ဒါ့အပြင် MIS ခွဲစိတ်ကုသမှုနည်းလမ်းဟာနောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်မှုကိုလည်းလျော့နည်းစေတယ်လို့ Mount Elizabeth Hospital မှ မီးယပ်ကင်ဆာရောဂါများအထူးကု Dr Wong ကပြောပါတယ်။ ဥပမာပုံမှန်သမားရိုးကျနည်းလမ်းနဲ့ဗိုက်ခွဲထားတဲ့လူနာတွေဟာ MIS ခွဲစိတ်ကုသမှုခံယူထားတဲ့လူနာတွေထက်အိပ်ယာပေါ်မှာအနားယူရတဲ့အချိန်ကာလပိုကြာမြင့်ပါလိမ့်မယ်။ ဒီလိုကြာမြင့်ခြင်းအားဖြင့် (အလှုပ်အရှားနည်းမှုကြောင့်) လူနာတွေရဲ့ခြေထောက်သွေးပြန်ကြောတွေထဲမှာသွေးခဲဖြစ်ပေါ်လာတဲ့အန္တရာယ်နဲ့လည်းရင်ဆိုင်လာရနိုင်ပါတယ်။
“ဘာလို့လဲဆိုတော့ဗိုက်ခွဲပြီးခါစမှာအရမ်းနာတာမို့လူနာတွေဟာတတ်နိုင်သမျှလှုပ်လှုပ်ရှားရှားမလုပ်ချင်ကြပါဘူး။ အဲ့ဒါကြောင့်သွေးခဲတွေ ဖြစ်ပေါ်လာရတာပါ။ ဒါပေမယ့် MIS ခွဲစိတ်မှုကိုခံယူထားတဲ့လူနာတွေအနေနဲ့ကတော့အိပ်ယာထဲကနေခပ်မြန်မြန်ပဲထလာနိုင်မှာဖြစ်ပြီးဟိုသည်လှုပ်ရှားနိုင်မှာမို့သွေးခဲဖြစ်ပေါ်ခြင်းအစရှိတဲ့နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်နိုင်ခြေနည်းပါးပါတယ်” လို့Dr Wong ကဆက်ရှင်းပြပါတယ်။ Dr. Wong ဟာ မီးယပ်ကင်ဆာရောဂါများမှာ Minimally Invasive Surgery ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသူတစ်ဦးလည်းဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး။ ပုံမှန်ဗိုက်ခွဲတာနဲ့စာရင် MIS ခွဲစိတ်မှုဟာအမာရွတ်ခပ်သေးသေးကိုသာ ဖြစ်ပေါ်စေနိုင်မှာမို့အလှအပရေးရာအားသာချက်လည်းရှိနေပြန်ပါတယ်။
ဒါကြောင့်သမားရိုးကျနည်းလမ်းအတိုင်းဗိုက်ခွဲတာနဲ့နှိုင်းယှဉ်မယ်ဆိုရင် MIS ဟာပိုမကောင်းဘူးဆိုရင်တောင်မှတန်းတူတော့လိုက်မှာဖြစ်ပြီးကင်ဆာကျိတ်ရှိနေသူတွေမှာလည်းကင်ဆာကျိတ်ကိုပိုဆိုးသွားနိုင်တာမျိုးမရှိတဲ့အပြင်လျင်မြန်ချောမွေ့စွာနာလန်ထလာနိုင်စေမှာပဲ ဖြစ်ပါတယ်။
စက်ရုပ်အသုံးပြုပြီးခွဲစိတ်ခြင်း
MIS ခွဲစိတ်ကုသနည်းဟာတူခပ်ရှည်ရှည်နှစ်ချောင်းနဲ့ခွဲစိတ်ရသလိုမျိုးဖြစ်တဲ့အတွက်ဝမ်းဗိုက်အောက်ပိုင်းလိုနေရာကျဉ်းကျဉ်းမှာကျတော့လုပ်ရကိုင်ရတာအခက်အခဲလေးတွေရှိလာစေပါတယ်။ ဥပမာခဏခဏခွဲစိတ်မှုခံယူဖူးတဲ့လူနာတွေမှာဆိုရင် ခွဲစိတ်ကိရိယာတွေနဲ့အတွင်းပိုင်းအင်္ဂါအစိတ်အပိုင်းတွေကပ်ငြိဖို့အခွင့်အလမ်းပိုများတဲ့အတွက် MIS ခွဲစိတ်ကုသနည်းကိုအသုံးပြုဖို့ခက်ခဲစေပါတယ်။ ဒီနေရာမှာစက်ရုပ်တွေရဲ့အခန်းကဏ္ဍရောက်လာပါပြီ။
စက်ရုပ်မောင်းတံကိုအသုံးပြုခြင်းအားဖြင့်ကျဉ်းထဲကျပ်ထဲလှုပ်ရှားရတဲ့နေရာတွေမှာပိုမိုပြီးအဆင်ပြေပြေလှုပ်ရှားနိုင်သလိုရုပ်ပုံအရည်အသွေးမြင့်မားတဲ့သုံးဖက်မြင်ကင်မရာတွေကိုလည်းအသုံးပြုနိုင်တာကြောင့်လက်ဝင်တဲ့ခွဲစိတ်မှုမျိုးတွေအတွက်အင်မတန်သင့်လျော်ပါတယ်။
“စက်ရုပ်လက်တံဟာလူရဲ့လက်ကောက်ဝတ်လိုပဲအလုပ်လုပ်ပါတယ်။။ ဒါပေမယ့်အကွေးအဆန့်ပိုကောင်းမယ်၊ပိုအနုစိတ်မယ်၊တုန်တာယင်တာမျိုးလည်းရှိမှာမဟုတ်ဘူး။ ပြီးတော့ကင်မရာအကောင်းစားတွေကိုသုံးထားတာမို့ခွဲစိတ်နေတဲ့နေရာကိုရှင်းရှင်းလင်းလင်းမြင်ရမယ်။ ဒီတော့ခွဲတာစိတ်တာပိုတိကျပြီးရလဒ်လည်းပိုကောင်းတာပေါ့” လို့Dr Wong ကဆိုပါတယ်။
ဒါပေမယ့်စက်ရုပ်လက်တံအသုံးပြုခွဲစိတ်ခြင်းဟာ MIS ထက်အခါခပ်သိမ်းပိုကောင်းနေတာတော့မဟုတ်ဘူးလို့လည်းDr Wong ကဆက်ပြောပါသေးတယ်။
“တကယ်လို့ MIS ရောစက်ရုပ်လက်တံရောနှစ်မျိုးလုံးသုံးလို့အဆင်ပြေနိုင်တဲ့အခြေအနေမျိုးမှာဆိုရင် MIS ကိုပဲအသုံးပြုသင့်ပြီး MIS နဲ့မရနိုင်တဲ့အနေအထားမျိုးတွေမှာသာစက်ရုပ်လက်တံကိုရွေးသင့်ပါတယ်” လို့ရှင်းပြသွားတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။