backup og meta

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 18/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

    သွေးတိုးသမားဆိုတာ အစားအသောက် မှီဝဲရာမှာ သိပ်ကို အခက်တွေ့တတ်ပါတယ်။ ဟိုဟာမတည့် ဒီဟာမတည့် ဟိုဟာရှောင် ဒီဟာရှောင်နဲ့ဆိုတော့ စားရေးသောက်တာမှာ အင်မတိအင်မတန်ခက်ခဲတယ်ပဲ ဆိုပါတော့။ ဒီလို တစ်ခုခုစားမယ်ဆိုရင် စိတ်ပင်ပန်းနေရတတ်တဲ့ သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာလေးတွေ ရှိပါတယ်။

    သွေးတိုးကို ထိမ်းချုပ်ပေးနိုင်ပြီး ရောဂါဆိုးရွာမလာအောင် ထိမ်းညှိပေးနိုင်မယ့်အပြင် အရသာလည်းရှိ အာဟာရလည်းပြည့်ဝတဲ့ အစားအစာမျိုးတွေပေါ့။ သွေးတိုးဆိုတာက ဖြစ်ပြီးရင် ပျောက်အောင်ကုသလို့မရဘူးလေ။ ဒီတော့ သတိထားရတာပေါ့။

    ခုဖော်ပြပေးမယ့် အစားအစာတွေဟာ သွေးတိုးသမားတွေ ရောဂါထိမ်းချုပ်ရေးအတွက်ရော စိတ်လက်ပေါ့ပါးစွာ စားဖို့အတွက်ရော အထောက်အကူပြုမယ့် အထူးအစားအစာတွေဖြစ်ပါတယ်။ သွေးတိုးသမားတွေတော့ သဘောကျကြမယ်ထင်ပါတယ်။

    သွေးတိုးသမားတွေ စားပေးရမယ့် အစားအစာအမျိုးအစားတွေ

    ကမ္ဘာပေါ်မှာ လူဦးရေ ၁ ဘီလီယံလောက်က သွေးတိုးဝေဒနာကို ခံစားနေကြရတာပါ။ ဒီလူတွေအားလုံးဟာ စားရေးသောက်ရေးမှာ အတော်လေး ကသီလင်တနိုင်လှပါတယ်။ သွေးတိုးဝေဒနာ ပြင်းထန်လာရင် နှလုံးရောဂါနဲ့ပါဆက်နွယ်နေတာကိုး။

    ဒီလိုအခြေအနေကို ရှောင်လွှဲနိုင်ဖို့ဆိုရင် မှန်ကန်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်မှာဖြစ်ပြီးတော့ သွေးတိုးလာရင်တော့ သွေးကျဆေးလိုအရာတွေ မှီဝဲပြီး ထိမ်းချုပ်ကြရပါတယ်။ အထူးသဖြင့်တော့ ပိုတက်ဆီယံနဲ့ မဂ္ဂနီဆီယံပါဝင်မှုများတဲ့ အစားအစာတွေကို မှီဝဲပေးရင် သွေးတိုးကို လျှော့ချပေးနိုင်မှာပါ။

    သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

    ဒါကြောင့် သွေးတိုးသမားတွေ စားပေးရမယ့် အစားအစာတွေကို စုစည်းပြီး ဖော်ပြပေးချင်ပါရဲ့။ ဒီအစားအစာတွေက သွေးမတိုးအောင် ထိမ်းချုပ်ဖို့ အကူအညီပေးနိုင်တဲ့အပြင် အာဟာရဓာတ်လည်း ကြွယ်ဝတော့ တခြားကျန်းမာရေးပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးမှာပါ။

    • Citrus fruits – လိမ္မော်၊ သံပုရာ၊ ရှောက်၊ ကျွဲကောစတဲ့ Citrus fruits တွေက သွေးမတိုးအောင် ထိမ်းချုပ်ပေးနိုင်ပါတယ်။ ဒီသစ်သီးတွေမှာ အာဟာရဓာတ်တွေ၊ သက်စောင့်ဓာတ်တွေနဲ့ သွေးတိုးခြင်းကို လျော့ကျစေနိုင်တဲ့ အာဟာရတွေ ပါရှိနေပါတယ်။
    • ဆဲလ်မွန်အပါအဝင် ပင်လယ်ငါးများ – Omega-3 ပါဝင်တဲ့ ပင်လယ်ငါးတွေကလည်း သွေးတိုးကို လျော့ကျစေပါတယ်။ ဒီငါးတွေများများမှီဝဲခြင်းဟာ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
    • ဖရုံစေ့ – ဖရုံစေ့မှာ ပိုဆက်တီယံနဲ့ မဂ္ဂနီဆီယံလို သွေးမတိုးအောင် ထိမ်းချုပ်ပေးနိုင်တဲ့ ဓာတ်တွေ ကြွယ်ကြွယ်ဝဝကိုပါဝင်နေတာပါ။ ဒါကြောင့်ဖရုံစေ့ကို ပုံမှန်မှီဝဲပေးတာကလည်း သွေးတိုး ထိမ်းချုပ်မှုမှာ အသုံးတည့်တဲ့နည်းလမ်းတစ်ခုပါ။
    • ပဲအမျိုးမျိုး –  ပဲတွေကလည်း ပိုဆက်တီယံနဲ့ မဂ္ဂနီဆီယံ ပါဝင်မှုပမာဏ မြင့်မားပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ပါဝင်မှုလည်း ကြွယ်ဝတာမို့ ဗိုက်လည်း ပြည့်စေပါတယ်။
    • ဘယ်ရီသီးများ – စတော်ဘယ်ရီပဲဖြစ်ဖြစ်၊ ဘလူးဘယ်ရီပဲဖြစ်ဖြစ် ဘယ်လို ဘယ်ရီသီးမဆို သွေးတိုးကို ကောင်းကောင်း ထိမ်းချုပ်ပေးနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ antioxidants တွေက ဒီလိုအစွမ်းသတ္တိရှိအောင် ကူညီပေးတာပါ။
    • မုန်လာဥနီ – မုန်လာဥနီကလည်း မဖြစ်မနေ သွေးတိုးသမားတွေ စားပေးရမယ့် အစားအစာတစ်မျိုးပါပဲ။ ဥနီမှာပါဝင်နေတဲ့ phenolic compounds တွေက သွေးလွှတ်ကြောတွေကို ဖိစီးမှုကင်းစင်စေပြီး ထိခိုက်မှုတွေကိုလည်း လျှော့ချပေးပါတယ်။
    • ဆယ်လယ်ရီ တရုတ်နံနံကြီး – တရုတ်နံနံကြီးမျိုးတွေကလည်း သွေးတိုးဝေဒနာကို လျော့ပါးစေတဲ့ ဂုဏ်သတ္တိထူးကို ပိုင်ဆိုင်ထားပါတယ်။ သူ့မှာပါဝင်တဲ့ သွေးတိုးကိုကျစေတဲ့ ကွန်ပေါင်းကတော့ phthalides ပါ။
    • ခရမ်းချဉ်သီး – လူကြိုက်များလှတဲ့ ခရမ်းချဉ်သီးတွေကလည်း အာဟာရဓာတ်ကြွယ်ဝသလို ပိုတက်ဆီယမ်လည်း ပါဝင်မှုမျာတာမို့ သွေးတိုးသမားတွေ ပုံမှန်မှီဝဲပေးသင့်တဲ့ အစားအစာတစ်မျိုးပါ။

    သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

    • ဘရိုကိုလီ – ဂေါ်ဖီစိမ်းထုပ်လေးတွေဟာ သွေးလည်ပတ်မှုကို ချောမွေ့ကောင်းမွန်စေတာကြောင့် သွေးတိုးမယ့် ရန်ကနေ ကင်းဝေစေပါတယ်။
    • ဗီတွတ်ဥ – အရောင်အသွေးလှတဲ့ ဗီတွတ်ဥတွေဟာ သွေးကြောတွေကို ပြေလျော့စေပြီး သွေးတိုးနိုင်ခြေကို လျော့ကျစေပါတယ်။
    • ကညွတ်ကြီး – ကညွတ်ကြီးမျိုးက antioxidants ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယံနဲ့ ကယ်လ်ဆီယံဓာတ်တွေ ပါဝင်မှုများတာမို့ သွေးတိုးသမားတွေ လုံးဝလက်မလွှတ်သင့်တဲ့ အစားအစာမျိုးပါ။ နေ့စဉ်မှီဝဲပေးနိုင်ရင် တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကို ရစေမှာဖြစ်ပါတယ်။

    သွေးတိုးဝေဒနာ သတိပြုပါ

    သွေးတိုးဆိုတာ အသံတိတ်လူသတ်သမားပါ။ ပုံမှန်အားဖြင့် မေ့လျော့ပေါ့ဆမှုကို အခံရဆုံး ရောဂါဖြစ်ပြီးတော့ တိုးလာချိန်မှသာ ဆေးထသောက်ပြီး တားဆီးလိုက်တာမျိုးက များပါတယ်။ ဒါကြောင့်လည်း မထိမ်းချုပ်နိုင်ချိန်မှာ အသက်ပါရတာပါ။

    ဒါကြောင့် သွေးတိုးကိုယ့်မှာရှိနေပြီဆိုရင် ဆေးဝါးတွေကို ပုံမှန် မှီဝဲဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အစားအသောက်မှီဝဲစားသောက်ရာမှာလည်း အထက်မှာဖော်ပြခဲ့တဲ့ စူပါအစားအသောက်တွေကို ပိုမိုမှီဝဲပြီး ကိုယ့်ရဲ့ သွေးတိုးပြဿနာကို ထိမ်းချုပ်သင့်ပါတယ်။

    မတည့်တာတွေကို အမြဲစားသောက်မိနေမယ်ဆိုရင် သွေးတိုးက ရေရှည်မှာ အသက်အန္တရာယ်ကို ဒုက္ခပေးလာနိုင်တာမို့ သတိထားသင့်တဲ့ ပြဿနာပါ။ သွေးတိုးပြီဆိုရင်လေ လေဖြတ်တာ၊ ဦးနှောက်သွေးကြော ပြတ်တာ၊ နှလုံးဖောက်ပြန်တာနဲ့ ဆီးချိုထတာတွေပါဖြစ်လာနိုင်တာမို့ သတိထားနေထိုင် စားသောက်ဖို့ တိုက်တွန်းပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 18/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement