backup og meta

စိတ်ကျဝေဒနာခံစားနေရတဲ့ မိဘတွေကို ဘယ်လိုကူညီပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျဝေဒနာခံစားနေရတဲ့ မိဘတွေကို ဘယ်လိုကူညီပေးမလဲ

    အထီးကျန်ခြင်းနဲ့ စိတ်ကျဝေဒနာဟာ လူငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှုာ သက်ရောက်မှုချင်း ကွာခြားပါတယ်။ အသက်ကြီးသူတွေမှာ စိတ်ကျဝေဒနာဟာ ကျန်းမာရေးပြဿနာတွေရှိလာတာ၊ လုပ်ဆောင်နိုင်စွမ်းနည်းလာတာတွေနဲ့အတူ ခံစားလာရတတ်ပြီး လက္ခဏာ တာရှည်တတ်ပါတယ်။

    လူကြီးမိဘတွေမှာ စိတ်ဓာတ်ကျခြင်းကြောင့် လုပ်ဆောင်နိုင်စွမ်းတွေလျော့ကျလာစေနိုင်ပြီး ရှိရင်းစွဲရောဂါတွေကိုပိုဆိုးစေပြီး အသက်ဆုံးရှုံးရနိုင်တဲ့အန္တရာယ်ကို တိုးစေနိုင်တယ်လို့လေ့လာတွေ့ရှိချက်ကတွေကဖော်ပြကြပါတယ်။ လူကြီးတွေမှာ စိတ်ဓာတ်ကျခြင်းကို ဂရုတစိုက် မကုသပေးနိုင်ရင် ရုတ်တရက်နှလုံးဖောက်ခြင်းဖြစ်လာရာကနေ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်ပါတယ်။

    မိဘတွေဟာ အသက်ကြီးလာတာနဲ့အမျှမောင်နှမသားချင်း၊ဇနီး/ခင်ပွန်း ကွယ်လွန်သွားလို့၊ ဒါမှမဟုတ် အလုပ်ကနေအငြိမ်းစားယူ လိုက်ရလို့၊ အိုးအိမ်နေရာပြောင်းရွှေ့လိုက်ရလို့ စသည်ဖြင့် လူမှုဘဝမှာဆုံးရှုံးမှုတွေကြုံလာရပါတယ်။ ဒီလိုအပြောင်းအလဲတွေရယ်၊ အသက်ကြီးသူတွေက အရာရာနှေးကွေးကျဆင်းလာတယ်ဆိုတဲ့အချက်ရယ်ကြောင့် သူတို့မှာဖြစ်လာတဲ့ စိတ်ကျဝေဒနာလက္ခဏာတွေကိုဘေးလူတွေက သတိမထားမိလိုက်ဘဲ ရှိတတ်ပါတယ်။

    ကိုယ်ချစ်ခင်ရတဲ့မိဘတွေမှာ စိတ်ကျရောဂါလက္ခဏာတွေရှိမရှိ စောစောသိထားမှသာလျှင် ရေရှည်မခံစားရမီ ထိန်းသိမ်းကူညီနိုင်မှာပါ။ တွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့ –

    • ပုံမှန်မဟုတ်ဘဲ မောပန်းအားကုန်ခြင်း
    • ကြိုက်နှစ်သက်လေ့ရှိတဲ့ အလုပ်တွေကို စိတ်မဝင်စားတော့ခြင်း
    • လူမှုရေးကိစ္စတွေကိုရှောင်ဖယ်နေခြင်း
    • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း
    • အိပ်စက်ပုံအမူအကျင့်တွေပြောင်းလဲလာခြင်း (ပိုအိပ်လာတာ သို့မဟုတ် အိပ်မရတော့တာ)
    • လူပိုတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်မြင်လာခြင်း
    • အဆုံးစီရင်မယ့်အတွေးတွေ၊ ကြိုးပမ်းတာတွေရှိလာခြင်း

    စိတ်ဓာတ်ကျလာစေတဲ့အကြောင်းရင်းတွေကဘာလဲ

    • ရှိနှင့်ပြီးသား စိတ်ကျဝေဒနာ – သင့်မိဘက သူ့ရဲ့ဘဝမှာထောင့်ပေါင်းစုံကစိတ်ဓာတ်ကျစရာတွေကြုံလာခဲ့ရဖူးသူဖြစ်ရင် သူအသက်ကြီးရင့်လာတဲ့အခါရောဂါဟောင်းပြန်ပေါ်တတ်ပါတယ်။ နဂိုတည်းက ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့အဆိုးမြင်စိတ်ကို ပြုပြင်နိုင်စွမ်း အားနည်းလို့ စိတ်ကျဝေဒနာကို မကုသနိုင်ခဲ့တဲ့သူတွေဟာ အသက်ကြီးရင့်လာချိန်မှာ စိတ်ကိုပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ ပိုခက်ခဲ နိုင်ပါတယ်။
    • ရှိနှင့်ပြီးသား စိုးရိမ်ပူပန်စိတ် – ပူပင်သောကများတဲ့ အတိတ်ရှိခဲ့သူတွေဟာ အသက်ကြီးလာတဲ့အခါ ပိုကြောက်တတ်လာပါတယ်။နောက်ဆုံးတော့ စိုးရိမ်စိတ်ကြောင့် ဟိုကြောက်ဒီကြောက်နဲ့ တစ်ဦးတည်းသီးခြားဖြစ်ပြီးအထီးကျန်လာရပါတယ်။ လူကြီးမိဘတွေ အိမ်တွင်းအောင်းနေတာများလာပြီး မိတ်ဆွေတွေ၊ သာရေးနာရေးကိစ္စတွေကိုရှောင်နေပြီဆိုရင် သတိထားပါ။ စိတ်ကျဝေဒနာဖြစ်လာနိုင်ပါတယ်။
    • ကုန်ဆုံးခဲ့တဲ့ဘဝကို ပြန်သုံးသပ်ဆင်ခြင်ဖို့ အခက်အခဲရှိနေခြင်း – ကျန်းမာပျော်ရွှင်စွာအသက်ကြီးခြင်းရဲ့လျှို့ဝှက်ချက်က ကိုယ့်ဘဝကိုယ်ပြန်လည်သုံးသပ်ဖို့၊ အကောင်းမြင်စိတ်နဲ့ဂုဏ်ယူဖို့ ၊ခွင့်လွှတ်စိတ်မွေးဖို့၊ တခြားသူတွေအပေါ် အာဃာတမထားတော့ဖို့ ဖြစ်ပါတယ်။ တချို့မှာတော့ ကိုယ့်ဘဝကိုပြန်လည်သုံးသပ်ဖို့ အခက်အခဲရှိနေတတ်ပါတယ်။ ဥပမာ-မွေးချင်းညီအစ်ကိုမောင်နှမ တစ်ဦးဦးအပေါ် မကျေနပ်မှုကမပြီးမစီးနိုင်သေးဘဲ၊ဒေါသဖြစ်နေဆဲ၊ အာဃာတဆက်ထားနေဆဲ ခံစားနေရနိုင်ပါတယ်။ မပြီးမစီးနိုင်တဲ့ ဒီစိတ်ကြောင့်ပဲ စိတ်ပိုင်းဆိုင်ရာ အဆိပ်အတောက်ဖြစ်စေကာပျော်ရွှင်နိုင်စွမ်းနဲ့အေးချမ်းနိုင်စွမ်းတို့မှာ အတားအဆီးဖြစ်စေ ပါတယ်။
    • အသိမိတ်ဆွေတွေနဲ့မိသားစုဝင်တွေဆုံးပါးသွားခြင်း – ရွယ်တူတန်းတူမိတ်ဆွေသူငယ်ချင်းတွေ တစ်ဦးပြီးတစ်ဦး ဆုံးပါးသွားကြတာနဲ့ပဲ ဝမ်းနည်းအားငယ်စိတ်နဲ့လောကကြီးကနေပျော်စရာမကောင်းတော့ဘူးလို့တွေးမြင်လာတတ်ပါတယ်။ ဇနီး သို့မဟုတ် ခင်ပွန်းဆုံးရှုံးရခြင်းကလည်း ကြီးမားတဲ့ စိတ်ဒဏ်ရာဖြစ်ပြီး သူမရှိရင် ဘယ်လိုနေပါ့မလဲအတွေးနဲ့တင် စိတ်ဓာတ်ကျလာစေပါတယ်။
    • စွမ်းဆောင်ရည်ကျဆင်းခြင်း –ကိုယ်အရင်ကလုပ်ခဲ့ဖူးတဲ့အလုပ်တွေကို လုပ်ဆောင်နိုင်စွမ်းမရှိတော့ဘူးလို့ သိလာတဲ့အခါ စိတ်ရှုပ်လာပြီးကြောက်စိတ်ဝင်လာပါတယ်။ ဘဝကအချိန်ကုန်ဖို့ နီးနီးလေးကျန်တော့တယ်ဆိုတဲ့ အတွေးကလည်း နှိပ်စက်လာပါတယ်။ အတော်များများက သူများအကူအညီယူနေတာထက် လွတ်လပ်စွာနေထိုင်ဖို့ဘက်ရွေးချယ်သွားကြပေမယ့် တချို့မျာတော့ စွမ်းဆောင်ရည်ကျဆင်းမှုကနေ အထီးကျန်ဖြစ်လာပြီး အသုံးမကျတော့သလိုလို စိတ်ဓာတ်ကျလာတတ်ပါတယ်။

    ဒါတွေအပြင်ရောဂါဝေဒနာတွေခံစားနေရတဲ့ လူကြီးမိဘတွေမှာလည်း ကျန်းမာရေးကြောင့် စိတ်ပျက်အားငယ်ကာ အထီးကျန်စိတ် ခံစားလာလေ့ရှိတာကြောင့် လက္ခဏာတွေကို ဂရုစိုက်လေ့လာပြီးအားပေးကူညီသင့်ပါတယ်။

    စိတ်ဓါတ်ကျနေတဲ့ ကိုယ့်မိဘကို ဘယ်လိုကူညီအားပေးမလဲ

    • မိဘတွေရဲ့လွတ်လပ်ခွင့်ကိုတန်ဖိုးထားပါ။ လိုက်ချုပ်ချယ်ဖို့မကြိုးစားပါနဲ့။
    • စိတ်ကျရောဂါအကြောင်းကိုလေ့လာပါ။ ကိုယ့်မိဘတွေ ပိန်သွားတာ၊ ညအိပ်မပျော်တာ၊မျှော်လင့်ချက်မဲ့သလိုဖြစ်နေတာ၊ အပြုအမုူတွေပြောင်းလဲလာတာ၊ အချိန်တိုင်းလိုလိုအားနည်းနွမ်းလျနေတာတွေဟာ စိတ်ကျဝေဒနာလက္ခဏာတွေ ဆိုတာသတိထားမိလာပါလိမ့်မယ်။
    • စကားပြောပေးပါ။ မိဘတွေနဲ့စကားစမြည်ပြောကြတဲ့အခါ စိတ်ကျရောဂါအကြောင်းထည့်မပြောဖို့တော့သတိပြုပါ။ စိတ်ပူတဲ့၊ ဂရုစိုက်တဲ့အကြောင်းကစပြောပြီး သူတို့က ဘယ်လောက်အရေးပါကြောင်း၊ပျော်ရွှင်နေတာမြင်လိုကြောင်းပြောပြပါ။ ဘာတွေခံစားနေရသလဲ၊ သူတို့ရဲ့အပြောင်းအလဲတွေအကြောင်းမေးကြည့်ပါ။နေလို့မပျော်တော့တဲ့အကြောင်းပြောလာခဲ့ရင်တော့ ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီး အကြံပြုချက်ရယူပါ။
    • မိဘတွေနဲ့ အချိန်ကုန်ဆုံးပေးပါ။ မိဘတွေကပေါ်ပေါ်တင်တင် မဖော်ပြခဲ့ရင်တောင် သင့်ကိုသိပ်ချစ်ကြမှာပါ။ ကိုယ်ကလည်း မိဘတွေကိုချစ်တဲ့အကြောင်းပြသပေးပြီး အတူအချိန်ကုန်ဆုံးပေးပါ။ ဟင်းအတူချက်တာမျိုး၊ ဖဲချပ်ကစားတာမျိုး၊ တီဗီကြည့်ရင်း အတူစားသောက်ကြတာမျိုး၊ အတူလမ်းထွက်လျှောက်တာမျိုးပျော်စရာကောင်းတာတွေ ဖန်တီးနိုင်ပါတယ်။
    • မိဘတွေကို အပြင်ခေါ်သွားပါ။ သဘာဝတရား၊နေရောင်ခြည်နဲ့လေကောင်းလေသန့်တို့က သူတို့ကို စိတ်ပေါ့ပါး အပန်းပြေစေပြီး လမ်းလျောက်ထွက်ခြင်းကလည်း စိတ်ဖိစီးမှုလျော့ပါးစေပါတယ်။
    • မိဘတွေကို ချစ်ခင်ကြောင်းပြပေးပါ။ တခါတရံမှာ စိတ်ဓါတ်ကျနေသူတွေဟာ သူတို့ကိုဘယ်သူမှမချစ်တော့၊ မလိုချင်တော့ဘူးလို့တွေးထင်လာတတ်ကြတာကြောင့် အပြုသဘောအတွေးတွေမွေးမြူပေးလိုက်ပါ။ မိဘတွေကို တရင်းတနှီးပွေ့ဖက်ပြီး ဖက်လှဲတကင်းနေပေးပါ။ အချစ်မခံရရင် အထီးကျန်စိတ်နဲ့ စိတ်ဓါတ်ကျခြင်း ပိုဆိုးရွားလာနိုင်ပါတယ်။ အပြည့်အဝဂရုစိုက် ချစ်ခင်ခြင်းခံရတဲ့ လူကြီးမိဘတွေဟာ ပိုပျော်ရွှင်ပြီး ပိုကျန်းမာကြပါတယ်။
    • စိတ်ကျဝေဒနာခံစားနေရတဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်နိုင်တော့သလို လုပ်နေကျ အလုပ်တွေကိုလည်း စိတ်ကုန်နေတတ်ပါတယ်။ ကိုယ့်မိဘ လုပ်နေကျအလုပ်တွေကို ကူလုပ်ပေးဖို့ကြိုးစားပါ။
    • နောက်ဆုံးအချက်ကတော့ သူတို့ကိုယ်တိုင်လုပ်လို့ရနေတဲ့ကိစ္စတွေမှာ ကိုယ်တိုင်ပဲလုပ်ပါစေ။ – ဥပမာ- အင်္ကျီလဲတာ၊ရေချိုးတာ၊ သနပ်ခါးလူးတာ၊ လိုမျိုူး အသေးအဖွဲလေးတွေမှာ ဝင်မလုပ်ပေးပါနဲ့။ ဝင်လုပ်ပေးတာက အကူအညီဖြစ်စေတယ်ဆိုပေမယ့် သူတို့မှာ ဘာမှလုပ်နိုင်စွမ်းမရှိတော့ပါဘူးလို့ အတွေးဝင်လာနိုင်ပါတယ်။
    • စိတ်ပျော်ရွှင်ရခြင်းနဲ့ သားသမီးတွေရဲ့ချစ်ခင်ဂရုစိုက်ခံရခြင်းက အကောင်းဆုံးဆေးတစ်ခွက်ဖြစ်တာကြောင့် မိဘတွေကို စိတ်ဖိစီးမှု မရှိအောင် ကြိုးစားထားရှိပေးရုံနဲ့ဝေဒနာလျော့ပါးစေမှာသေချာပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement