အားဆေး
စားနိုင်သောက်နိုင်နေသေးတဲ့ လူငယ်တွေတောင် အခြေအနေအမျိုးမျိုးကြောင့် အားဆေးသောက်ဖို့လိုသေးတာ။ အစားလည်းနည်း၊ အာဟာရလည်းကောင်းကောင်းမစုပ်ယူနိုင်တော့တဲ့ လူကြီးတွေအတွက် အားဆေးသောက်ဖို့ပိုပြီးလိုလာမှာပါ။ ဥပမာ မျက်စိအားဆေး၊ အရိုးအားဆေးလိုမျိုးပေါ့။ ပြနေကျဆရာဝန်ညွှန်းတဲ့ အားဆေးတွေ ဒါမှမဟုတ် ကိုယ့်မိဘအတွက်သင့်တော်တဲ့ အရည်အသွေးကောင်းကောင်းလူကြီးအားဆေးကိုရွေးချယ်ထည့်သွင်းပေးလို့ရပါတယ်။
လိုအပ်တဲ့ဆေးဝါး
ဒါကတော့ဖေဖေမေမေတို့ ပုံမှန်သောက်နေရတဲ့ ဆရာဝန်ဆေးညွှန်းထဲကဆေးဝါးတွေပေါ့။သွေးတိုး၊ဆီးချို၊ နှလုံး ဆေးဝါးတွေ သို့မဟုတ် ဘာရောဂါမှမရှိရင်တောင် ပုံမှန်သောက်ပေးဖို့ဆရာဝန်ညွှန်ထားတဲ့ Omega-3 fatty acids လို ဖြည့်စွက်အားဆေးတွေကိုဖြည့်ဆည်းပေးလို့ရပါတယ်။
သွေးပေါင်ချိန်စက်
အိမ်တိုင်းမှာ ရှိထားသင့်တဲ့ ကျန်းမာရေးပစ္စည်းလေးပါပဲ။သွေးတိုးရောဂါရှိရှိမရှိရှိ လူကြီးမိဘတွေရဲ့ သွေးဖိအားပုံမှန်ရှိရဲ့လားဆိုတာဆေးခန်းသွားစရာမလိုဘဲ အလွယ်တကူသိနိုင်မယ့်နည်းလမ်းမို့ပါ။ ဒါမှ ရှောင်သင့်တာရှောင်၊ ဆေးသောက်သင့်ရင်သောက်၊ ဆေးခန်းပြေးသင့်ပြေးရမှာပါ။ သုံးရတာလည်း လွယ်ကူတာကြောင့်သွေးပေါင်ချိန်စက်ကိုမေမေတို့ကိုယ်တိုင် လိုတဲ့အချိန် တိုင်းလို့ရတယ်လေ။
အရေးပေါ်ဆေးသေတ္တာ
အရေးပေါ်ဆေးသေတ္တာဆိုတာ စကားလုံးကသာ ကြီးတာ။ ကိုယ်လိုသလို အသေးလေးပြင်ဆင်လည်းရပါတယ်။ ကျန်းမာရေးလက်ဆောင်ပေးမယ်ဆို မတော်တဆထိခိုက်မှု၊ နာကျင်တာတခုခုဖြစ်ခဲ့ရင် လူကြီးမိဘတွေအတွက် အရေးပေါ်သက်သာစေမယ့်ဆေးပစ္စည်းလေးတွေ ပါဝင်တာအဓိကပါပဲ။ ဥပမာ ဟန်ချက်ပျက်တာ၊ချော်လဲတာမျိုးအတွက် ဒဏ်ကြေလိမ်းဆေး၊ထိခိုက်ရှနာတွေအတွက် အနာထည့်ဆေး၊ ပလာစတာ၊ ပတ်တီး၊ ရုတ်တရက်ဗိုက်အောင့်အစာမကြေတာတွေအတွက် အစာကြေဆေး၊ရေနွေးအိတ်စတာတွေကို ကိုယ်အာရုံရှိသလို ထည့်သွင်းပေးလို့ရတယ်။
ဒူးစွပ်
မေမေတို့အတွက် ကျန်းမာရေးကန်တော့ခြင်းမှာဆေးတွေ၊ စားစရာတွေ အတော်လေးစုံနေပေမယ့် လိုရမည်ရ တစ်ခုကျန်နေပါသေးတယ်။ အထိုင်အထအလှုပ်အရှားမတော်လို့ဖေဖေမေမေတို့ ဒူးနာတဲ့အခါ ဒူးစွပ်လေးက အသုံးဝင်ဆုံးဖြစ်မှာပါ။ ဒူးအကွေးအဆန့်နဲ့ လှုပ်ရှားမှုတိုင်းအဆင်ပြေစေဖို့ ဒူးစွပ်လေးကိုဆေးသေတ္တာထဲ ပါအောင်ထည့်ပေးပါ။
ရေချိုးဆပ်ပြာ၊ လက်ဆေးဆပ်ပြာ
ရောဂါပိုးမွှားကင်းစင်ဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုကိုလည်းမေ့မထားသင့်ဘူးနော်။ လူကြီးမိဘတွေဆိုတာ ကလေးလေးတွေလိုပဲရောဂါပိုးတွေကူးစက်ခံရလွယ်တဲ့ ကိုယ်ခံအားအနေအထားရှိလို့ သန့်ရှင်းမှုကို ပိုဂရုစိုက်သင့်ပါတယ်။မေမေတို့အတွက် သင့်တော်မယ့်ရေချိုးဆပ်ပြာလေးတွေ၊ ဘက်တီးရီးယားသန့်စင်ပေးတဲ့ လက်ဆေးဆပ်ပြာတွေလည်း လိုအပ်ပါတယ်။
ဒီလောက်ဆို ကျန်းမာရေးကန်တော့လက်ဆောင်မှာ ဘာတွေပါဝင်လို့ရလဲတွေးမိလောက်ပါပြီနော်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးမို့ ကိုယ်ချစ်ရတဲ့ လူကြီးမိဘတွေကို ကျန်းမာရေးလက်ဆောင်ပေးတာ အသင့်တော်ဆုံးပါပဲ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။