ဆောင်းတွင်းတို့ နွေဘက်တို့ဆို (နွေဘက်ကတော့ မီးဘေးကြောက်တော့ နည်းမယ်ထင်) ကွင်းပြင်ကြီးတွေ၊ ခြံကျယ်ကြီးတွေမှာ သစ်ရွက်ခြောက်တို့၊ အမှိုက်တို့ မီးပုံရှို့ကြတာကို တွေ့ဖူးမှာပါ။ အဲ့အနားဝန်းကျင်ကတော့ မီးခိုးတလူလူနဲ့ပေါ့။ အမှိုက်တွေကို မီးရှို့ခြင်း ရဲ့ နောက်ကွယ် မှာ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ဘာတွေဖြစ်နိုင်လဲဆိုတာကို သတိပြုမိဖို့ လိုပါတယ်။
အမှိုက်တွေကို မီးရှို့ခြင်း ရဲ့ နောက်ကွယ်
ရုတ်တရက် စဉ်းစားလိုက်ရင် အမှိုက်တွေကို မီးရှို့တာက လေထုညစ်ညမ်းမှုလောက်ပဲ ဖြစ်စေတယ်။ ရှူတဲ့သူတွေ နည်းနည်းပါးပါး မွှန်မယ်လို့ပဲ တွေးမိနိုင်ပေမယ့် တကယ့်လက်တွေ့မှာ ဒီထက်ပိုဆိုးပါတယ်။
ကျန်းမာရေးရှုထောင့်ကပဲ ကြည့်ရင်တောင် အမှိုက်တွေကို မီးရှို့တာက မွှန်ရုံပဲ မွှန်တာ မဟုတ်ပါဘူး။ ကိုယ်စားမယ့် အစားအသောက်တွေထဲမှာ ဒီအမှိုက်ရဲ့ နောက်ဆက်တွဲလေးတွေ ပါလာတယ်လို့ ပြောရင် ယုံကြမလား မသိ။
အမှိုက်တွေကို မီးရှို့တာက ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်သလဲ
- အသက်ရှူလမ်းကြောင်း ကျန်းမာရေး
အမှိုက်တွေကို မီးရှို့လိုက်လို့ ထွက်လာတဲ့ မီးခိုးငွေ့တွေထဲမှာ ဓာတုပစ္စည်းတွေ၊ အမှုန်တွေပါ တွဲပြီးပါလာပါတယ်။
ဒီလို အမှုန်တွေ၊ ဓာတုပစ္စည်းတွေကို ရှူမိတဲ့သူတွေမှာ မျက်ရည်ပူကျတာ၊ နှာမွှန်တာ၊ အသက်ရှူမဝတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါက သာမန်လက္ခဏာလေးတွေပါ။
နဂိုတည်းက နှလုံးရောဂါ၊ ပန်းနာရင်ကျပ်၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းရောဂါ ရှိတဲ့သူတွေဆို ပိုပြီး ခံစားရမှာပါ။ ဒါ့ပြင် အဆုတ်ပိုးဝင်တာ၊ နမိုးနီးယား၊ လေပြွန်ရောင်တာနဲ့ ဓာတ်မတည့်တာတွေကိုလည်း ပိုဆိုးစေနိုင်ပါတယ်။
- စားတဲ့အစားအစာတွေထဲမှာ ပါလာနိုင်ပါတယ်။
အမှိုက်တွေ အထူးသဖြင့် ပလတ်စတစ်တွေကို မီးရှို့တဲ့အခါ dioxinsတွေ၊ furansတွေ ပါလာပါတယ်။ ဒီဓာတုပစ္စည်းတွေက နီးစပ်ရာ အရွက်တွေရဲ့ မျက်နှာပြင်မှာ ကပ်ပြီး လူသားတွေရဲ့ အစာကွင်းဆက်ထဲကို ရောက်လာနိုင်ပါတယ်။
ဥပမာ ဒီအရွက်တွေကို တိုက်ရိုက်စားမိတာ ဒါမှမဟုတ် အရွက်တွေကို တိရိစ္ဆာန်တွေက စားမိမယ်ဆိုရင် ဒီအသားငါးတွေကို လူက စားမိတဲ့အခါ ခန္ဓာကိုယ်ထဲကို ဝင်လာနိုင်ပါတယ်။
- မြေထုနဲ့ ရေထုကို ညစ်ညမ်းစေတယ်။
အမှိုက်တွေကို မီးရှို့တဲ့အခါ အငွေ့တွေပဲ လေထဲရောက်ပြီး ပျောက်သွားတာ မဟုတ်ပါဘူး။ မီးရှို့ရာက ထွက်လာတဲ့ ဓာတုပစ္စည်းအကြွင်းအကျန်တွေက မြေထုကိုရောက်ရင် စိုက်ပျိုးမြေတွေ ပျက်စီးတာ၊ စားပင်တွေ စိုက်တဲ့အခါ ဓာတုပစ္စည်းတွေက စားပင်တွေထဲ ပါလာနိုင်တာ၊ ရေထဲကို ရောက်ရင် ငါးတွေဆီ ရောက်တာမျိုး ဖြစ်နိုင်ပါတယ်။
နောက်ဆုံးအဆုံးသတ်ကတော့ ဒါတွေကို စားတဲ့ လူတွေဆီပဲ ပြန်ရောက်လာပါတယ်။
လေ့လာချက်တွေအရ Dioxinsနဲ့ Furansတို့ ထိတွေ့မှုများတာက
- တချို့သော ကင်ဆာတွေ
- အသည်းပြဿနာတွေ
- ခုခံအားစနစ်၊ ဟော်မုန်းစနစ်၊ မျိုးပွားစနစ် ထိခိုက်မှုတွေ
- ကလေးတွေမှာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ တခြားသော ဖွံ့ဖြိုးမှုတွေအပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
အမှိုက်တွေကို အန္တရာယ်ကင်းကင်း ဘယ်လိုစွန့်ပစ်ကြမလဲ
အမှိုက်ထွက်နည်းစေဖို့နဲ့ အမှိုက်တွေကို အန္တရာယ်ကင်းကင်း စွန့်ပစ်နိုင်ဖို့ 3Rsကို လိုက်နာကြည့်ပါ။
- Reduce
အမှိုက်တွေ နည်းအောင် စတည်းက အမှိုက်တွေကို အိမ်မသယ်လာပါနဲ့။ ဥပမာ ကျွတ်ကျွတ်အိတ်တွေ လျှော့သုံးတာ၊ တစ်ခါသောက် ရေဗူးတွေ ခဏခဏ မဝယ်ဘဲ ရေဗူးဆောင်ထားတာမျိုးပေါ့။ တတ်နိုင်သမျှ ပြန်သုံးလို့ရမှာမျိုးတွေကို ဝယ်တာကလည်း နည်းလမ်းကောင်းပါပဲ။
- Reuse
ကိုယ်မသုံးဖြစ်တဲ့ ပစ္စည်းတွေ (ဥပမာ အဝတ်အစား၊ အိမ်သုံးပစ္စည်း)တွေကို တန်းမလွှင့်ပစ်ဘဲ ပြန်ရောင်းတာ၊ အသုံးတည့်မယ့်သူကို ပေးလိုက်တာတွေ လုပ်လို့ရပါတယ်။ ကိုယ်တိုင်လည်း ပစ္စည်းတွေကို ပြန်ပြုပြင်ပြီး သုံးတာကလည်း အမှိုက်အထွက်နည်းစေမှာပါ။
- Recycle
စာရွက်တွေကို အိတ်အနေနဲ့ ပြန်ခေါက်တာ၊ ပလတ်စတစ်ဗူးတွေကို အပင်စိုက်တာ၊ ပစ္စည်းထည့်တဲ့ဗူးအနေနဲ့ ပြန်သုံးတာ စတာတွေ ပြန်လုပ်လို့ ရပါတယ်။
- မြေဆွေးလုပ်တာ
ဒါကတော့ ပျက်စီးဆွေးမြေ့နိုင်တာတွေကို မြေဆွေးအဖြစ် ပြောင်းလိုက်တာပါ။ နေရာလည်းရှိမယ်၊ နည်းလည်းသိမယ်ဆိုရင် စမ်းကြည့်နိုင်ပါတယ်။
- စနစ်တကျ စွန့်ပစ်တာ
ဒါကတော့ အလွယ်ဆုံးပါပဲ။ နီးစပ်ရာအမှိုက်ပုံ ဒါမှမဟုတ် စည်ပင်ကားနဲ့ အမှိုက်တွေကို စနစ်တကျ ထည့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
ကိုယ်ပစ်လိုက်တဲ့ အမှိုက်တွေက ကိုယ့်ထမင်းဝိုင်းမှာ ပြန်ပါလာလိမ့်မယ်လို့ တွေးမိဖူးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အမှိုက်တွေကို မီးရှို့ခြင်း ရဲ့ နောက်ကွယ် မှာ တကယ်ထိခိုက်တာက ဂေဟစနစ်နဲ့ လူသားတွေပဲ ဖြစ်တာကြောင့် စနစ်တကျ စွန့်ပစ်ဖို့ တိုက်တွန်းချင်ပါတယ်။
[embed-health-tool-bmi]