backup og meta

New year resolutions တွေ ပျက်ပျက်ကုန်တာ ဘာကြောင့်လဲ။

New year resolutions တွေ ပျက်ပျက်ကုန်တာ ဘာကြောင့်လဲ။

နှစ်ကုန်ခါနီးပြီဆိုတော့ မနှစ်က ချမှတ်ထားတဲ့ New year resolutions တွေထဲမှာ ဘယ်နှခုများ ပြည့်မီခဲ့သလဲဆိုတာ စစ်ကြည့်ပြီးပြီလား။ ပြည့်တာတွေလည်း ရှိသလို မပြည့်တာတွေလည်း ရှိမှာပါ။ New year resolutions တွေအကုန် ပြည့်မီတဲ့သူဆိုတာ ရှားပါတယ်။ ၁နှစ်လုံးပုံမှန်လုပ်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာပဲကိုး။ ဒီနှစ်တင် New year resolutions မပြည့်တာ မဟုတ်ပါဘူး။ ရှေ့နှစ်တွေကလည်း ဒီလိုပဲမလား။ ဘာလို့များ New year resolutions တွေ ပျက်ပျက်ကုန်တာ လဲ။

New year resolutions တွေ ပျက်ပျက်ကုန်တာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။

ကိုယ်မှန်းထားတာတွေ ဖြစ်မြောက်အောင် မလုပ်နိုင်လို့ စိတ်ဓာတ်မကျပါနဲ့။ ဒါသင်တစ်ယောက်တည်း မဟုတ်ပါဘူး။

  • လေ့လာချက်တွေအရ ၉၂%သော သူတွေက သူတို့ရဲ့ New year resolutions တွေကို ဖြစ်အောင် မလုပ်နိုင်ကြပါဘူး။
  • နောက်ထပ်လေ့လာချက်အရတော့ ၈၀%သောသူတွေက ဖေဖော်ဝါရီ ဒုတိယပတ်မှာတင် သူတို့ရဲ့ နှစ်သစ်အစီအစဉ်တွေကို လက်လျှော့လိုက်ပါတယ်။
  • နောက်တစ်ခုမှာတော့ ၅၂%လောက်က သူတို့ရဲ့ New year planတွေကို စစချင်းမှာ တကယ်ဖြစ်နိုင်မယ်လို့ ယုံကြည်ကြပေမယ့် ဒီထဲက ၈၈%ကတော့ နောက်ဆုံးမှာ လက်လျှော့သွားပါတယ်တဲ့။
  • ၂၅%သော သူတွေက ဇန်နဝါရီ ပထပတ်မှာတင် သူတို့ နှစ်သစ်အစီအစဉ်တွေကို တာ့တာပြသွားကြပါတယ်။

ဒီတော့ ဘာမှစိတ်မညစ်ပါနဲ့။ သင်ပဲ ဖြစ်နေတာ မဟုတ်ပါဘူး။

New year resolutions တွေ ဘာကြောင့် ပျက်ကုန်ရတာလဲ။

နှစ်စမှာ plannerလေးနဲ့ ဘာလုပ်ချင်တယ်။ ဘာဖြစ်ရမယ် တေးထားပေမယ့် တကယ်တမ်းကျတော့ ဘာလို့ ပြီးတဲ့အထိ မလုပ်နိုင်ရတာလဲ။ ဒီအချက်တွေထဲက သင်နဲ့ ဘယ်နှချက်များ ကိုက်ညီနေသလဲဆိုတာ စစ်ဆေးကြည့်ရအောင်။

(၁) စိတ်မရှည်တာ

ခုလေ့ကျင့်ခန်းလုပ်မယ် ခုပိန်ရမယ်ဆိုတာမျိုးတော့ ဘယ်ရှိပါ့မလဲ။ ဒီလို စိတ်မရှည်ဘဲ ခုလုပ် ခုဖြစ်ချင်နေတော့ တစ်ပတ်လောက်နေတော့ မပြောင်းလဲတဲ့အခါ စိတ်တွေညစ်ပြီး ဆက်မလုပ်ဖြစ်တော့ဘူးပေါ့။ ဒီတော့ “အချိန်တိုအတွင်း မပြောင်းလဲနိုင်ဘူး။ စိတ်ရှည်ရမယ်” ဆိုတဲ့ အမှန်တရားကို သိထားဖို့ လိုပါတယ်။

(၂) မကြိုက်တာကို လုပ်နေရတာ

ပိန်ချင်လိုက်တာ၊ အစားမရှောင်ချင်ဘူး။ လှချင်တယ်၊ skin careရမှာ ပျင်းလိုက်တာဆိုတာမျိုး ကြုံဖူးမှာပါ။ ကိုယ်မကြိုက်တဲ့ အလုပ်ဆို ပိုပြီးတောင် မလုပ်ချင်သေး။ ဒါကြောင့် ကိုယ့်ရဲ့ အစီအစဉ်တွေကို ပျော်စရာကောင်းအောင် ပြင်ထားဖို့ လိုပါတယ်။ ဥပမာ အစားရှောင်မယ့်အစား ကယ်လိုရီသိပ်မတက်တဲ့ မုန့်လေးတွေ စားကြမယ်။ ဆိုင်အသစ်လေးတွေ ရှာကြမယ်ဆို မိုတီရမှာပါ။

(၃) ကိုယ့်ကိုယ်ကို ညှဉ်းဆဲလွန်းတာ

ငါပိန်မှရမယ် ဘာမှမစားဘူး။ ဘာနေနေ အဆာခံမယ်ဆိုပြီး ကိုယ့်ကိုယ်ကို တွန်းအားပေးလွန်းတဲ့အခါကျတော့ ကျန်းမာရေးတွေ ထိခိုက်၊ စိတ်တွေညစ်ပြီး ပလန်လေးလည်း ပက်လက်လန်သွားတာပေါ့။

(၄) အချိန်ဆွဲတာ

ငါအစားလျှော့မယ် ဒီနေ့တော့ စားလိုက်ဦးမယ်ဆိုတာမျိုးတွေ လုပ်ဖူးမှာပါ။ တကယ်က စိတ်မပြတ်လို့ပါ။ ပိန်ချင်တာမှန်ပေမယ့် အစားကလည်း မရှောင်ချင်၊ New year resolutions ဆိုတာကြီးကိုလည်း လုပ်ချင်တာဆိုတော့ လုပ်တော့လုပ်မယ်။ ဒီနေ့ မဟုတ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို လှည့်စားလိုက်ရော။ ဒီလိုနဲ့ ဇန်နဝါရီ ၁ရက်နေ့တည်းက ရွှေ့လိုက်တာ ဒီဇင်ဘာ ၃၁ရက်နေ့ထိ ရောက်သွားတာပါပဲ။

(၅) တိကျတဲ့ ရည်ရွယ်ချက်မရှိတာ

ဒီနှစ်မှာ ဘာသာစကား အသစ်တစ်ခုသင်မယ်လို့ ဆုံးဖြတ်တယ်။ ကိုရီးယားစာ သင်တယ်။ ခက်တယ်ဆိုပြီး တစ်လလောက်နေတော့ တရုတ်စာ ပြောင်းလေ့လာတယ်။ တော်ပါပြီ ဂျပန်ပဲ သွားတော့မယ်ဆိုပြီး နောက်တစ်ခုထပ်သင်တယ်။ ဒီတော့ နှစ်လည်းကုန်ရော ဟိုလိုလို ဒီလိုလိုတွေ ဖြစ်ကျန်ခဲ့တော့တာပါပဲ။

(၆) ပတ်ဝန်းကျင် အခြေအနေမပေးတာ

ပိန်ချင်ပေမယ့် ညနေဆို အိမ်အောက်ကနေ အကင်နဲ့တွေ ရနေတာ၊ Gymနဲ့ အိမ်နဲ့က ဝေးလွန်းတာ စတာတွေကလည်း ကိုယ့်ရဲ့ New year ပလန်တွေကို ပျက်စေတဲ့ တစ်စိတ်တစ်ပိုင်းသော အကြောင်းရင်းပါ။

(၇) ပျင်းတာ

အကြောင်းရင်းတော့ ရေရေရာရာ မရှိပါဘူး။ ပျင်းလို့ မလုပ်တာဆိုတာတွေကို အများကြီးကြုံဖူးပါတယ်။ Gymဖိုးတွေ သွင်းပြီး မိုးရွာလို့ နေပူလို့ မသွားတာ၊ ဟိုဟာ ဒီဟာဖြစ်တာ စသဖြင့် အကြောင်းမျိုးစုံပြပြီး ကိုယ့်ရဲ့ ပလန်တွေကို ဖျက်ဆီးနေမိတာပါ။ တကယ်က ဇွဲမရှိတာ၊ စိတ်အားထက်သန်မှု မရှိတာပါပဲ။

ဒီ(၇)ချက်ကြောင့် နှစ်တိုင်း ကိုယ့်ရဲ့ New year resolutions တွေ ပျက်ပျက်ကုန်တာပါ။ ကိုယ်နဲ့ တိုက်ဆိုင်တာတွေများ တွေ့သွားကြလား။

New year resolutions တွေ မပျက်စီးစေဖို့ ဘာတွေလုပ်ကြမလဲ။

ဒီတစ်ခါ New year ပလန်တွေ ဆွဲတဲ့အခါ ခုပြောမယ့်အချက်တွေကိုပါ ထည့်စဉ်းစားကြည့်ပါ။

  • အဖြစ်ချင်ဆုံးကိုပဲ လုပ်ပါ။ လောဘမကြီးပါနဲ့။

ဝိတ်လည်းကျချင်၊ အသားအရေကလည်း လှချင်၊ ဘာသာစကား အသစ်နှစ်ခုလောက်ကလည်း သင်ချင်၊ ဟိုဟာလည်း ဖြစ်ချင် ဒီဟာလည်း ဖြစ်ချင်ပြီး ဖြစ်ချင်သမျှကို ပလန်ထဲ ထည့်ဆွဲရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ်အဖြစ်ချင်ဆုံး ၂ခု၊ ၃ခုလောက်ကိုပဲ ရွေးပြီး ဇောက်ချလုပ်ပါ။ လောဘကြီးရင် အာရုံစိုက်မရဘဲ အားလုံးပျက်စီးသွားပါလိမ့်မယ်။

  • တိတိကျကျ အစီအစဉ်ဆွဲပါ။

ဝိတ်ချမယ်လို့ ဆုံးဖြတ်ပြီးရင် ဘယ်နှလအတွင်းမှာ ဘယ်နှပေါင်ချမယ်။ ဒီလိုချဖို့ အပြင်စာစားတာကို တစ်ပတ်ကို ဘယ်နှရက်ပဲ ခွင့်ပြုမယ်။ လေ့ကျင့်ခန်းကတော့ တစ်ပတ်ကို ဘယ်နှရက်လုပ်သင့်တယ်။ တစ်ခါလုပ်ရင် ဘယ်နှမိနစ်ကြာအောင် လုပ်မယ်။ Cardio ဘယ်နှရက်၊ ကြွက်သားတက်စေတာ ဘယ်နှရက်။ Gymမှာဆော့မှာလား၊ အိမ်မှာပဲလား။ Gymဆို ဘယ်Gymကို သွားမယ်။

ဘာသာစကား အသစ်သင်မယ်ဆိုရင်လည်း ဘယ်ဘာသာကို သင်မှာလဲ။ ဘယ်နှလအတွင်းမှာ အဆင့်ဘယ်လောက် တက်ရမလဲ။ ဘယ်သင်တန်းမှာ တက်မှာလဲ။

ဒီလိုမျိုး တိတိကျကျ ဆွဲနိုင်လေလေ ကိုယ့်ရဲ့ resolutionsက ပုံပေါ်လေလေ ပိုပြီး လုပ်နိုင်လေပါပဲ။ ဘာလုပ်ရမလဲဆိုတာ သိသွားပြီကိုး။

  • ကိုယ့်ကိုယ်ကို ပုံမှန်သုံးသပ်ပါ။

ဒါပြီးရင်တော့ ကိုယ်သတ်မှတ်ထားတဲ့ targetတွေ ပြည့်မပြည့်ကို ပုံမှန်လေး သုံးသပ်ပါ။ ဝိတ်ချနေတဲ့သူဆိုရင် ခဏခဏ မချိန်ဘဲ တစ်လနေရင်ချိန်မယ်။ ဘယ်နှပေါင်ကျရမယ်ဆိုတာမျိုး။ စာသင်နေတဲ့သူတွေဆိုရင်လည်း testလေးတွေ ဖြေကြည့်တာမျိုးပေါ့။

ဒီလိုစစ်ဆေးကြည့်ပြီးလို့ မပြည့်ဘူးဆိုရင် ဘာတွေ လွဲနေလဲဆိုတာ သုံးသပ်ပါ။ မပြည့်ဘူးဆိုတာနဲ့ လက်လျှော့ဖို့ မဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့ နည်းတွေ လွဲနေလား။ ဘယ်လိုပြန်ပြင်မလဲဆိုတာ စစ်ဆေးဖို့ပါပဲ။ ဥပမာ Gym ပျက်ရက်တွေ များနေလို့ ဝိတ်က ထင်သလောက် မကျဘူးဆိုရင် Gym မှန်မှန်ရောက်ဖို့ ဘာလုပ်ကြမလဲပေါ့။

  • ဖြည်းဖြည်းချင်းစပါ။

နေ့တိုင်း ပုံမှန်လုပ်ဖြစ်ဖို့ဆိုတာ အကျင့်လိုပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ပလန်မှာပျော်နေဖို့ လိုပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို စိတ်မညစ်ပါစေနဲ့။ ဒီအပတ်ထဲမှာ တစ်ရက်ကို ၁၀မိနစ် လေ့ကျင့်ခန်းလုပ်မယ်။ နောက်အပတ်ဆို ၁၅မိနစ် စသဖြင့် တိုးတိုးသွားပါ။ အစားရှောင်တဲ့သူဆိုရင်လည်း တန်းပြီး ရှောင်လိုက်တာမျိုး မဟုတ်ဘဲ နည်းနည်းစီ လျှော့စားသွားပါ။

  • စိတ်မာပါ။ ဇွဲရှိပါ။

ပျင်းတဲ့ရက်တွေ၊ cheat လုပ်ချင်တဲ့ ရက်တွေ ရှိမှာပါ။ တစ်နှစ်တာခရီးစဉ်ဖြစ်တဲ့အတွက် ဒီလိုပဲ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ အနားယူပါ။ ပြီးရင် ပြန်စပါ။ သိသာတဲ့ ရလဒ်မြင်ရဖို့ ဇွဲရှိပြီး ပုံမှန်လုပ်မှရမှာပါ။ ကောက်ရိုးမီးမလုပ်ပါနဲ့။

  • အပြောင်းအလဲဆိုတာလည်း အောင်မြင်ခြင်းပါပဲ။

တစ်ခါတလေ ကိုယ်လည်း ပုံမှန်လုပ်နေပါရက်နဲ့ သိသိသာသာ မတိုးတက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါက စိတ်ပျက်စရာ မဟုတ်ပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်မှ မတူတာပဲလေ။ အထူးသဖြင့် ကိုယ်ချသလောက် ဝိတ်မကျတဲ့အခါ စိတ်ဓာတ်ကျတတ်ပါတယ်။ ဆက်မလုပ်ချင်ဘူးဆိုပြီး တွေးတတ်ပါတယ်။

ဒါမျိုးဆို အကောင်းမြင်ပါ။ ဝိတ်မကျရင်တောင် ဒီကြားထဲမှာ သေသေချာချာ ရွေးပြီး စားတယ်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်တယ်ဆိုရင် အမြတ်ပါပဲ။ ဝိတ်မကျပေမယ့် ကျန်းမာတယ်လေ။ နောက်ပြီး ကိုယ့်စိတ်ကို ထိန်းနိုင်သွားပြီလေ။ မစားဘူးဆို မစားဘူး။ လုပ်မယ်ဆို ဖြစ်အောင် လုပ်မယ် စတဲ့ အကျင့်ကောင်းတွေလည်း ရသွားတာပဲ။ ကိုယ့်အတွက် အရှုံးမရှိပါဘူး။

ဒီနှစ်တော့ အောင်မြင်ပါစေ

New year resolutions တွေ ပျက်ပျက်ကုန်တာကို စိတ်ပျက်နေပြီဆိုရင် ကိုယ်ဘာတွေ လိုနေလဲ၊ ဘာတွေမှားနေလဲဆိုတာကို ပြန်စစ်ကြည့်ပါ။ ပြီးရင်တော့ မနှစ်ကလိုပဲ Planner လှလှလေး တစ်အုပ်ဝယ်ပြီး အစီအစဉ်လေးတွေ ချမှတ်လိုက်ပါတော့။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

American Psychological Association. Making your New Year’s resolution stick. Accessed Date Dec 6, 2022

Why Is It So Darn Hard to Keep New Year’s Resolutions? https://www.psychologytoday.com/us/blog/motivate/201512/why-is-it-so-darn-hard-keep-new-year-s-resolutions Accessed Date Dec 6, 2022

Statistic Brain Research Institute: New Year’s Resolution Statistics Accessed Date Dec 6, 2022

Hoffman, B. (2015). Motivation for Learning and Performance. San Diego, CA: Academic Press. Accessed Date Dec 6, 2022

How are habits formed: Modelling habit formation in the real world https://doi.org/10.1002/ejsp.674 Accessed Date Dec 6, 2022

ယခုပုံစံ

26/01/2024

Written by Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အင်တိုက်အားတိုက် ဝိတ်ချနေလျက်နဲ့ ဘာလို့ ဝိတ်မကျသေးတာလဲ

New Year’s goals တွေ ပျက်စီးသွားပြီလား၊ စိတ်မပူပါနဲ့


Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement