home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ဘာကွာသလဲ

ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ဘာကွာသလဲ

ဒီ နှစ်ကောင်စလုံးက လူတွေကိုကူးစက်ရောဂါဖြစ်စေနိုင်စွမ်းရှိပါတယ်။ အဓိက ကွာတဲ့အချက်က ဘက်တီးရီးယားပိုးတွေကို ပိုးသတ်ဆေးတွေသောက်ပြီး နှိမ်နင်းနိုင်ပေမဲ့ ဗိုင်းရပ်စ်ပိုးတွေကို ဒီလိုသတ်ပစ်လို့မရပါဘူး။ နောက်ပြီး ဗိုင်းရပ်စ်နဲ့ ဘက်တီးရီယားတွေမှာ တခြားကွာခြားချက်တွေလည်းရှိပါသေးတယ်။

ပထမဦးဆုံးပြောရရင် သူတို့ နှစ်ကောင်က တည်ဆောက်ပုံကစပြီး ကွဲပြားပါတယ်။ ဘက်တီးရီးယားတွေက ဆဲလ်တစ်လုံးတည်းပါတဲ့၊ မျက်စိနဲ့မမြင်နိုင်တဲ့အဏုဇီဝပိုးကောင်တွေဖြစ်ပြီး မျိုးစိတ်အတော်များများမှာ အပြင်ဖက်အခွံလွှာအမာတစ်ခုနဲ့ဖုံးအုပ်ထားပါတယ်။ ဘက်တီးရီးယားတွေက ဘယ်သူ့ကိုမှမမှီခိုဘဲ အသက်ရှင်နိုင်သလို မျိုးလည်းပွားနိုင်ပါတယ်၊ နောက်ပြီး ပတ်ဝန်းကျင်မျိုးစုံမှာလည်း နေထိုင်နိုင်ပါသေးတယ်။

တချို့ဘက်တီးရီးယားမျိုးစိတ်တွေဆို အရမ်းပူ၊ အရမ်းအေးတဲ့နေရာတွေမှာတောင် ရှင်သန်နိုင်တာတွေ့ရပါတယ်။ နေတဲ့နေရာစုံတဲ့အတွက် နေရာမျိုးစုံမှာတွေ့နိုင်ပါတယ်။ ကျွန်တော်တို့လူသားတွေရဲ့ အူလမ်းကြောင်းထဲမှာလည်း ဘက်တီးရီးယားတွေရှိသလို နေ့စဉ်ကိုင်တွယ်အသုံးပြုနေတဲ့ တကိုယ်ရည်ပစ္စည်းတွေပေါ်မှာလည်း ရှိတာပါပဲ။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက ဘက်တီးရီးယားမျိုးစိတ်၊ မျိုးကွဲတွေအများကြီးရှိပေမဲ့ အတော်များများက လူတွေကို အန္တရာယ်မပေးနိုင်ပါဘူး။ တချို့ဆို အကျိုးတောင်ပြုပါသေးတယ်၊ အခုဈေးကွက်ထဲမှာရောင်းနေတဲ့ ဒိန်ချဉ်တချို့နဲ့ သောက်ဆေးတွေမှာပါဝင်တဲ့ probiotic ဆိုတာ လူ့ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။

ဒါပေမဲ့လည်း လူတွေကို အန္တရာယ်အကြီးအကျယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတချို့လည်းရှိပါသေးတယ်။ အသိသာဆုံးပြောရမယ်ဆို ၁၃ ရာစုနှစ်က ဥရောပတိုက်မှာစတင်ဖြစ်ပွားခဲ့တဲ့ ပလိပ်ရောပါကိုပြရမှာပါ။ Yersinia Pestis ဘက်တီးရီးယားကြောင့်ဖြစ်ပွားတဲ့ပလိပ်ရောဂါကြောင့် ဥရောပတိုက်လူဦးရေ ထက်ဝက်လောက် သေကြေပျက်စီးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဆေးပညာတိုးတက်လာတာကြောင့် ပိုခေတ်မှီပြီးပိုအစွမ်းထက်တဲ့ ပိုးသတ်ဆေးတွေနဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းလာနိုင်ပေမဲ့ တန်ဆေး လွန်ဘေးဆိုသလိုပဲ ပိုးသတ်ဆေးတွေကို အလွန်အကျွံသုံးစွဲရင် အချိန်ကြာလာတဲ့အခါ ဘက်တီးရီးယားပိုးတွေက ဆေးယဉ်ပါးသွားပြီး ဆေးမတိုးတော့တဲ့အန္တရာယ်နဲ့ ကြုံရနိုင်ပါတယ်။

ဗိုင်းရပ်စ်တွေကလည်း သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အဏုဇီဝပိုးမွှားတွေဖြစ်ပြီး ဘက်တီးရီးယားထက် အစပေါင်းမြောက်များစွာသေးငယ်ပါတယ် (မျက်စိထဲမြင်သာအောင်ပြောရရင် ဘက်တီးရီးယားတစ်ကောင်က ဆင်တစ်ကောင်ရဲ့အရွယ်အစားရှိမယ်ဆို ဗိုင်းရပ်စ်တစ်ကောင်က ရွှေငါးလေးတစ်ကောင်အရွယ်လောက်ပဲရှိပါတယ်)။ ဘက်တီးရီးယားတွေနဲ့မတူတဲ့အချက်က ဗိုင်းရပ်စ်တွေက သူ့ချည်းသက်သက်ဆို မရှင်သန်နိုင်ပါဘူး။

သူတို့အသက်ရှင်ဖို့နဲ့ မျိုးပွားဖို့အတွက် မှီခိုရမဲ့သက်ရှိတစ်ခုခုလိုအပ်ပါတယ်။ ဒီလိုမှီခိုခွင့်ရမှ သက်ရှိရဲ့ကိုယ်တွင်းကဆဲလ်တွေထဲဝင်ရောက်ပူးကပ်ပြီး နေထိုင်တာ၊ မျိုးပွားတာတွေလုပ်နိုင်မှာပါ။ ဗိုင်းရပ်စ်တွေကိုပိုးသတ်ဆေးနဲ့ သတ်ပစ်လို့မရပေမဲ့ ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်လို့တော့ရပါတယ်။

၂၀ ရာစုအစလောက်ကစပြီး တိုးတက်လာတဲ့နည်းပညာတွေနဲ့အတူ ကာကွယ်ဆေးအသစ်တွေပါ တီထွင်ထုတ်လုပ်လာနိုင်ပြီး တချို့ဗိုင်းရပ်စ်ရောဂါတွေကို ကုသတဲ့နေရာမှာအကြီးအကျယ်အကျိုးပြုခဲ့ပါတယ်၊ အသိသာဆုံးကတော့ ပိုလီယိုရောဂါ၊ ဝက်သက်ရောဂါ၊ ရေကျောက်ရောဂါတွေမှာပါ။ အသည်းရောင်အသားဝါ ဘီပိုး၊ လိင်အင်္ဂါကြွက်နို့ လိုရောဂါတွေကိုလည်း ကာကွယ်ဆေးကြိုတင်ထိုးပြီး ကာကွယ်နိုင်နေပါပြီ။

ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပညာရှင်တွေခေါင်းခဲရတာတစ်ခုက သူ့ရဲ့ပတ်ဝန်းကျင်အပေါ်လိုက်ပြီး ပြုလွယ်ပြောင်းလွယ်နေနိုင်စွမ်းကြောင့်ပါ။ ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့ဗိုင်းရပ်စ်က ကိုယ်တွင်းကဆဲလ်တွေထဲဝင်ပေါင်းလိုက်ပြီး ပုံဖျက်နေလိုက်ပြီး နောက်ထပ်ဗိုင်းရပ်စ်တွေထပ်ထုတ်ပေးပါတယ်။ နောက်တစ်ချက်ကတော့ ဗိုင်းရပ်စ်အမျိုးအစားကိုလိုက်ပြီး ဦးတည်တိုက်ခိုက်မဲ့အစိတ်အပိုင်းသီးသန့်ရှိနေတာပါ၊

ဥပမာ တချို့ဗိုင်းရပ်စ်တွေက အသည်းမှာကူးစက်ပျံ့နှံ့ပြီး တချို့ကျတော့ အသက်ရှုလမ်းကြောင်းစနစ်ကို တိုက်ခိုက်နိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ (အခုတလော အတော်လေးလေးလျင်လျင်မြန်မြန်ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (Coronavirus) ကတော့ အသက်ရှုလမ်းကြောင်းကနေအဓိကကူးစက်တဲ့ တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်)

ဒါပေမဲ့လည်း ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ဝင်လာရင် ပြန်တုန့်ပြန်တဲ့စနစ်တချို့ရှိပါတယ်။ ကိုယ်တွင်းကဆဲလ်တွေက ဝင်လာတဲ့ဗိုင်းရပ်စ်ပိုးကိုထောက်လှမ်းသိရှိနိုင်ပြီး ပိုးကောင်ရေအလွယ်တကူတိုးမလာအောင်တားဆီးပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က T-cells လို့ခေါ်တဲ့ ဆဲလ်တွေကိုထုတ်လုပ်ပေးပြီးလည်း ဗိုင်းရပ်စ်ပိုးတွေကို သတ်ပစ်နိုင်ပါသေးတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါအများစုကို တိုက်ထုတ်တဲ့နေရာမှာတော့ ကိုယ်ခန္ဓာခုခံအားစနစ်ကအဓိကကျပါတယ်။ တချို့သော ဗိုင်းရပ်စ်ရောဂါတွေကိုတော့ သောက်ဆေးနဲ့ ကုသတာမျိုးလည်း ရှိပါတယ်။

ရေးသားသူ – Dr.Htoo Tint

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 22/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။