backup og meta

New Year’s goals တွေ ပျက်စီးသွားပြီလား၊ စိတ်မပူပါနဲ့

နှစ်သစ်ကူးမှာ ချမှတ်ထားတဲ့ New Year’s goals လို့ခေါ်တဲ့ နှစ်သစ်ကူးရည်မှန်းချက် ဆိုတာမျိုးက ပျက်ယွင်းလွယ်တဲ့ ရည်မှန်းချက်မျိုးပါ။ ပျက်ယွင်းအလွယ်ဆုံးလို့တောင် ဆိုလို့ရပါတယ်။

အကြောင်းပြချက် အမျိုးမျိုးကြောင့် New Year’s goals တွေ ပျက်ယွင်းသွားတတ်ပြီးတော့ များသောအားဖြင့်တော့ ကိုယ်တိုင်လိုက်နာရခက်ခဲပြီး လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေ ဖြစ်နေတတ်တာကြောင့်ပါပဲ။

ဒါပေမယ့် လက်တွေ့ကျနေလျက်နဲ့ အကောင်အထည်ပေါ်မလာတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ခုလို ကပ်ဘေးကာလနဲ့ ကြုံတွေ့နေရတာမျိုး၊ တိုင်းရေးပြည်ရေး အကျပ်အတည်းတွေကြောင့် ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ခက်ခဲသွားတာမျိုး၊ ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ရတာမျိုးကြောင့် မျှော်လင့်ထားသလို မလုပ်ဆောင်နိုင်တော့တာမျိုးတွေလည်း ဖြစ်တတ်တယ်လေ။

နှစ်သစ်ရည်မှန်းချက်တွေ အကောင်အထည်ပေါ်မလာလို့ စိတ်ပျက်မနေပါနဲ့။ ဒီရည်မှန်းချက်တွေကို ပြန်ပြီးအဖတ်ဆည်နိုင်စေမယ့် နည်းလမ်းတွေ ရှိထားပြီးသားပါ။

ကိုယ့်ရဲ့ နှစ်သစ်ကူးရည်မှန်းချက်တွေကို ပိုပြီးလက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ဖန်တီးပြုပြင်ယူနိုင်မယ်ဆိုရင် နှစ်သစ်ကူး ရည်မှန်းချက် တွေ လုံးဝပျက်ယွင်းသွားတာမျိုးမဟုတ်ပဲ ပြန်ပြီး ရှင်သန်လာနိုင်ပါသေးတယ်။

New Year’s goals တွေကို ပြန်နိုးထစေမယ့် နည်းလမ်း ၆ သွယ်

လူအတော်များများရဲ့ နှစ်သစ်ကူး ရည်မှန်းချက်တွေဟာ မကြာခဏဆိုသလို အကောင်အထည် ပေါ်မလာတတ်ပါဘူး။ နှစ်တိုင်းနီးပါးပါပဲ။ ဒီလို အမှန်တကယ်ဖြစ်မလာဘူးဆိုတာကို လူတိုင်းက နှစ်တစ်နှစ်ရဲ့ ပထမ ၃ လပတ်အတွင်းမှာတင် သိနားလည်သွားတတ်ကြပါတယ်။

ဒါပေမယ့် ဒါက ပြဿနာမဟုတ်ပါဘူး။ တကယ့်ပြဿနာက အကောင်အထည်ဖော်စရာ နောက်ထပ် ၉ လ လောက်ကျန်နေသေးပေမယ့် မဖြစ်နိုင်တော့ပါဘူးလို့ တွေးပြီး အလွယ်တကူလက်လျှော့ဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ ဒီအချက်က New Year’s goals တွေကို အဓိက ပျက်ယွင်းသွားစေတဲ့ အကြောင်းပြချက်ပါ။

တကယ်လို့ ခုချိန်အထိ သင့်မှာ သင့်ရဲ့ နှစ်သစ်ကူး မျှော်လင့်ချက်တွေကို အကောင်အထည်မဖော်ရသေးဘူး၊ ဒါမှမဟုတ် မဖော်နိုင်သေးဘူးဆိုရင် စိတ်မပျက်ပါနဲ့။ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ တကယ်လုပ်ချင်စိတ်ရှိဖို့ပဲ လိုအပ်တာပါ။

ဒါကြောင့် သင့်ရဲ့ နှစ်သစ်ကူးရည်မှန်းချက်တွေကို အကောင်အထည်ပြန်စနိုင်ဖို့ နည်းလမ်းလေးတွေ ပေးချင်ပါတယ်။ အောက်ပါ အကြံပြုချက် နည်းလမ်း ၆ သွယ်က သင့်ရဲ့ နှစ်သစ်ကူး စိတ်ကူးအိပ်မက်တွေကို ပြန်လည် ရှင်သန်လာအောင် ကူညီပေးပါလိမ့်မယ်။

ကိုယ်လုပ်နိုင်စွမ်းတဲ့ အရာတွေကို စတင်လိုက်ပါ – ရည်မှန်းချက်တိုင်းက လက်တွေ့ကျတာမဟုတ်ပါဘူး။ ဒါကြောင့် အနီးစပ်ဆုံး အကောင်အထည်ဖော်နိုင်စွမ်းရှိတဲ့ ဘယ်အရာကိုမဆို စတင်လိုက်ပါ။ ခြေတစ်လှမ်း လှမ်းမိတာဟာ ခြေလှမ်းပေါင်းမြောက်များစွာရဲ့ အစဖြစ်လာပါလိမ့်မယ်။

အမှားတွေကို ပြင်ဆင်ပါ – ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ဘာကြောင့် မစတင်နိုင်ခဲ့တာလဲဆိုတာကို ပြန်သုံးသပ်ပါ။ ပြင်ပ ပယောဂကြောင့်ဆိုရင် အဲ့ဒီအရာတွေကို လျှော့ချနိုင်ဖို့ ကြိုးပမ်းပါ။ ဒါမှမဟုတ် ကိုယ်တိုင်ကြောင့်ဆိုရင်လည်း အဆင်ပြေမယ့် နည်းနာတွေကို ရှာဖွေပါ။

လုပ်ငန်းစဉ်ကို အာရုံစိုက်ပါ – ဟိုဟာလည်း စချင်၊ ဒီဟာလည်း လုပ်ချင်တာမျိုး စိတ်ပေါ်လာရင် တစ်ခုတည်းကို အာရုံစိုက်ပြီး ပြီးမြောက်အောင်လုပ်ပါ။ ဟိုလိုလို ဒီလိုလို အတွေးမျိုးကြောင့် အချိန်လုံလောက်ပါ့မလား၊ အဆင်ပြေပါ့မလားဆိုတဲ့ မရေရာတဲ့အတွေးတွေ ဝင်လာပြီး အရင်လိုရေစုန်ပြန်မျောသွားနိုင်တာမို့ တစ်ခုခုကို အာရုံစိုက်ပြီး စတင်လိုက်တာ အကောင်းဆုံးပါ။

ကိုယ့် ကိုယ်ကို သိနားလည်ပါ – ကိုယ်က ဘာအားသန်တာလဲ၊ ဘယ်နေရာမှာ အားနည်းချက်ရှိနေလဲဆိုတာကို သိနားလည်ထားရင် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ ထိရောက်ပြီး အကျိုးရှိစေပါလိမ့်မယ်။ ကိုယ်မသိ မတတ်တာကို သိနားလည်အောင် ကြိုးပမ်းတာနဲ့ ကိုယ်တတ်သိထားတဲ့အရာကို ပိုကျွမ်းကျင်အောင် လုပ်ယူတာတွေအကြားမှာ ကြိုးစားအားထုတ်မှုနဲ့ ကြိုတင်ပြင်ဆင်မှုပိုင်း အခြေအနေခြင်း တူညီမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အားသာချက် အားနည်းချက်ကို သိထားမှသာ အဆင်ပြေပြေ အကောင်အထည်ဖော်နိုင်မှာပါ။

ကိုယ်ဘယ်လောက် လုပ်နိုင်ခဲ့လဲ ပြန်ကြည့်ပါ – တချို့တွေက New Year’s goals တွေကို လုံးဝ မလုပ်ဆောင်ခဲ့တာမဟုတ်ပါဘူး။ တဝက်တပျက်နဲ့ ရပ်တန့်သွားကြတာပါ။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ဘယ်အထိ လျှောက်လှမ်းနိုင်ခဲ့တယ်ဆိုတာကို ပြန်သုံးသပ်ပြီး အားမွေးပါ။ ကိုယ့်ကိုယ်ကို ချီးမွမ်းပါ၊ အားပေးပါ။

အောင်မြင်မှုအတွက် အစီအစဉ်တကျဖြစ်ပါစေ – တကယ်အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ဆိုရင် စနစ်တကျ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ လူတိုင်းက နှစ်သစ်ကူးကာလတွေမှာ ရည်မှန်းချက်တွေ စိတ်ကူးကြ၊ မျှော်မှန်းကြပေမယ့် တကယ်အလုပ်ဖြစ်စေမယ့် ကြိုတင်ပြင်ဆင်မှုတွေကိုတော့ လုပ်ဆောင်သူ နည်းပါးပါတယ်။ ဒါကြောင့်လည်း တကယ် အကောင်အထည်ဖော်ရာမှာ အောင်မြင်မှုနည်းပါးတာဖြစ်ပါတယ်။

အချုပ်ပြောရမယ်ဆိုရင် နှစ်သစ်ကူးရည်မှန်းချက် ဆိုတာ ကြိုတင်ပြင်ဆင် စီစဉ်ပြီး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အကောင်အထည်မဖော်နိုင်ရင် အောင်မြင်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တဲ့အရာမဟုတ်တာမို့ အလွယ်တကူလက်လျှော့သင့်တဲ့ ကိစ္စမျိုးလည်းမဟုတ်ပါဘူး။

ဒါကြောင့် ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ဘယ်လိုအခက်အခဲကြောင့်မှ လက်မလျှော့လိုက်ပါနဲ့။ ကြိုးစားပြီး အကောင်အထည်ဖော်ကြည့်ပါ။ နှစ်ကုန်တဲ့အခါ ကိုယ်ပြီးမြောက်အောင် လုပ်နိုင်ခဲ့တာတွေတိုင်းက ကိုယ့်ရဲ့ မှတ်တိုင်တွေအဖြစ် ဂုဏ်ယူဖွယ်ရာ ရှိနေမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/mental-health/bounce-back-if-new-years-goals-fail#Takeaway

ယခုပုံစံ

14/01/2022

Ye Zon Aung မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ

နှစ်သစ်မှာ မဖြစ်မနေမွေးမြူသင့်တဲ့ ကျန်းမာရေးအလေ့အထအချို့



Ye Zon Aung မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement