home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ

စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ

အနာဆိုတာ ထိခိုက်ဒဏ်ရာတစ်မျိုးပါ။မြင်သာအောင်ပြောပြရရင် အပေါ်ယံအရေပြားပေါက်ပြဲသွားတာပေါ့။ အပေါ်ယံအရေပြားက ခန္ဓါကိုယ်ရဲ့ ခံတပ်လေ။ ခံတပ်ပျက်သွားပြီဆိုရင် အန္တရာယ်ကျရောက်ဖို့ကလွယ်သွားပြီပေါ့။ အခုလိုမိုးရာသီမှာဆိုရင် စိုစိုစွတ်စွတ်ရှိတော့ ပိုးမွှားတွေပေါက်ဖွားဖို့အတွက်အခွင့်ကောင်းပါ။ ဒီတော့ အပေါ်ယံအရေပြားပေါက်ပြဲမှုကနေတဆင့်ရောဂါပိုးတွေအလွယ်တကူဝင်ရောက်ပြီး အနာရင်းတာ၊ ပိုးဝင်တာနဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်ဖို့တော်တော်လေးလွယ်ကူသွားနိုင်တဲ့အနေအထားပေါ့။ မိုးရာသီမှာ အနာကိုသေသေချာချာဂရုစိုက်ဖို့လိုပါမယ်။ မိုးရေနဲ့အတူ ဘက်တီးရီးယားတွေက မဖိတ်ခေါ်ဘဲ ပါလာတတ်တာကြောင့်ပါ။

မိုးရာသီမှာခြေထောက်လိုမျိုးနေရာမှာ အနာဖြစ်လို့ကတော့ ဘက်တီးရီးယားတွေက တံခါးမရှိ ဓါးမရှိဝင်ရောက်ပြီး ခန္ဓါကိုယ်ကို ထိခိုက်မှုတွေဖြစ်စေမှာပါ။ ဒါကြောင့် စိုစွတ်တဲ့မိုးရာသီမှာ အနာကိုသေချာဂရုစိုက်ဖို့လိုပါမယ်။

မိုးရာသီမှာ အနာကို ဒီလိုဂရုစိုက်ပါ

အနာကိုမိုးရေနဲ့ မထိတွေ့ပါစေနဲ့– မိုးရေမှာရောဂါပိုးတွေပါဝင်နေတတ်တာကြောင့် အပြင်ထွက်ခါနီးတိုင်း အနာကို ပလာစတာကပ်တာမျိုးဖြစ်ဖြစ် ပတ်တီးစည်းတာမျိုးဖြစ်ဖြစ်လုပ်သွားပေးပါ။ အနာကို မိုးရေနဲ့တိုက်ရိုက်မထိတွေ့အောင်ကာကွယ်ပါ။ အနာကို မိုးရေနဲ့ထိတွေ့စေမှုကပြင်းထန်တဲ့ရောဂါပိုးကူးစက်မှုကိုဖြစ်စေနိုင်တာကြောင့်ပါ။

အနာမှာ ညစ်ပေနေတဲ့အရာတွေပေကျံနေလားဆိုတာကို စစ်ဆေးပါ – အပြင်ကနေ မိုးစိုစိုနဲ့ပြန်လာတဲ့အခါ အနာမှာ ညစ်ပေတဲ့အရာတွေပေကျံကပ်ပါလာလားဆိုတာကိုသေချာစစ်ဆေးပါ။ ပေကျံနေတယ်ဆိုရင် ဖယ်ရှားသန့်စင်ပါ။ ဒီလိုလုပ်ပေးတာက အနာကို ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင်ကာကွယ်နိုင်မှာပါ။

အနာကို သန့်ရှင်းပေးပါ – အနာကို သန့်စင်ဖို့ကမဖြစ်မနေလုပ်သင့်တဲ့အချက်တစ်ခုပါ။ အပြင်ကပြန်လာတဲ့အခါတိုင်းမှာခြေလက်တွေကို သန့်စင်အောင်ဆေးကြောပေးပါ။ပြီးရင်တော့ အနာကို သန့်ရှင်းရေးလုပ်ပါ။ အနာတဝိုက်ကို ဆပ်ပြာနဲ့ရေသန့်သန့်လေးသုံးပြီး သေချာဆေးကြောသန့်စင်ပေးပါ။ရေနွေးခပ်နွေးနွေးလေးကို တဘက်စသန့်သန့်လေးနဲ့ယူပြီး အနာပေါ်နဲ့ အနာတဝိုက်ကိုဆေးကြောသန့်စင်ပေးတာက ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။

အနာကိုခြောက်သွေ့အောင်ထားပေးပါ – အနာကို သန့်စင်ဆေးကြောပြီးတဲ့အခါ အနာကိုခြောက်သွေ့အောင်ထားပေးဖို့ မမေ့ပါနဲ့။ စိုစွတ်တဲ့အခြေအနေက ဘက်တီးရီးယားတွေကို အလွယ်တကူပေါက်ဖွားစေနိုင်တာကြောင့်ပါ။ ဒီလိုလုပ်ပေးတာက အရေပြားအတွင်းပိုင်းကိုရောဂါပိုးတွေမဝင်ရောက်နိုင်အောင် ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။

Antibiotic Cream လူးပေးပါ -Antibiotic Creamတွေက အနာကို အစိုဓါတ်ရှိနေအောင် ထိန်းထားပေးနိုင်ရုံတင်မဟုတ်ဘဲ ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အနာကို သန့်စင်ပြီးခြောက်သွေ့အောင်လုပ်ပြီးတဲ့အခါAntibiotic Cream ခပ်ပါးပါးလေးလူးပေးပါ။ အချို့Antibiotic Creamတွေမှာ အရေပြားဓါတ်မတည့်စေနိုင်တဲ့ ပစ္စည်းတွေပါဝင်တတ်တာကြောင့် အရေပြားမှာဆေးလူးပြီးလို့ ယားယံတာ၊ အဖုအပိမ့်ထွက်တာမျိုးဖြစ်လာမယ်ဆိုရင် ဆက်မလူးဖို့ ပြောပါရစေ။

အနာကို ပလာစတာကပ်ပါ၊ ပတ်တီးစည်းပါ – အနာကို ပလာစတာကပ်ပေးတာ၊ ပတ်တီးစည်းထားတာတွေက အနာကို ပိုးမဝင်အောင်ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အနာကို အပြင်သွားခါနီးတိုင်းရော အိမ်မှာနေရင်းရော ပလာစတာကပ်တာ၊ ပတ်တီးစည်းတာမျိုးတွေ လုပ်ပေးဖို့မမေ့ပါနဲ့။ အခုလိုမိုးရာသီမှာတော့ရေစိုခံ Hansaplast ကအဆင်ပြေဆုံးဖြစ်မှာပါ။

အနာကို ကုတ်ဖဲ့တာမျိုးမလုပ်ပါနဲ့ – အနာကို ကုတ်ဖဲ့တာ၊ အနာဖေးကိုခွာထုတ်တာမျိုးမလုပ်ပါနဲ့။ အနာမကျက်ခင်မှာ ကုတ်ဖဲ့မိတဲ့အခါ အနာပေါက်ပြန်ဖြစ်သွားပြီးရောဂါပိုးတွေဝင်ရောက်ကူးစက်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။ အနာဖေးကိုခွာတာက လက်သည်းကြားထဲကပိုးတွေအနာထဲကိုဝင်ရောက်နိုင်သလို ပတ်ဝန်းကျင်က ဘက်တီးရီးယားတွေလည်း အနာထဲကို အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ အနာကျက်ဖြစ်စဉ်ကိုနှောင့်နှေးစေနိုင်ပါတယ်။

ပလာစတာလဲပေးပါ – အနာမှာကပ်ထားတဲ့ ပလာစတာတွေ၊ ပတ်တီးတွေညစ်ပတ်နေရင်၊ရေစိုနေရင် ချက်ချင်းလဲပေးပါ။ ဒီလိုလုပ်တာကလည်း အနာပိုးမဝင်အောင်ကာကွယ်ရာရောက်ပါတယ်။

အပြင်သွားမယ့်အခါတိုင်း အနာကို ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေလုပ်သွားပေးပါ။ ဒီလိုလုပ်ပေးတာက အနာထဲကိုပြင်ပကအရာတွေနဲ့ ဘက်တီးရီးယားတွေမဝင်ရောက်အောင်ကာကွယ်ပေးနိုင်ပါတယ်။ မိုးရာသီမှာ အနာကို အရက်ပြန်လိုမျိုး ပိုးမွှားတွေကိုသေစေနိုင်တဲ့အရာမျိုးနဲ့ သန့်စင်ဆေးကြောပေးပါ။ အနာကို မိုးရေနဲ့ဆေးကြောတာမျိုးမလုပ်ဘဲရေသန့်သန့်လေးနဲ့ပဲဆေးကြောပေးပါ။ အနာကို ကာကွယ်ထားခြင်းမရှိဘဲ အပြင်မထွက်ပါနဲ့။

အနာရင်းနေလား စစ်ဆေးဖို့ သတိရပါ – တစ်နေ့တစ်ကြိမ်တော့ အနာကို မဖြစ်မနေစစ်ဆေးပေးပါ။ အနာကိုစစ်ဆေးတဲ့အခါ

  • အနာတဝိုက်နီမြန်းရောင်ရမ်းနေလား၊
  • အနာတဝိုက်မှာ နာကျင်နေလား၊
  • အနာကနေပြည်လိုမျိုးအရည်တွေထွက်နေလား၊
  • အဖျားရှိနေတာလား ဆိုတာတွေကိုသေချာစစ်ဆေးပေးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

How to Heal a Woundhttps://www.unp.me/f150/how-to-heal-a-wound-134971/ Accessed Date 10 July 2018

Caring for Woundshttps://www.webmd.com/first-aid/ss/slideshow-caring-for-wounds Accessed Date 10 July 2018

How Does My Wound Heal, and How Do I Treat It?https://www.webmd.com/first-aid/ss/slideshow-how-does-your-wound-heal Accessed Date 10 July 2018

WOUND INFECTIONhttp://www.selfcare.info/hc1/adult/SkinLocalizedSymptoms/WoundInfection.htm Accessed Date 10 July 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 2 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။