backup og meta

ကြွက်သားအားနည်းတဲ့ လူကြီးတွေအတွက် အသင့်တော်ဆုံး အာဟာရ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြွက်သားအားနည်းတဲ့ လူကြီးတွေအတွက် အသင့်တော်ဆုံး အာဟာရ

    လူဆိုတာ အသက်ကြီးလာပြီဆိုရင် လူငယ်တုန်းကလောက် သန်မာဖျတ်လတ်မှုမရှိကြတော့ဘူးနော်။ အလုပ်လုပ်တာ၊ သွားတာလာတာ နှေးကွေးလာတယ်။ ကိုယ်ခံအားစနစ်ကလည်း အားနည်းလာတော့ ရောဂါတွေ ဖြစ်ဖို့ ပိုလွယ်လာတယ်။ ကြွက်သားတွေကလည်း အားနည်းပြီး အရိုးအဆစ်တွေက ထိခိုက်ဖို့ ပိုလွယ်လာတာပေါ့။ ဒီတော့ ကိုယ်ချစ်တဲ့ လူကြီးမိဘတွေ အားနည်းပြီး ပျော့ခွေနေချိန်မှာ ဘယ်လိုအစားအစာတွေ ကျွေးပြီး အားပြန်ဖြည့်ပေးလို့ ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

    ပရိုတင်းပါတဲ့ အစားအစာတွေ များများကျွေးကြမယ်။

    လူကြီးအရွယ်မှာ ကြွက်သားဆုံးရှုံးမှုအဖြစ်များတာမို့ ပရိုတင်းဓါတ် မှန်မှန်စားပေးဖို့ လိုပါတယ်။ ပရိုတင်းဓါတ်က ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုအတွက်သာမက လူရဲ့ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေတယ်။ တစ်နေ့တာအတွက် အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။ ဒါ့အပြင် ဇီဝကမ္မပြောင်းလဲမှြုဖစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်စေလို့ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တာပေါ့။ ဒီတော့ ကိုယ့်ရဲ့ ဖေဖေ၊ မေမေတွေကို ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသားတွေ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေ လုံလုံလောက်လောက်ကျွေးဖို့ လိုမယ်နော်။

    ကယ်လ်စီယမ်ကိုလည်း မမေ့ပါနဲ့။

    အသက်ကြီးလာတဲ့အခါ အရိုးအဆစ်ေတွ၊ သွားတွေက လူငယ်တုန်းကလောက် မသန်စွမ်းတော့ တစ်ခုခုဆို ထိခိုက်လွယ်တယ်။ ညောင်းညာလွယ်တယ်။ ကြာကြာ ရပ်ဖို့၊ လမ်းလျှောက်ဖို့၊ အလုပ်လုပ်ဖို့တောင် ဒီအရိုးအဆစ်တွေက ထောက်တိုင်အနေနဲ့ ထောက်မ မပေးနိုင်တော့ဘူးနော်။ သွားတွေကလည်း ပိုးစားတာ၊ ကျိုးလွယ်တာ၊ အမာစာတွေကို ဝါးလို့မလွယ်တော့တာ၊ သွားတွေ ခဏခဏကိုက်တာတွေက ကယ်လ်စီယမ်ဓါတ် နည်းတာကြောင့်ပါပဲ။ ဒါကြောင့် အရိုးအဆစ်နဲ့ သွားတွေကို သန်စွမ်းစေတဲ့ ကယ်လ်စီယမ်ဓါတ်ကိုလည်း မေ့လို့မဖြစ်ပါဘူး။ အစေ့အဆန်၊ ဒိန်ချဉ်၊ နွားနို့၊ အရိုးပါငါး၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ ဟင်းသီးဟင်းရွက်တွေမှာ ကယ်လ်စီယမ်ဓါတ် ကြွယ်ဝလို့ လူကြီးတွေကို များများကျွေးဖို့ မမေ့နဲ့နော်။

    တခြားဘာတွေ ကျွေးဖို့ လိုမလဲ။

    ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသားငါးတွေ၊ နို့ထွက်ပစ္စည်းတွေအပြင် ဗီတာမင်နဲ့ အာဟာရဓါတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ၊ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုး၊ အမျိုးမျိုး၊ ဂျုံ၊ အခွံမာသီး အစရှိသဖြင့် စုံလင်စွာ ကျွေးဖို့လိုအပ်ပါတယ်။ လိုအပ်ရင် ဗီတာမင်အားဆေးတွေ၊ ြဖည့်စွက်စာတွေ၊ ပရိုတင်းနို့မှုန့်တွေကို တိုက်ပေးပါ။ ဘာကြောင့်လဲဆိုတော့ အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါက အာဟာရစုပ်ယူနိုင်စွမ်းနည်းသွားသလို သွားမကောင်းတော့ အစားရှောင်နေရတာနဲ့ အာဟာရဓါတ်တွေ ချို့တဲ့သွားနိုင်တာကြောင့် ဖြစ်ပါတယ်။

    ကြွက်သားအားနည်းတဲ့ လူကြီးတွေအတွက် ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ

    အသက်တွေ ကြီးလာပြီဆိုလို့ အိမ်မှာပဲ အမြဲတမ်း ထိုင်နေခိုင်းတာ၊ လှဲအိပ်နေခိုင်းတာမျိုး မလုပ်ပါနဲ့။ ကြွက်သားတွေဆိုတာ မလှုပ်ရှားဘဲ နေတာကြာသွားရင် လေးလံထိုင်းမှိုင်းပြီး ပျော့ခွေတတ်ပါတယ်။ လူငယ်တုန်းကလောက်လည်း လေ့ကျင့်ခန်း အပြင်းအထန် မလုပ်နိုင်တဲ့အခါ ပေါ့ပေါ့ပါးပါး လုပ်လို့အဆင်ပြေမယ့် လမ်းလျှောက်တာ၊ ဖြည်းဖြည်းချင်း ပြေးတာ၊ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တာမျိုး၊ ယောဂကျင့်တာ၊ အသက်မှန်မှန်ရှူပြီး တရားထိုင်တာမျိုး လုပ်ပေးပါ။ အလုပ်ကို လျှော့လုပ်ခိုင်းပါ။ အလေးအပင် မနေတာတွေ့ရင် ကိုယ်က လူငယ်ပီပီ ဝင်ကူပေးပါ။ စိတ်ဖိစီးမှုတွေကို သိပ်မပေးပါနဲ့။ မိသားစု အတူတကွ ခရီးသွားတာမျိုး၊ လျှောက်လည်တာမျိုး လုပ်ပေးပါ။

    လူကြီးတွေ မသန်မစွမ်းဖြစ်နေချိန်မှာ သူတို့ရဲ့ ကျန်းမာရေး၊ စားသောက်နေထိုင်မှုပုံစံကို သေချာဂရုစိုက်ဖို့ဆိုတာ လူငယ်တွေမှာ တာဝန်ရှိတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ နောင်မှ ရတဲ့နောင်တတွေ မဖြစ်ရလေအောင် အသက်ရှင်နေတုန်းမှာ ကိုယ်ချစ်တဲ့ လူကြီးမိဘတွေကို အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ကြပါလို့ တိုက်တွန်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement