backup og meta

အစာအဆိပ်မသင့်အောင် ဘယ်လိုကာကွယ်ကြမလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအဆိပ်မသင့်အောင် ဘယ်လိုကာကွယ်ကြမလဲ

    အစားအသောက်တွေကို အစာအဆိပ်မသင့်အောင် ဘယ်လိုသိမ်းဆည်းကြမလဲ၊ ဘယ်လိုပြင်ဆင်ချက်ပြုတ်ကြမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

    လက်သေချာဆေးပါ

    လက်ကို စနစ်တကျဆေးကြောခြင်းက ရိုးရှင်းပေမဲ့ ရောဂါအတော်များများကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ နည်းတစ်ခုပါ (အခုဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်)။ ရေနဲ့ ဆပ်ပြာသုံးပြီး လက်ကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် သေသေချာချာ ပွတ်တိုက်ဆေးကြောပါ၊ အသားစိမ်းငါးစိမ်းတွေ၊ ဟင်းသီးဟင်းရွက်တွေကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ နောက်ပြီး သန့်စင်ခန်းသွားပြီးတိုင်း၊ အမှိုက်ပစ်ပြီးတိုင်း၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပွတ်သပ်ပြီးတိုင်းလည်း လက်ဆေးပါ။

    ဟင်းချက်တဲ့နေရာကို သန့်ရှင်းရေးလုပ်ပါ

    အစားအစာတွေ မချက်ပြုတ်ခင်နဲ့ ချက်ပြီးတိုင်းမှာ ဟင်းချက်ခဲ့တဲ့နေရာကို သေချာဆေးကြောသန့်ရှင်းပစ်ပါ။ အထူးသဖြင့် အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေ တင်ပြီးခုတ်ထစ်ခဲ့တဲ့ နေရာတွေကို သေချာဂရုတစိုက် သန့်ရှင်းပေးပါ။ ပိုးသတ်ဆေးရည်တွေဖြန်းတာ၊ ဆပ်ပြာရည်နဲ့ တိုက်ချွတ်ဆေးကြောတာတွေ လုပ်စရာမလိုပါဘူး၊ ရေနွေး နဲ့ ဆေးကြောပေးရင်ကို လုံလောက်ပါပြီ။

    စဉ့်နီတုံး (chopping board) ကိုသပ်သပ်စီခွဲခြားသုံးပါ

    အသားအစိမ်းတွေကိုခုတ်ဖို့ စဉ့်နီတုံးတစ်ခု၊ အသင့်စား အစားအစာတွေ (ဥပမာ ပေါင်မုန့်၊ ကိတ်မုန့်) ကို ခုတ်ဖို့ တစ်ခု ဆိုပြီး သပ်သပ်စီခွဲခြားထားပါ။ ဒါမှ မချက်ပြုတ်ရသေးတဲ့ အသားစိမ်းတွေ မှာပါတဲ့ ဘက်တီးရီးယားတွေကို မစားသုံးမိမှာဖြစ်ပါတယ်။

    အသားအစိမ်းတွေကို သီးသန့်သိမ်းဆည်းပါ

    ရေခဲသေတ္တာထဲကထုတ်ပြီး တစ်ခါတည်းစားလို့ရတဲ့ ပေါင်မုန့်၊ ကိတ်မုန့်လို စားစရာတွေကို မချက်ရသေးတဲ့ အသားစိမ်းငါးစိမ်းတွေနဲ့ နီးနီးကပ်ကပ်မထားပါနဲ့။ အသားအစိမ်းတွေမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ ပိုးမွှားတွေပါဝင်နေနိုင်ပြီး အသင့်စား အစားအသောက်တွေနဲ့ အတူထားမိရင် ဒီအစားအစာတွေထဲကို ပိုးတွေရောက်ရှိသွားနိုင်ပါတယ်။

    အသားအစိမ်းတွေကို ရေခဲသေတ္တာအောက်ဆုံးမှာပဲ သိမ်းဆည်းပါ

    ရေခဲသေတ္တာတွေက အဆင့်လိုက် တည်ဆောက်ထားပါတယ်။ အပေါ်ဆုံး အထပ်တွေမှာ အသင့်စား အစားအစာတွေ၊ စားလက်စ အစားအစာတွေထားပါ။ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေနဲ့ မချက်ပြုတ်ရသေးတဲ့ အသားအစိမ်းတွေကို ရေခဲသေတ္တာအောက်ထပ်တွေမှာပဲ ထားပါ။ ဒါမှ အသားက စိမ့်ထွက်လာတတ်တဲ့ အရည်တွေ တခြားအစားအသောက်တွေပေါ်ကို မကျမှာပါ။ နောက်ပြီး အသားတွေကို သိမ်းဆည်းတဲ့အခါမှာလည်း အလုံပိတ်ဗူးထဲထည့်ပြီး သေချာသိမ်းသင့်ပါတယ်။

    သေချာချက်ပြုတ်စားသောက်ပါ

    အသားငါးတွေကို ဘယ်ပုံဘယ်နည်းပဲ လုပ်စားစား သေချာကျက်အောင် ချက်ဖို့ တအားအရေးကြီးပါတယ်။ နောက်ပြီး အသားစိမ်းတွေကို မချက်ခင် ရေဆေးတာကို တတ်နိုင်သမျှရှောင်ပါ၊ ရေဆေးလိုက်တဲ့အတွက် အသားစိမ်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေဟာ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားနိုင်ပါတယ်။ ရေခဲရိုက်ထားတဲ့ အသားတွေထဲမှာလည်း ဘက်တီးရီးယားပိုးတွေ ပါနိုင်ပါတယ်။ ဒီလိုပိုးမွှားတွေကင်းစင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးချင်တယ်ဆိုရင် သေချာကျက်အောင်ချက်ပြုတ်ဖို့ မမေ့ပါနဲ့။

    ရေခဲသေတ္တာအပူချိန်ကိုထိန်းညှိပါ

    ရေခဲသေတ္တာအပူချိန်ကို ငါး ဒီဂရီစင်တီဂရိတ် အောက်မှာပဲ ထားပါ။ ဒီလောက်နိမ့်တဲ့အပူချိန်မှာဆိုရင် ပိုးမွှားတွေ ပွားမလာအောင် ထိန်းချုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့ ရေခဲသေတ္တာထဲကို အစားအသောက်တွေအပြည့်ဖြည့်ဖို့လည်း မစဉ်းစားလိုက်ပါနဲ့။ ထည့်ပြီးသိမ်းဆည်းထားတာတွေ တအားများလာရင် ရေခဲသေတ္တာအတွင်းထဲ လှည့်ပတ်နေတဲ့ လေက သန့်ရှင်းမှုမရှိတော့ဘဲ ဖြစ်ပါလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့ အပူချိန်ပြန်တက်လာနိုင်ပါတယ်။

    စားလက်စအစားအသောက်တွေကို မြန်မြန်သိမ်းဆည်းပါ

    တချို့အစားအသောက်တွေက ချက်ပြုတ်ပြီး တစ်ခါတည်း စားမကုန်လို့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားရတတ်ပါတယ်။ ဒီလိုအစားအသောက်တွေကို အပြင်မှာ အကြာကြီးမထားပါနဲ့။ ရေခဲသေတ္တာအကန့်ထဲ  (ဒါမှမဟုတ်) အအေးခန်းထဲ ထည့်သိမ်းထားပါ။ သိမ်းပြီး ၂ ရက်အတွင်း ကုန်အောင်စားသောက်ပေးပါ။

    သက်တမ်းကုန်ဆုံးရက်စွဲတွေကို သေချာဂရုစိုက်ပါ

    ထုတ်လုပ်လိုက်တဲ့ အစားအသောက်တိုင်းမှာ သက်တမ်းကုန်ဆုံးရက်စွဲ ပါဝင်ပါတယ်။ ဒီသက်တမ်းထက် ကျော်လွန်နေတဲ့ ဘယ်အစားအသောက်ကိုမှ မစားသုံးပါနဲ့။ သက်တမ်းကုန်နေပြီး စားသောက်လို့ရသေးတဲ့ပုံပေါ်နေရင် တောင်မစားသုံးပါနဲ့။ သက်တမ်းကုန်ဆုံးရက်တွေဆိုတာ အန္တရာယ်ရှိတဲ့ပိုးမွှားတွေ အစားအသောက်ထဲမှာ ပေါက်ပွားလာနိုင်တဲ့ အချိန်ကို တွက်ချက်ပြီး ထည့်သွင်းထုတ်လုပ်ပေးထားတာဖြစ်တာမို့ ဒီရက်စွဲထက်ကျော်နေရင် လုံးဝမစားသုံးသင့်ပါဘူး။

    ရေးသားသူ – Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement