backup og meta

ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

    ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ ထဲမှာ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ ဟော်မုန်းကို လျော့ကျစေနိုင်ခြင်းနဲ့ သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။ ဒါ့ပြင် ဆဲလ်တွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းမှုနဲ့ အောက်ဆီဂျင်ရောက်ရှိမှုကိုလည်း တိုးစေနိုင်ပါတယ်။

    ရယ်မောခြင်းက ကြွက်သားအုပ်စုတော်တော်များများအတွက် သဘာဝလေ့ကျင့်ခန်းတစ်ရပ်လည်း ဖြစ်ပါတယ်။ အဖျားရောဂါအချို့ကို ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ရောဂါတွေကို တိုက်ဖျက်ပေးနေတဲ့ ဆဲလ်တွေရဲ့ တုံ့ပြန်မှုကိုလည်း တိုးတက်စေနိုင်ပါတယ်။ ရယ်မောသူတွေက မှတ်ဉာဏ်စွမ်းရည်တိုးတက်သလို တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ကိုလည်း တိုးတက်စေနိုင်ပါတယ်။

    “ပိုပြီး ရယ်မောနိုင်ဖို့ကြိုးစားပါ။” သုတေသီအချို့က ရယ်မောခြင်းက အကောင်းဆုံးသောဆေးဝါးတစ်ရပ်လို့ သတ်မှတ်ထားကြသလို ရယ်မောခြင်းက ခံစားချက်ကို ပိုမိုကောင်းမွန်စေပါတယ်လို့ လက်ခံယုံကြည်ထားကြပါတယ်။ ရယ်လိုက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပြောင်းလဲသွားပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်က ကြွက်သားတွေကို ဆွဲဆန့်လိုက်သလိုဖြစ်သွားပြီး သွေးဖိအားနဲ့ သွေးခုန်နှုန်းကိုလည်း ကောင်းမွန်စေပါတယ်။ အသက်ရှူနှုန်းပိုမြန်လာပြီး ကိုယ်တွင်း တစ်ရှူးတွေဆီကို အောက်ဆီဂျင်တွေ ပိုမိုရောက်ရှိစေပါတယ်။

    ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

    ရယ်မောခြင်းက လူသားအားလုံးအတွက် ဆေးတစ်လက်ပါ။ ရယ်မောခြင်းက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ဟော်မုန်းတွေကို ကျဆင်းစေပြီး၊ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေသလို၊ ဖန်တီးနိုင်စွမ်းကိုလည်း မြင့်တက်စေတဲ့အပြင် အကျိုးကျေးဇူးတော်တော်များများကိုလည်း ရရှိစေနိုင်ပါတယ်။ ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ ကတော့

    • စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေခြင်း

    ရယ်မောခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ဟော်မုန်းတွေထဲက ဓာတုပစ္စည်းတွေကို အချို့သောအခြေအနေမျိုးမှာ ခန္ဓာကိုယ်အတွက် လိုအပ်ပါတယ်။ ဒါပေမဲ့ အသုံးပြုစရာမရှိဘဲ ပမာဏအရမ်းများလာတဲ့အခါမျိုးမှာတော့ ကိုယ်တွင်းမှာ ဟော်မုန်းမညီမျှမှုကို ဖြစ်စေပြီး အပြုအမူပိုင်းဆိုင်ရာတွေမှာ ထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။

    အဆိုပါဟော်မုန်းတွေကို immunosuppressant hormoneတွေလို့ ခေါ်ပြီး ကိုယ်ခံအားစနစ်အတွက်လည်း အန္တရာယ်ရှိပါတယ်။ အဆိုပါ ဟော်မုန်းပမာဏလျော့ကျဖို့ဆိုရင် ရယ်မောဖို့လိုအပ်ပါတယ်။ ရယ်မောတာက ကျန်းမာရေးကောင်းစေသလို အကျိုးလည်းရှိစေပါတယ်။

    • ကျန်းမာရေးကောင်းစေတဲ့ ဟော်မုန်းတွေကို တိုးစေနိုင်ခြင်း

    ရယ်မောခြင်းကြောင့် ခန္ဓာကိုယ်တွင်းက endorphins လိုမျိုး အကျိုးပြုဟော်မုန်းအရေအတွက်ကို တိုးစေပါတယ်။ ကိုယ်တွင်းမှာ endorphins တိုးလာတာက နာကျင်မှုကို လျော့ပါးသက်သာစေနိုင်သလို နာကျင်မှုဆီကနေ အာရုံလျော့စေပါတယ်။

    Endorphinsဟော်မုန်းက ဘေးထွက်ဆိုးကျိုးမရှိဘဲ နာကျင်မှုတွေကို သက်သာစေပါတယ်။ Neurotransmitterတွေ တိုးလာတာကလည်း ဦးနှောက်က လုပ်ငန်းဆောင်တာတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်လာနိုင်ပြီး ပိုမိုလျင်မြန်စွာ ချိတ်ဆက်လာနိုင်တာကြောင့်  တွေ့ကြုံနေရတဲ့ အခြေအနေတွေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းလည်း တိုးလာသလို ပိုပြီးလည်း လျင်လျင်မြန်မြန်ဖြေရှင်းလာနိုင်ပါတယ်။

    • ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း

    ရယ်မောခြင်းက ကျန်းမာစေပါတယ်။ လေ့လာမှုတွေအရ ရယ်မောခြင်းက ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုကတဆင့် ခန္ဓာကိုယ်ရဲ့ ဓာတုဖြစ်စဉ်တွေကို ပြောင်းလဲစေပြီး antibody တွေကို ပိုမိုလျင်မြန်တဲ့နှုန်းနဲ့ ဖွံ့ဖြိုးလာစေဖို့ လှုံ့ဆော်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ Antibody တွေတိုးလာတယ်ဆိုတာက ဖျားနာမှုတွေကို တိုက်ဖျက်ပေးနိုင်သလို ကူးစက်ရောဂါတွေ အလွယ်တကူ ကူးစက် မခံရအောင်လည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

    • သဘာဝလေ့ကျင့်ခန်းတစ်ရပ်ပါ။

    ရယ်မောတာက ခန္ဓာကိုယ်တွင်းမှာ ထိရောက်မှုရှိစေရုံမက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကြွက်သားအုပ်စုအမျိုးမျိုးအတွက် လေ့ကျင့်လုပ်ဆောင်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ရယ်မောနေတဲ့အချိန်မှာ ခိုးခိုးခစ်ခစ်ပဲ ရယ်ရယ် ၊ တဟားဟားပဲရယ်ရယ် ရယ်မောတဲ့ လှုပ်ရှားမှုအတွက် ကြွက်သားတွေက လှုပ်ရှားရပါတယ်။

    ရယ်မောနေစဉ်အတွင်း ရင်ဝမ်းခြားကြွက်သားနဲ့ ဝမ်းဗိုက်ကြွက်သားစနစ်တွေက ကျုံ့ လိုက်ဆန့်လိုက်လုပ်ရတာကြောင့် သဘာဝလေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်။ မျက်နှာကြွက်သားတွေအတွက်လည်း လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားပါတယ်။ ရယ်မောတဲ့ ပုံစံပေါ်မှာ မူတည်ပြီး ရယ်မောခြင်းက ခြေထောက်၊နောက်ကျော၊ ပခုံးနဲ့ လက်မောင်းကြွက်သားတွေအပေါ်မှာပါ သက်ရောက်မှုရှိစေပါတယ်။

    • ကင်ဆာ ကာကွယ်ပေးနိုင်ခြင်း

    ရယ်မောခြင်းက ခန္ဓာကိုယ်တွင်းက IFN (Interferon-gamma) ပမာဏကို တိုးစေပြီး ကင်ဆာရောဂါတွေကို တိုက်ထုတ်ပေးနိုင် ပါတယ်။ IFN က B ဆဲလ်၊ T ဆဲလ်၊ NK ဆဲလ်တွေနဲ့ immunoglobulinတွေကို လှုံ့ဆော်ပေးပါတယ်။ ဆဲလ်တွေကြီးထွားဖို့အတွက်လည်း လုပ်ဆောင်ပေးပါတယ်။ ဒီဒြပ်ပေါင်းတွေက ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။ နေ့စဉ်ရယ်မောခြင်းက ကျန်းမာစေပါတယ်။

    • သွေးဖိအားကို ထိန်းညှိပေးခြင်း

    သွေးတိုးနေသူတွေအနေနဲ့ ရယ်မောကြည့်လိုက်ပါ။ သွေးပေါင်ချိန်ကျသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ လေ့လာမှုတွေအရ အရယ်အမောကင်းမဲ့တာက သွေးဖိအားကို တိုးစေပြီး ရယ်မောခြင်းက သွေးလည်ပတ်မှု ကောင်းစေတာကြောင့် သွေးတိုးကျဆင်းသွားတာဖြစ်ပါတယ်။ သွေးဖိအားမြင့်တက်တာက နှလုံးရောဂါတွေကို ဖြစ်စေနိုင်သလို နှလုံးဆိုင်ရာရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

    • သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုးစေနိုင်ခြင်း

    ရယ်မောတာက အသက်ရှူနှုန်းကိုမြန်စေပြီး အသက်ရှူစနစ်ကို ခပ်မြန်မြန်အလုပ်လုပ်စေတာကြောင့် နှလုံးခုန်နှုန်းကို ခဏတာမျှမြန်လာစေပြီး ဦးနှောက်ဆီကို သွေးစီးဆင်းမှုပမာဏ  တိုးတက်စေပါတယ်။ ဦးနှောက်အတွင်းမှာ အောက်ဆီဂျင်ပမာဏတိုးလာတာက ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။

    • မှတ်ဉာဏ်ကောင်းစေနိုင်ခြင်း

    ရယ်မောတာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေနိုင်သလို မှတ်ဉာဏ်ကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။

    • စိတ်ခံစားမှုကောင်းစေနိုင်ခြင်း

    လေ့လာမှုတွေအရ ရယ်မာခြင်း (သို့) ပြုံးခြင်းက စိတ်ခံစားမှုကိုတိုးတက်စေပြီး ပျော်ရွှင်မှုတွေကိုလည်း တိုးပွားစေပါတယ်။ ရယ်မောခြင်းက နာကျင်မှုတွေကိုတောင် လျော့ပါးစေနိုင်တာကြောင့် စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေပါတယ်။ ရယ်စရာတစ်ခုခုကြောင့် ရယ်တာမျိုးမဟုတ်ဘဲ အကြောင်းမဲ့ သက်သက်ရယ်မောခြင်းကတောင် စိတ်ခံစားမှုကိုတိုးတက်စေနိုင်ပါတယ်။

    • ဖန်တီးနိုင်စွမ်းကို တိုးတက်စေနိုင်ခြင်း

    ရယ်မောခြင်းက ခန္ဓာကိုယ်ရဲ့ ဓာတုလုပ်ငန်းစဉ်တွေအပေါ်မှာ တော်တော်ကို သက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကျဆင်းမှုနဲ့ endorphins ဟော်မုန်းတိုးတက်မှု အနေအထားနှစ်ရပ် ပေါင်းစပ်လိုက်တဲ့အခါ သွေးတွင်းနဲ့ ဦးနှောက်အတွင်းမှာ အောက်ဆီဂျင်ပမာဏတိုးလာပြီး ဖန်တီးနိုင်စွမ်းလည်းကောင်းလာပါတယ်။

    ရယ်မောခြင်းရဲ့ဆိုးကျိုးများ

    ရယ်မောခြင်းရဲ့ ဆိုးကျိုးက မရှိသလောက်ပါပဲ။ ကြံဖန်ပြီး ပြောရရင်

    ကြွက်သားတွေ နာကျင်ညောင်းညာစေခြင်း

    အချိန်အကြာကြီး ပင်ပင်ပန်းပန်းရယ်လိုက်ရတဲ့ အခါမျိုးမှာ ဝမ်းဗိုက်ကြွက်သားတွေနာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ ရယ်မောပြီးနောက် ခဏကြာတဲ့အထိ နာကျင်နေနိုင်ပါတယ်။ အချိန်အကြာကြီးနာတာတော့ မဟုတ်ပါဘူး။ ရယ်မောခြင်းက အကျိုးရှိတဲ့လေ့ကျင့်ခန်းတစ်ရပ်ပါ။

    နှလုံးရောဂါအခံရှိသူတွေနဲ့ ခွဲစိတ်ကုသမှုခံယူထားသူတွေမရယ်သင့်ပါဘူး။

    ပြင်းထန်တဲ့ နှလုံးရောဂါရှိသူတွေမှာ ရယ်မောတဲ့အချိန်မှာ ယာယီသွေးပေါင်ချိန်မြင့်တက်မှုက အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာမျိုးကလွဲလို့ ရယ်မောခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားတွေမတွေ့ရပါဘူး။ ဝမ်းဗိုက်မှာ ခွဲစိတ်ကုသမှုခံယူထားသူတွေအနေနဲ့လည်း ရယ်မောတဲ့အခါ ခွဲစိတ်ထားတဲ့ ချုပ်ရိုးကို ခွဲစေနိုင်တာကြောင့် အားရပါးရမရယ်သင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement