ကိုယ်အလေးချိန်ဆိုတာမျိုးက တက်လွန်းလည်း မကောင်း၊ ကျလွန်းလည်း မကောင်းပါဘူး။ အစွန်းနှစ်ဖက် လွတ်ပြီး မိမိခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်အလေးချိန်ရှိတာကသာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ အများစုက ဝတာမကောင်းဘူး။ ပိန်တာကောင်းတယ်ဆိုပေမယ့် ပိန်လွန်း ရင်လည်း ဒီလိုကျန်းမာရေး ပြဿနာတွေ ကြုံရနိုင်ပါတယ်။
ပိန်လွန်း တယ်ဆိုတာ
ဝတယ် ပိန်တယ်ဆိုတာကို အတိအကျတိုင်းနိုင်တဲ့ ကိရိယာရယ်လို့ မရှိပါဘူး။ ခုခေတ်မှာတော့ BMI လို့ခေါ်တဲ့ အရပ်နဲ့ ကိုယ်အလေးချိန်ကို အချိုးချတွက်တဲ့ ပုံသေနည်းတစ်ခုရှိပေမယ့် ဒါကလည်း အတိအကျမှန်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကြမ်းဖျင်း ပိန်သလား၊ အဝလွန်နေသလားဆိုတာကိုတော့ ပြောနိုင်ပါတယ်။
BMI တွက်ကြည့်လိုက်လို့ ၁၈.၅အောက်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတယ်လို့ ပြောနိုင်ပါတယ်။ လူပုံစံကလည်း ပါးပါးလျပ်လျပ်နဲ့ အရိုးပေါ်အရေတင်လေး ဖြစ်နေတယ်ဆိုရင်တော့ ပိုသေချာတာပေါ့။
ဘာကြောင့် ပိန်လွန်း ရတာလဲ။
ပိန်တာကလည်း ဝတာလိုပဲ အကြောင်းရင်း အမျိုးမျိုးရှိပါတယ်။
- မိသားစုမျိုးရိုးကြောင့်
တချို့က မိဘတွေကိုယ်တိုင်က ပိန်တဲ့မျိုးရိုးဖြစ်နေတဲ့အတွက် သူတို့လည်း လိုက်ပိန်တာပါ။ ဝတဲ့ မိဘတွေက မွေးလာတဲ့ ကလေးတွေ ဝသလိုပါပဲ။
ဒါကတော့ တခြားသူတွေ အားကျရတဲ့ အခြေအနေပေါ့။ စားတာချင်း တူတူကိုတောင် သူတို့ရဲ့ Metabolism က မြန်နေတဲ့အတွက် ခဏလေးနဲ့ ခြေဖျက်ပြီးသား ဖြစ်သွားပါတယ်။
- ကိုယ်လက်လှုပ်ရှားမှု အလုပ်များတာ
ကိုယ်က ပိန်ပေမယ့် ဝလာမှာစိုးလို့ဆိုပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ မဝလာတဲ့အပြင် ရှိပြီးသား ကိုယ်အလေးချိန်ပါ ကျလာပါတော့တယ်။
- နာတာရှည်ရောဂါတစ်ခုခု ရှိနေတာ
အထူးသဖြင့်တော့ အာဟာရစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အူလမ်းကြောင်းရောဂါတွေ၊ အန်တာ၊ ဝမ်းလျှောတာတွေ၊ ကင်ဆာ၊ ဆီးချိုရောဂါ၊ သိုင်းရွိုက်ရောဂါ စတာတွေ ရှိနေရင်လည်း ကိုယ်အလေးချိန်တက်ဖို့ ခက်ပါတယ်။
- စိတ်ရောဂါ
စိတ်ရောဂါဆိုတဲ့နေရာမှာ စားချင်သောက်ချင်စိတ်ကို ထိခိုက်နိုင်တဲ့ စိတ်ကျတာ၊ စိုးရိမ်စိတ်များတာအပြင် စားသောက်မှုပုံစံ မူမမှန်တဲ့ ရောဂါတွေ ဖြစ်တိုင်း စားပြီးတိုင်း ဝမှာဆိုးလို့ လက်ထိုးပြီး အန်တာ၊ အစားရှောင်လွန်းတာ စတာတွေလည်း ပါပါတယ်။
ပိန်လွန်းတာကြောင့် ဒီပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ပိန်လွန်းတာက အလုံးစုံကောင်းနေတာတော့ မဟုတ်ပါဘူး။ သူကလည်း အဝလွန်တာလိုပဲ ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ကြုံရနိုင်ပါတယ်။ ဥပမာပြောရရင်
၂၀၁၆တုန်းက လုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ ပိန်လွန်းတဲ့ အမျိုးသမီးတွေက အရိုးပွပြီး ကျိုးနိုင်တဲ့ အန္တရာယ်ရှိပါတယ်တဲ့။
- အရေပြား၊ ဆံပင်နဲ့ သွားပြဿနာ
ပိန်လွန်းတဲ့သူတွေက အာဟာရလည်း ချို့တဲ့တတ်ပါတယ်။ ဒါကြောင့် အရေပြား ခြောက်သွေ့ကြမ်းတမ်းတာ၊ ဆံပင်တွေ ကျွတ်တာ၊ သွားဖုံးတွေရောင်တာ စတဲ့ ကျန်းမာရေးပြဿနာတွေ ရှိနိုင်ပါတယ်။
- အလွယ်တကူ ဖျားနာတာ
ပိန်လွန်းတဲ့အခါ အာဟာရလည်း မပြည့်ဝတဲ့အတွက် ကိုယ်ခံအားလည်း ကျနေတတ်ပါတယ်။ ဒါကြောင့် ပိုးဝင်လွယ်ကူသလို ရောဂါပိုးတွေကိုလည်း မတိုက်ထုတ်နိုင်ကြောင့် ဖျားနာလွယ်သလို ဖျားနာတဲ့ရက်လည်း ရှည်ပါတယ်။
- အမြဲတမ်း နုံးနေတာ
လူတစ်ယောက် အားနဲ့ အင်နဲ့ အလုပ်လုပ်နိုင်ဖို့ဆိုရင် စွမ်းအင်အပြည့်အဝ တစ်နည်းအားဖြင့် ကယ်လိုရီလုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ကယ်လိုရီ မပြည့်ဝတဲ့အခါ အားမရှိဘဲ အမြဲတမ်းနုံးနေသလို ခံစားရတတ်ပါတယ်။
ပိန်လွန်းတဲ့သူတွေက သွေးအားနည်းပြီး မူးတာ၊ ခေါင်းကိုက်တာ၊ နုံးတာတွေကို မကြာခဏ ခံစားရနိုင်ပါတယ်။
ပိန်လွန်းတဲ့ အမျိုးသမီးတွေက ရာသီမမှန်တာ၊ ထိမ်တာမျိုး ဖြစ်တတ်ပါတယ်။ ပျိုဖော်ဝင်ချိန်မှာလည်း ကိုယ်အလေးချိန် နည်းလွန်းနေရင် ရာသီလာတာနောက်ကျတတ်ပါတယ်။ ဒီလို ရာသီမမှန်တာက နောက်ပိုင်းမှာ ကလေးရဖို့ အခက်အခဲ ဖြစ်နိုင်ပါတယ်။
- လမစေ့ဘဲ မွေးတာ
An International Journal of Obstetrics & Gynaecology ရဲ့ အဆိုအရ ကိုယ်အလေးချိန်မပြည့်တဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အခါ နေ့မစေ့ လမစေ့ဘဲ မွေးနိုင်ခြေများပါတယ်။
- ပုညှက်ညှက်လေး ဖြစ်တာ
ကလေးအရွယ်၊ လူပျိုဖော် အပျိုဖော်ဝင်ချိန်မှာ အာဟာရပြည့်မှ အရပ်ရှည်မှာပါ။ တစ်နေ့တာအတွက် လုံလောက်တဲ့ ကယ်လိုရီအပြည့်အဝမရဘဲ ပိန်နေမယ်ဆိုရင် ကလေးက အရပ်မထွက်ဘဲ ပုညှက်ညှက်လေး ဖြစ်နေမှာပါ။
နောက်တစ်ခုက ပိန်လွန်းတာက တစ်ခုခု ထိခိုက်ဒဏ်ရာ၊ အနာတရ ဖြစ်ရင်လည်း သူများထက် ပိုခံရနိုင်ပါတယ်။ ကိုယ်ခံအားမကောင်း၊ အရိုးတွေ ပွနေနိုင်တဲ့အပြင် ပြန်ပြီး နာလန်ထူဖို့ အာဟာရချို့တဲ့နေတာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ပိန်ခြင်း၊ ဝခြင်း အစွန်းနှစ်ဖက်လုံးက မကောင်းပါဘူး။ ပိန်နေရင်ပဲဖြစ်ဖြစ်၊ ဝနေရင်ပဲဖြစ်ဖြစ် ကိုယ်နဲ့ သင့်တောာ်တဲ့ ကိုယ်အလေးချိန်ရအောင် ပြန်ညှိသင့်ပါတယ်။ အစားအသောက်၊ လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုသလို နဂိုရောဂါအခံတွေရှိနေရင်လည်း ကုသဖို့ လိုအပ်ပါတယ်။
[embed-health-tool-bmi]