backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အနာကိုပိုးဝင်ရင်ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးများ


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အနာကိုပိုးဝင်ရင်ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးများ

ပွန်းပဲ့ရှနာ၊ ထိခိုက်ဒဏ်ရာ အဖြစ်များတာကခြေထောက်နဲ့လက်မှာပါ။ အရေပြားမှာပေါက်ပြဲမှတော့ အနာဆိုတဲ့အတိုင်း နာကျင်ရပြီပေါ့။ ဒဏ်ရာအနာတရတွေမှာ အတိမ်အနက် အမျိုးစုံရှိသလို တချို့အသေးအမွှားတွေကတော့ အိမ်မှာပဲ ကုသလိုက်ရင် သက်သာသွားတတ်ပါတယ်။ ချော်လဲလို့ ဒူးပြဲတာ၊ ဓါးရှတာ၊ သံစူးတာ၊ ပွန်းတာ၊ပဲ့တာ စတာတွေက အဖြစ်များဆုံး ထိခိုက်ဒဏ်ရာတွေအပါအဝင်ဖြစ်ပါတယ်။

ကွဲရှတဲ့အနာလေးတွေက သိပ်အရေးမကြီးပါဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ မှန်ပါတယ်။ သူတို့က ဒီအတိုင်းနေရင်တော့ ပြဿနာအကြီးကြီးမရှိပေမယ့် ရောဂါပိုးဝင်ပြီဆိုရင်တော့ အန္တရာယ်တွေရှိလာနိုင်ပါတယ်။

အနာမှာရောဂါပိုးဝင်နေပြီဆိုတဲ့ လက္ခဏာများ

အရေပြားမှာပေါက်ပြဲတဲ့အနာပဲဖြစ်ဖြစ်၊ နှာခေါင်း သို့မဟုတ် ပါးစပ်အတွင်းမှာ အနာဖြစ်တာပဲဖြစ်ဖြစ်၊ အကောင်ကိုက်ခံရတဲ့အနာပဲဖြစ်ဖြစ်၊ တက်တူး သို့မဟုတ် အပေါက်ဖောက်ခြင်းကြောင့်ဖြစ်တဲ့အနာပဲဖြစ်ဖြစ်ရောဂါပိုးဝင်နိုင်ပါတယ်။ ပိုးဝင်တဲ့အခါ လက္ခဏာတွေက –

  • အနာက ပိုနာလာမယ်၊ရောင်လာမယ်၊ နီရဲလာမယ်၊ ပူတဲ့ခံစားချက်ဖြစ်လာနိုင်တယ်
  • အနာတဝိုက် နီမြန်းတာတွေပြန့်လာမယ်
  • အနာမှာပြည်တည်လာမယ်
  • ကိုယ်အပူချိန်တက်လာပြီး အဖျား ၁၀၀.၄ကျော်ရှိလာမယ်
  • ပေါင်ခြံ သို့မဟုတ် ချိုင်းမှာ အကျိတ်တွေ့လာမယ်
  • အနာကျက်ဖို့ ကြာလာမယ်

အနာရင်းနေရင် နောက်ဆက်တွဲဘာပြဿနာတွေဖြစ်နိုင်သလဲ

ထိခိုက်ရှနာတွေ မကျက်ရင်နောက်ဆက်တွဲပြဿနာက ပိုးဝင်တာပါပဲ။ သံစူးတာ၊ပေါက်ပြဲဒဏ်ရာကြီးမားတဲ့အခါ ဒါမှမဟုတ် မတော်တဆဒဏ်ရာပြင်းတဲ့အခါ နဲ့သွေးမတိတ်တဲ့အခါ ဆရာဝန်ပြရပါမယ်။မေးခိုင်ပိုးဝင်တာလိုမျိုးရောဂါပိုးဝင်ခဲ့ရင် အနာလေးတစ်ခုကနေ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်တာကြောင့် သံထည်ပစ္စည်းတွေနဲ့ ထိမိတဲ့ဒဏ်ရာတိုင်းအတွက်မေးခိုင်ကာကွယ်ဆေးထိုးသင့်ပါတယ်။

ပိုးဝင်နေတဲ့အနာတွေရဲ့နောက်ဆက်တွဲအနေနဲ့ အရင်ဆုံးဖြစ်လာမှာက နာကျင်မှုပိုလာတာ၊နေရခက်လာတာ၊ အနာကျက်နှေးလာတာဖြစ်ပါတယ်။ ပုံမှန်ဆိုသက်သာလာရမယ့်အနာမျိုးက အနာကျက်နှေးပြီးတာရှည်နေပြီဆိုရင်တော့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ရောဂါပိုးဝင်တာတွေအတွက် စစ်ဆေးကုသမှုခံယူသင့်ပါတယ်။

အနာမှာ ဘက်တီးရီးယားပိုးဝင်ပြီး မကုသရင်နောက်ဆုံးမှာအနာကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးရတာလိုမျိုး ဆိုးရွားတဲ့အကျိုးဆက်တွေရှိလာနိုင်ပါတယ်။ staph ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ Cellulitis (အရေပြားပိုးဝင်ရောင်ရမ်းခြင်း) ဆိုရင် အောက်ခံအရေပြားအလွှာတွေမှာရောဂါပိုးဝင်ခြင်းဖြစ်ပါတယ်။ ဒီလိုရောဂါပိုးဝင်ခဲ့ရင်ရောဂါပျံ့နှံ့ပြီး သွေးမလျှောက်တော့ဘဲ ခန္ဓါကိုယ်တစ်ရှူးတွေ ပုပ်ပွပျက်စီးလာတဲ့အခါခြေထောက်ဖြတ်ပစ်ရတာမျိုး၊ တခြားအစိတ်အပိုင်းတွေပါပျံ့နှံ့ပြီး ပုပ်လာတာမျိုး၊ အသက်ဆုံးရှုံးရတာမျိုးတွေအထိ မဖြစ်ရအောင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။

အနာထဲကရောဂါပိုးကသွေးထဲ သို့မဟုတ် အရိုးထိရောက်သွားခဲ့ရင်လည်း အန္တရာယ်ကြီးပါတယ်။မေးခိုင်ရောဂါကိုလည်း စိုးရိမ်ရသလို သွေးထဲဘက်တီးရီးယားပိုးရဲ့အဆိပ်တွေပြန့်သွားတဲ့ sepsis ဖြစ်တာကလည်း အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကို ပိုးဝင်တဲ့အခါ အရိုးထဲကိုရောဂါပိုးဝင်ခြင်းဖြစ်တဲ့osteomyelitis အန္တရာယ်လည်း ရှိပါသေးတယ်။

အသေးစား ထိခိုက်အနာတွေကို ပိုးမဝင်အောင်ဘယ်လိုကာကွယ်မလဲ

အသေးစားထိခိုက်ရှနာတွေကိုတော့ အိမ်မှာပဲ လွယ်လွယ်ကုလို့ရပါတယ်။

အရင်ဆုံးအနာကို အညစ်အကြေးကင်းစင်ဖို့ ညင်ညင်သာသာ သန့်စင်၊ပိုးသတ်ပေးပါ။

အနာကိုသွေးတိတ်အောင်ဖိထားပေးပါ။

ပိုးသတ်ဖို့အတွက် အနာကျက်ဆေးလိမ်းပေးပါ။ ကပ်ငြိနေတဲ့ရောဂါပိုးမွှားတွေကို သန့်စင်စေဖို့ အနာတဝိုက်ကို ပိုးသတ်ဆေးနဲ့ သုတ်လိမ်းပါ။

တိရစ္ဆာန်တစ်ကောင်ကောင် ကိုက်ခံရတဲ့အနာက ပိုးဝင်ဖို့အရမ်းလွယ်ပါတယ်။ အနာကကြီးရင် ဒါမှမဟုတ် ကိုက်ရာတွေများရင် ပဋိဇီဝဆေးသောက်ဖို့လိုလာနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ရင် ပိုးဝင်တဲ့လက္ခဏာပြတဲ့အထိ မနေဘဲ ချက်ချင်းကုသမှုခံယူသင့်ပါတယ်။

အနာကိုထိမိ ပွတ်မိမှာစိုးရတာကြောင့် အနာကပ်ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ကာကွယ်ပေးပါ။ မဖုံးအုပ်ဘဲ ဒီအတိုင်းထားတဲ့အနာတွေက အနာပေါက်ပြန်ပွင့်တာ တင်မကဘဲ ပိုးဝင်တာတွေဖြစ်လာနိုင်ပါတယ်။ ပတ်တီး သို့မဟုတ် ပလာစတာကိုနေ့တိုင်းလဲလှယ်ပေးပါ။ ဒါပေမယ့် ပိုးသတ်သန့်စင်ပြီးသား ပလာစတာ၊ ပတ်တီးတို့ကိုပဲသုံးပါ။

ပလာစတာ သို့မဟုတ် ပတ်တီးစည်းတဲ့အခါ ပိတ်လှောင်နေအောင် မကျပ်စည်းပါနဲ့။

အနာကိုနောက် ၅ ရက်လောက်အထိ သန့်စင်ပေးပြီးခြောက်သွေ့အောင်ထားပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement