်ခံရတဲ့အတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေပြုလုပ်ဖို့တောင်ခက်ခဲစေပါတယ်။ ကုသဖို့နည်းလမ်းတွေကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း အများကြီးရှိပါတယ်။ ကိုယ်အလေးချိန်လျော့ချတာနဲ့ လေ့ကျင့်ခန်းလုပ်တာကတော့ ကောင်းမွန်တဲ့ပူးတွဲလုပ်ဆောင်ချက် ၂ခုလို့ပြောလို့ရပါတယ်။ အကယ်၍ အရိုးအဆစ်ရောင်ရောဂါဖြစ်လာပြီဆိုရင်တော့ ရောဂါအခြေအနေကို ဆရာဝန်နဲ့ဆွေးနွေးပြီး ပုံမှန်ကုသမှုတွေခံယူဖို့လိုအပ်ပါတယ်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Yee Mon Lwin မှ ရေးသားသည်။ · 12/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement