backup og meta

ဘိုးဘိုးဘွားဘွားတို့အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘိုးဘိုးဘွားဘွားတို့အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းများ

    အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက် ကျန်းမာရေးရှုထောင့်၊ အလှအပနဲ့ ကိုယ်အလေးချိန်ရှုထောင့်ကနေ သင့်တော်မယ့် လေ့ကျင့်ခန်းတွေကို ပြောပြပြီးပြီဆိုတော့ ဒီဆောင်းပါးမှာ ဘိုးဘိုးဘွားဘွားတို့အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းများ အကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ အလှအပအတွက် အဓိကမဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကနေ ပြောပြပေးမှာဖြစ်ပြီး အရမ်းလည်းမပင်ပန်းဘဲ ပေါ့ပေါ့ပါးပါးနဲ့ လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေကိုသာ ဦးစားပေးပြောသွားမှာပါ။

    ဒါကြောင့် ကိုယ်ချစ်ခင်ရတဲ့ လူကြီးမိဘတွေကို ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေစေချင်တယ်ဆိုရင် ခုပြောပြမယ့် လေ့ကျင့်ခန်းတွေကို လုပ်ခိုင်းဖို့ သေချာလေး တိုက်တွန်းကြည့်ပါနော်။

    ဘိုးဘိုးဘွားဘွားတို့အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းများ

    ဘိုးဘိုးဘွားဘွားတို့အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းများ ကတော့

    ၁။ လမ်းလျှောက်ပါ။

    အားလည်းမကုန်သလို အချိန်လည်းသိပ်ပေးစရာမလိုဘဲ အသက်အရွယ်တိုင်းအတွက် အဆင်ပြေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဘိုးဘိုးဘွားဘွားတွေ မနက်ပိုင်း စောစောထတတ်ရင် ရေသောက်၊ မျက်နှာသစ်ပြီးတာနဲ့ ကိုယ့်အိမ်နားမှာ ၁၀မိနစ်ကနေ မိနစ် ၂၀လောက်ထိ ဖြည်းဖြည်းချင်း လမ်းလျှောက်လို့ရပါတယ်။

    လမ်းလျှောက်ရင်းနဲ့ အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးနိုင်ရင် ပိုကောင်းတာပေါ့။

    ၂။ ခြေချောင်း၊ လက်ချောင်းတွေကို အမြဲလှုပ်ရှားနေပေးပါ။

    လူငယ်တွေလို မဟုတ်ဘဲ အသက်အရွယ်ကြောင့် တစ်နေ့တာမှာ ထိုင်နေရတဲ့ အချိန်တွေက ပိုများတတ်ပါတယ်။ ဒီအခါမှာ အရိုးတွေက အားပျော့ပြီး ခြေဆစ်လက်ဆစ်တွေလည်း အားနည်းလာတော့တာပေါ့။

    အဲ့ဒါကြောင့် လှဲအိပ်နေတဲ့အချိန်၊ ရုပ်ရှင်ကြည့်နေရင်း၊ ထိုင်နေရင်းပဲဖြစ်စေ ကိုယ့်ရဲ့ ခြေချောင်း၊ လက်ချောင်းတွေကို အမြဲလှုပ်ရှားနေပေးပါ။ တတ်နိုင်တယ်ဆိုရင် ခြေထောက်၊ လက်တွေကို ဘေးဘက်၊ အရှေ့၊ အပေါ်ဘက် ဆန့်ပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

    ၃။ ယောဂကျင့်ပါ။

    ယောဂသည် အလှအပအတွက် သီးသန့်မဟုတ်ဘဲ ရုပ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးအတွက်ပါ များစွာအကျိုးရှိနိုင်ပါတယ်။ အပြင်းအထန်လုပ်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ လုပ်လို့ရသလို လူကြီးတွေအတွက် အရိုးအကြောတွေ ပြေလျော့စေတယ်၊ သွက်လက်ပေါ့ပါးစေတယ်၊ စိတ်ပျော်ရွှင်စေတယ်၊ သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်၊ နှလုံးကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။

    ၄။ အေရိုးဗစ်လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ။

    အေရိုးဗစ်ဆိုတာ အလေးအပင်မရတာမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားနဲ့ အရိုးအဆစ်တွေကို လေ့ကျင့်ပေးတဲ့ လှုပ်ရှားအားကစားတစ်မျိုးပါ။ အဓိကကတော့ ဘိုးဘိုးဘွားဘွားတို့ရဲ့ သက်လုံကို ကောင်းစေပြီး အမောခံနိုင်စေတယ်၊ အစာစားချင်စိတ်ကို မြှင့်တင်ပေးနိုင်တယ်၊ သွေးလည်ပတ်မှုနှုန်းကို ကောင်းစေပြီး နှလုံး၊ အဆုတ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

    ဘိုးဘိုးဘွားဘွားတွေရဲ့ ကြွက်သားနဲ့ အရိုးအဆစ်တွေကို ဘာတွေက အထောက်အကူပြုနိုင်လဲ။

    အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အရင်ကလောက် မလှုပ်ရှားနိုင်တော့တာကြောင့် ကြွက်သားတွေက ပျော့တွဲလာပြီး အရိုးအဆစ်တွေ အားနည်းလာတာ သဘာဝပါပဲ။ ဒါကို ကာကွယ်ဖို့အတွက် လေ့ကျင့်ခန်းများ လုပ်ပေးဖို့ လိုအပ်သလို တစ်ဖက်ကနေလည်း နေထိုင်စားသောက်မှုပုံစံတွေ ပြင်ပေးဖို့၊ မိသားစုဝင်တွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေးနိုင်ဖို့ အရေးကြီးပါတယ်။

    ဒီအတွက် နည်းလမ်းတွေကတော့

    ၁။ အစာအာဟာရကို သေချာဂရုစိုက်ပြီး ပြင်ဆင်ပေးပါ။ အစာကြေစေဖို့ အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေများများ ကျွေးပါ။ ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်အတွက် အသား၊ ငါးတွေကိုလည်း ကျွေးပေးပါ။ အသားစားရတာ အဆင်မပြေဘူးဆိုရင် ပဲ၊ ဥတွေကို ကျွေးပေးလို့ရပါတယ်။ အဆီလျော့ထားတဲ့ နွားနို့ကို တစ်နေ့တစ်ခွက်တော့ ပုံမှန်တိုက်ပါ။

    ၂။ အိပ်ချိန်ကို များနိုင်သလောက်များအောင် စောစောအိပ်၊ စောစောထအကျင့် လုပ်ခိုင်းပါ။ များသောအားဖြင့် ဘိုးဘွားအရွယ် လူကြီးတွေက စောစောအိပ်တတ်တဲ့အကျင့်ရှိတာကြောင့် သိပ်တော့ စိတ်ပူစရာမရှိပါဘူး။ တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၈နာရီ ပြည့်ပါစေ။

    ၃။ လေ့ကျင့်ခန်းလုပ်တဲ့အခါ မိသားစုဝင်က ဘေးနားမှာ အမြဲရှိနေပေးပါ။ တစ်ခုခုနဲ့ ထိမိခိုက်မိတာမျိုး မဖြစ်စေဖို့ ဘိုးဘွားတွေ ထိုင်တဲ့ခုံ၊ အိပ်တဲ့ အိပ်ရာကုတင်နားမှာ ပစ္စည်းအမာတွေ၊ အချွန်အတက်တွေ မရှိပါစေနဲ့။ အကယ်လို့ Gym မှာသွားပြီး လေ့ကျင့်တာဆိုရင်လည်း နည်းပြဆရာကို သေချာဂရုစိုက်ဖို့ မှာထားပေးပါ။

    ၄။ ရေများများ သောက်ခိုင်းပါ။ ထသွားထလာလုပ်လို့ ရတဲ့အခြေအနေဆိုရင် သိပ်ပြဿနာမရှိပေမယ့် ခြေထောက်အရိုးအဆစ် သိပ်မကောင်းဘူးဆိုရင်တော့ ဆီးဝမ်း အလွယ်တကူသွားလို့ရအောင် ဆီးအိုးကို အနားမှာထားထားပါ။ ဆီးသွားချင်ဘူးဆိုတာနဲ့ ဘိုးဘွားတွေကို အသံပေးခိုင်းတာဖြစ်စေ၊ အိမ်သားတွေ ကြားအောင် ခေါင်းလောင်းတီးခိုင်းတာမျိုးဖြစ်စေ လုပ်ဖို့ ပြောထားပါ။

    ၅။ ဆရာဝန်နဲ့ ၆လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် သွားပြပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။

    ၆။ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဖြည့်စွက်စာတွေ၊ အားဆေးတွေကို ညွှန်းတဲ့အတိုင်း သေချာဝယ်တိုက်ပါ။

    ၇။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း အရမ်းအားစိုက်ပြီး မလုပ်ဖို့ သေချာပြောထားပေးပါ။ မိသားစုဝင်တွေပါ အတူလေ့ကျင့်ခန်း လိုက်လုပ်တာမျိုး၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့အခါ ဘေးနားကနေ ဘိုးဘွားတို့ရဲ့ ကိုယ်ခန္ဓာ၊ ခြေလက်ကို ထိန်းပေးတာမျိုး လုပ်ပေးပါ။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး ကိုယ်ချစ်ခင်တဲ့ မိသားစုနဲ့ သက်ဆုံးတိုင် အချိန်အကြာကြီး နေနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 12/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement