backup og meta

"ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား"

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 04/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    "ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား"

    “ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား” ဆိုတာကို သိချင်နေပြီလား ! ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။

    “ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား”

    “ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား” ဆိုတော့ သူငယ်ပြန်တယ်ဆိုတာကို လူအတော်များများ သိရှိပြီးဖြစ်ကြမှာပါ။ ဆေးပညာအခေါ်အဝေါ်နဲ့ အယ်လ်ဇိုင်းမားရောဂါလို့ ခေါ်တဲ့ ဒီရောဂါဟာ အသက်ကြီးတဲ့ ဖိုးဖိုးဖွားဖွားတွေကို ပြဿနာတွေပေးတဲ့ ရောဂါပေါ့။ ဒီဆောင်းပါးလေးမှာတော့ သူငယ်ပြန်ခြင်းနဲ့ ပတ်သက်လို့ သိသင့်သိထိုက်တဲ့ အချက်လေးတွေကို ဖော်ပြပေးသွားပါမယ်။ သက်ကြီးရွယ်အိုတွေနဲ့ အနီးကပ်နေထိုင်သူတွေအတွက် အထူးရည်ရွယ်ပါတယ်။

    အယ်လ်ဇိုင်းမားရောဂါရဲ့ ကနဦးလက္ခဏာတွေကတော့ သိပ်မသိသာလှပါဘူး(မသိသာဆို အသက်ကြီးလို့ သတိမေ့တတ်တာကလည်း အထူးအဆန်းမှ မဟုတ်တာကိုး)။ ဒီတော့ အသက်အရွယ်ကြောင့် ရိုးရိုးတန်းတန်း မေ့တတ်လာတာလား ဒါမှမဟုတ် အယ်လ်ဇိုင်းမားရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေလား ဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး သိဖို့ လိုအပ်လာပါပြီ။

    ထူးခြားတာတခုက အယ်လ်ဇိုင်းမားဖြစ်စပြုနေတဲ့ ဖိုးဖိုးဖွားဖွားတွေ မေ့တတ်တာဟာ လတ်တလောကိစ္စတွေကိုပဲဖြစ်ပြီး ဟိုးအရင် စစ်တွင်းကအကြောင်းအရာတွေ၊ဂျပန်ခေတ်တို့ဘာတို့ဆိုသလို သူတို့ငယ်ငယ်က အကြောင်းအရာတွေကိုတော့ အောချရလောက်အောင် မှတ်မိနေပြီး စကားတွေ ဖောင်ဖွဲ့ပြောနေပါလိမ့်မယ်။ ဂျပန်ခေတ်က အကြောင်းတွေ မှတ်မိသေးတယ်ဆိုပေမယ့် မနက်က ကော်ဖီသောက်လား၊မုန့်ဟင်းခါးစားတာလားဆိုတာကိုတော့ မေ့သွားပါပြီ။ သင့်ကို မေးပြီးသား (သင်လည်း ပြန်ဖြေပြီးသား) မေးခွန်းတွေကို ထပ်ခါတလဲလဲ မေးလာပါလိမ့်မယ်။ စိတ်ရှည်လက်ရှည်နဲ့ ပြန်ဖြေပေးပါ။ ကိုယ်ငယ်ငယ်တုန်းကလည်း ဒီလိုမျိုးပဲ အရစ်ရှည်ခဲ့တာကို သတိရပါ။

    အမူအကျင့်တွေ ပြောင်းလဲလာမယ်။ ဘယ်လိုမျိုးလဲဆိုတော့ သွားနေကျနေရာတွေကိုတောင် မမှတ်မိချင်တော့ဘူး။ အိမ်ကနေ လမ်းထိပ်လေး ဈေးထွက်ဝယ်၊မုန့်ထွက်စားပြီးရင် ပြန်မလာတတ်တော့ဘူး။ အရင်က သပ်သပ်ယပ်ယပ်နဲ့ စတိုင်ကျကျ နေတတ်တဲ့ဖိုးဖိုးက အခုဆို ဖြစ်ကတတ်ဆန်း ညစ်ညစ်ပတ်ပတ်တွေ နေတတ်လာပြီ၊ရေလည်း မချိုးချင်ဘူး။ အရင်က သနပ်ခါးကိုမှုန်နေအောင် လိမ်းရမှ ကျေနပ်တဲ့ ဖွားဖွားက အခုဆို ခြံထဲမှာ ရှူးထိုင်ပေါက်ချင် ပေါက်နေမယ် စသဖြင့်ပေါ့။

    ဒီလိုမျိုး ကနဦးလက္ခဏာတွေကို မြင်လာရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။ အခြားရောဂါတွေနည်းတူပါပဲ၊အယ်လ်ဇိုင်းမားရောဂါဟာလည်း စောစောသိ၊စောစောကုရင် အများကြီးပိုပြီး အကျိုးရှိပါမယ်။

    အယ်လ်ဇိုင်းမားရောဂါဟာ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပြီး ဦးနှောက်တစ်ရှူးတွေကိုလည်း ဆုံးရှုံးစေတဲ့အတွက် ရောဂါရင့်လာလေ ဦးနှောက်တစ်ရှူးတွေ ကျုံ့လာလေပါပဲ။ နောက်ဆက်တွဲအနေနဲ့ မှတ်ဉာဏ်ပြဿနာ၊စကားပြောခြင်းဆိုင်ရာ ပြဿနာ အစရှိတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင် ပေါ်ပေါက်လာရပါတော့တယ်။

    အယ်လ်ဇိုင်းမားရောဂါဟာ တချို့အဖိုးအဖွားတွေမှာ မြန်မြန်ဆန်ဆန်ကြီး ပိုဆိုးလာတတ်သလို တချို့တွေမှာလည်း နှစ်ပေါင်းများစွာကြာမှ အနည်းအကျဉ်းလောက်ပဲ ပိုဆိုးလာတတ်တာမျိုးလည်း ရှိပါတယ်။ ရောဂါအဆိုးဆုံး အနေအထားကိုရောက်ဖို့ နှစ်ပေါင်းနှစ်ဆယ်လောက်ကြာတတ်တဲ့ အဖိုးအဖွားတွေလည်း ရှိပါတယ်။

    ဒီရောဂါဟာ နေ့စဉ်သွားလာလှုပ်ရှားနေထိုင်မှုကို အနည်းနဲ့အများဆိုသလို ထိခိုက်စေတာမို့ ကိုယ်ချစ်ခင်ရသူ မိဘ၊ဘိုးဘွား တဦးဦးမှာ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရပြီဆိုရင် ကလေးလေးတဦးလိုပဲ ဂရုတစိုက်နဲ့ ကြပ်မတ်ကြည့်ရှုစောင့်ရှောက်ပေးရပါမယ်။ အစားအသောက်၊အသွားအလာ အနေအထိုင်က စလို့ပေါ့။ အပြင်ကို တဦးတည်း မလွှတ်သင့်တော့သလို သူငယ်ပြန်နေတဲ့ အဖိုး/အဖွားကို အိမ်မှာ တယောက်တည်း မထားခဲ့သင့်တော့ပါဘူး။ ဘေးနားမှာ လူစောင့်တယောက် အမြဲရှိနေနိုင်ရင် အကောင်းဆုံးပါပဲ။

    ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးတွေ လုပ်ပေးခြင်းဟာလည်း အဖိုးအဖွားတို့ရဲ့ ကြွက်သားတွေကို တနည်းတဖုံအကျိုးပြုတဲ့အပြင် စိတ်လက်ကြည်သာရွှင်ပျလာအောင်လည်း ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမယ့် အသက်အရွယ်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းမျိုးတွေကိုပဲ (လမ်းလျှောက်တာ၊ခြံထဲမှာ ပန်းပင်လေးတွေ စိုက်တာပျိုးတာ စသဖြင့်) ဂရုတစိုက် ရွေးချယ်ပြီး လုပ်ခိုင်းသင့်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ရှင်းရှင်းပြောရရင် အယ်လ်ဇိုင်းမားရောဂါကို အရှင်းပျောက်သွားအောင် ဒါမှမဟုတ် အာရုံကြောပျက်စီးမှု နှေးကွေးအောင် လုပ်ပေးနိုင်တဲ့ ဆေးမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေကို တန့်နေအောင်၊နှေးသွားအောင် လုပ်ပေးနိုင်တဲ့ ဆေးတွေတော့ ရှိပါတယ်။ ဒါကြောင့် သင်ချစ်ရတဲ့ ဖိုးဖိုးဖွားဖွားတွေကို စောစောကုသပေးနိုင်ရင်တော့ သူတို့အနေနဲ့ နိစ္စဓူဝလုပ်ငန်းဆောင်တာတွေကို ဘယ်သူ့အားကိုးမှ ယူစရာမလိုသေးဘဲ ကိုယ့်လက်ကိုယ့်ခြေဆိုသလို ကာလကြာရှည်စွာ လုပ်ကိုင်ဆောင်ရွက်သွားနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

    အယ်လ်ဇိုင်းမားရောဂါဟာ သင်လည်း တနေ့ကြုံတွေ့ခံစားလာရနိုင်တဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့ နည်းလမ်းတိတိပပ မရှိသေးသလို ဖြစ်လာပြီဆိုရင်လည်း စောစောကုနိုင်မှ ဖိုးဖိုးဖွားဖွားတို့ အခြေအနေပိုကောင်းနိုင်တာမို့ ရောဂါအစပျိုးတဲ့ ကနဦးလက္ခဏာလေးတွေကို သိရှိအောင် လုပ်ထားပြီး ဒါတွေကို တွေ့လာရပြီဆိုတာနဲ့ သင့်တင့်လျောက်ပတ်တဲ့ ကုသမှုကို အမြန်ဆုံး ခံယူနိုင်အောင် ပြုလုပ်ပေးသင့်ပါတယ်။ ဒီဆောင်ပါးလေးကနေ သင့်အတွက် အကျိုးတစုံတရာ ဖြစ်ထွန်းသွားစေဖို့ ရည်ရွယ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 04/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement