backup og meta

ကျန်းမာခြင်း ပန်းတိုင်ကို သွားရတာ လွယ်ပါတယ်။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာခြင်းဆိုတဲ့ ပန်းတိုင်ကို လူတိုင်းကြိုးစားလျှောက်နေကြတာပဲ။ ဒါပေမယ့် လူတိုင်း မရောက်ကြပါဘူး။ တချို့က လမ်းတစ်ဝက်မှာပဲ လက်လျှော့သွားခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ကျန်းမာအောင် လုပ်ရတာ ထင်သလောက် မလွယ်ပါဘူး။ နဂိုအကျင့်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင် ပိုတောင်ဆိုးပါသေးတယ်။ အစားအသောက်တွေ ဆင်ခြင်ရမယ်၊ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရမယ်၊ အချိန်ပေးရမယ်။ ရေရှည်သွားနိုင်ရမယ် စတဲ့ စတဲ့ လိုအပ်ချက်တွေ ပြည့်စုံဖို့လိုပါတယ်။

    ဒါကြောင့် လမ်းတစ်ဝက်မှာတင် လက်လျှော့သွားကြတယ်လို့ ပြောတာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျန်းမာခြင်းဆိုတဲ့ ပန်းတိုင်ကို သွားတဲ့လမ်းမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ ကြုံရလို့ပါ။ ဒီလိုပြောတာ အလွယ်တကူ လက်လျှော့ဖို့ မဟုတ်ပါဘူး။ နောက်ပြီးရင်လည်း လက်လျှော့ရမှာပဲ။ အစကတည်းက လုပ်မနေပါနဲ့တော့လို့ ပြောချင်တာ မဟုတ်ပါဘူး။

    ကျန်းမာခြင်း ပန်းတိုင်ကို သွားတဲ့လမ်းမှာ တွေ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းလေးတွေကို ပြောပြချင်တာပါ။ ဆက်ကြည့်ရအောင်။

    ကျန်းမာခြင်းပန်းတိုင်အတွက် ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ

    • အချိန်မရှိတာ

    ဒါက ခဏခဏ ကြားနေရတာပါပဲ။ လေ့ကျင့်ခန်း လုပ်ချင်တာ အချိန်မရှိလို့ဆိုပြီး။ အချိန်ကို ဆက်တိုက်ယူလိုက်တာထက် စာရင် တစ်နေ့ တစ်နေ့ ဟိုနား နည်းနည်း ဒီနား နည်းနည်း ခွဲယူလိုက်တာက ပိုကောင်းပါတယ်။ ဥပမာ မနက်ကို ၁၀မိနစ်လောက် စောထပြီး လေ့ကျင့်ခန်း ထလုပ်တာမျိုး၊ ရုပ်ရှင်ကြည့်ရင်း ကြော်ငြာလာရင် လေ့ကျင့်ခန်း တစ်မျိုးလောက် ထလုပ်လိုက်တာမျိုး တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေလို့ရပါတယ်။ Gymသွားမှရယ် မဟုတ်ပါဘူး။ ဒီလို လှုပ်ရှားနေတာကလည်း သင့်ကို ကျန်းမာစေပါတယ်။

    • ပင်ပန်းတာ

    ကိုယ်လက်လေ့ကျင့်ခန်း လုပ်စဆိုရင် အကျင့်မရှိလို့ ညောင်းညာကိုက်ခဲနေတာပဲ။ ပေါင်တွေလည်းကွ၊ ဗိုက်ကြောတွေလည်း နာလိုက်တာ ဆိုတာ ဖြစ်ဖူးမှာပါ။ ဒါက အလေ့အကျင့် မရှိလို့ပါ။ နေ့စဉ် ပုံမှန် လုပ်သွားရင် မနာတော့ပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်မတိုင်ခင်မှာ ပင်ပန်းလို့၊ နာလို့ဆိုပြီး အလွယ်တကူ လက်လျှော့တတ်ပါတယ်။ ဒီလိုမဖြစ်အောင် တစ်ခါတည်း အချိန်အကြာကြီး မလုပ်ပါနဲ့။ နိုင်သလောက်ပဲ စလုပ်ပါ။ တစ်နေ့ကို နည်းနည်းနဲ့ နှစ်ခေါက်လောက် ခွဲလုပ်ပါ။ မလုပ်ခင်မှာ အကြောလျှော့ပါ။ ရေများများသောက်ပါ။ လိုအပ်ရင် အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။

    • Gymမှာ သွားမဆော့နိုင်ဘူး။

    Gymမှာ ဆော့မှ ကျန်းမာတာ မဟုတ်ပါဘူး။ အိမ်မှာပဲ ကိုယ်လုပ်တတ်တာလေးတွေ လုပ်လို့ရပါတယ်။ အင်တာနက်ကနေ ဗီဒီယိုတွေ ကြည့်ပြီး လုပ်လို့လည်း ရပါတယ်။ ဒါကြောင့် Gymဖိုး မတတ်နိုင်လို့၊ သွားရမှာဝေးလို့ ဆိုပြီး လက်လျှော့စရာ မလိုပါဘူး။

    • အစားအသောက်တွေ သီးသန့်မပြင်ချင်ဘူး။

    ကျန်းမာခြင်းဆိုတဲ့ ပန်းတိုင်က အစားအသောက်လေးပါ ဆင်ခြင်မှ မြန်မြန်ရောက်မှာပါ။ ဒါပေမယ့် အစားအသောက်ကို သီးသန့်ပြင်ဆင်စရာ မလိုပါဘူး။ စနစ်တကျ ရွေးချယ်စားသောက်ဖို့ပဲ လိုတာပါ။ အဆီအဆိမ့်တွေ လျှော့စားမယ်။ အငန်တွေ၊ သကြားဓာတ်တွေ လျှော့စားမယ်။ အသီးအနှံတွေ၊ အသီးအရွက်တွေ များများစားမယ်ဆို လုံလောက်ပါပြီ။ ကျန်းမာရုံသက်သက်ကတော့ သီးသန့် diet planမလိုပါဘူး။

    ကျန်းမာခြင်းပန်းတိုင်အတွက် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ

    • ပျင်းလာတာ

    တစ်နေ့ တစ်နေ့ ဒါပဲ လုပ်နေရတယ်။ ပျင်းလိုက်တာလို့ တွေးပြီး အလွယ်တကူ လက်လျှော့တတ်ပါတယ်။ ဒါကြောင့် တစ်နေ့ တစ်နေ့ မတူတာလေးတွေ ဆော့ပါ။ မပျင်းရအောင် သီချင်းလေးတွေ ဖွင့်ပါ။ အချိန်လေးတွေ ပြောင်းပြောင်းပြီး ဆော့ကြည့်ပါ။

    • လက်လျှော့ချင်လာတာ

    ဆော့နေတာ တစ်လလောက် ရှိပြီ ဘာမှမထူးခြားလာဘူးဆိုပြီး လက်မလျှော့လိုက်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် ဝိတ်အကျ အတက်က မတူပါဘူး။ ဒါကြောင့် လက်မလျှော့ပါနဲ့။ နောက်တစ်ခုက ဝိတ်အတက်အကျမဟုတ်ရင်တောင် သင့်အနေနဲ့ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု တစ်ခု ရှိနေပါပြီ။ နောက်ပြီး လေ့ကျင့်ခန်း လုပ်နေချိန်မှာ ထွက်လာတဲ့ ဟော်မုန်းတွေက သင့်စိတ်ကို ကြည်စေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တိုးတက်မှု ရှိနေပါတယ်။ သင်လိုချင်တဲ့ ရလဒ်လည်း မကြာခင်ရမှာပါ။ လက်မလျှော့လိုက်ပါနဲ့။

    • သူများတွေရဲ့ အမြင်ကို ကြောက်တာ

    သြော် Gymတောင် ဆော့နေပါလား။ လှလာတော့မှာပေါ့။ Gymဆော့နေတာ ကြာပြီ။ သိပ်လည်း ထူးခြား မလာဘူးနော် စသဖြင့်ပေါ့ အပြောခံရတတ်ပါတယ်။ ဒါတွေကို အာရုံထားမနေပါနဲ့။ ကိုယ်တွေက ကျန်းမာခြင်း လမ်းကြောင်းပေါ် ရောက်နေပါပြီ။

    ဆက်လျှောက်သွားရင် ပန်းတိုင်ရောက်တော့မှာပါ။ ခုလည်း နေ့တိုင်း လှုပ်ရှားမှု တစ်ခု ရှိနေပြီလေ။ မကြာခင်မှာ ကိုယ်လိုချင်တဲ့ ပုံစံကို ရတော့မှာပါ။

    • အရင်ကလည်း လုပ်ဖူးတယ်။ ဒါပေမယ့် ဆက်မလုပ်နိုင်တော့လို့ လက်လျှော့လိုက်တာ။

    ဒါကြောင့် ယုံကြည်မှု ပျောက်ဆုံးနေတာ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခါ စိတ်သစ် လူသစ်နဲ့ ပြန်စပါ။ လုပ်နိုင်သလောက်နဲ့ စပါ။ ဖြည်းဖြည်းချင်း တိုးသွားပါ။ ပုံမှန်တော့လုပ်ပါ။ ဘာကြောင့် ဒါကို လုပ်နေတာလဲဆိုတော့ ရည်ရွယ်ချက်လေး မပျောက်ပါစေနဲ့။

    တစ်နေ့ တစ်နေ့ နိုင်သလောက် လုပ်သွားရင် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာ မဟုတ်ပါဘူး။ အလွန်အကျွံလုပ်မယ်ဆိုရင်တော့ နောက်ရက်တွေ ဆက်လုပ်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။

    • ဒီအစားအစာတွေကို ဆက်စားချင်စိတ်မရှိတော့တာ။

    တစ်နေ့ တစ်နေ့ ဒီအသီးအရွက်တွေပဲ စားနေရတယ်လို့ မတွေးပါနဲ့။ ဒါတွေပဲ စားနေရရင် ကြာလာရင် ဘယ်ခံနိုင်မလဲ။ တကယ်တမ်း ဖြစ်သင့်တာက မျှမျှတတနဲ့ အာဟာရပြည့်အောင် စားသင့်တာပါ။ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီနဲ့ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ ပါအောင်စားရင် ရပါပြီ။ အမြဲတမ်း အသီးအရွက်တွေပဲ စားနေဖို့ မလိုပါဘူး။

    ကျန်းမာခြင်း ပန်းတိုင်ကို ရောက်ဖို့ စိတ်ရှည်ရပါမယ်။ ပုံမှန်လုပ်ရပါမယ်။ ဒါကြောင့် ကိုယ်ရွေးချယ်တဲ့ အစားအသောက်ပုံစံတွေ၊ လေ့ကျင့်ခန်းတွေက ရေရှည်လုပ်နိုင်တာတွေ ဖြစ်ဖို့ လိုပါတယ်။

    ဒါမှပဲ ကျန်းမာခြင်းပန်းတိုင်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်ဘဲ ရောက်သွားနိုင်မှာပါ။ အပေါ်က နည်းလမ်းတွေနဲ့ဆိုရင်တော့ လွယ်လွယ်ကူကူရောက်သွားမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement