backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဝါတွင်းကာလမှာ တရားထိုင် မယ်ဆိုရင် ဒါလေးတော့ သတိထား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဝါတွင်းကာလမှာ တရားထိုင် မယ်ဆိုရင် ဒါလေးတော့ သတိထား

တရားထိုင် တယ်ဆိုတာ လောကီရော လောကုတ္တရာပါ ကောင်းတဲ့အလုပ်ဆိုတာ အားလုံးသိထားကြပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီး ရှိတယ်ဆိုတာ ငြင်းစရာ မလိုပါဘူး။ ဒါပေမယ့် တရားထိုင်ရင်းနဲ့ ရုတ်တရက် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ဒါလေးကိုတော့ သတိထားစေလိုပါတယ်။

တရားထိုင် ရင်း အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေဆိုတာ

တရားစခန်းမှာပဲ ဖြစ်ဖြစ်၊ အိမ်မှာ ဖြစ်ဖြစ် တရားထိုင်တဲ့အခါ တစ်နာရီ ဖြစ်ဖြစ် နှစ်နာရီ ဖြစ်ဖြစ် ကိုယ်နိုင်သလောက် ဒီထက်လည်း ကြာကြာ တရားထိုင်တတ်ကြပါတယ်။ တရားထိုင်တဲ့ပုံစံကို ကြည့်မယ်ဆိုရင်လည်း တင်ပလ္လင်ခွေပြီး ထိုင်တာဖြစ်တဲ့အတွက် သွေးကြောတွေကို ဖိညှစ်ထားသလို ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး နေ့စဉ် ရက်ဆက် ဖြစ်လာပြီဆိုရင် ခြေထောက်သွေးပြန်ကြောထဲက သွေးတွေ ခဲလာတတ်ပါတယ်။ ဒီအခြေအနေကို deep vein thrombosis လို့ ခေါ်ပါတယ်။ ဒီသွေးခဲလေးက မတော်တဆ ပြုတ်ထွက်သွားရင် အဆုတ်သွေးကြောမှာ သွားပိတ်ပြီး အသက်အန္တရာယ် ထိခိုက်တတ်ပါတယ်။ ဒါလေးကို ဆက်လေ့လာကြည့်ရအောင်။

DVT ဖြစ်လာပြီဆိုရင်

ခုနကပြောသလို ခြေထောက်က သွေးပြန်ကြောတွေမှာ သွေးခဲ ပိတ်လာပြီဆိုရင်

  • ခြေထောက်က ရောင်လာတတ်ပါတယ်။ တစ်ဖက်တည်း ရောင်တာပိုများပါတယ်။ ဒါကြောင့် ကြည့်လိုက်ရင် ခြေထောက်နှစ်ချောင်းမှာ တစ်ခုက လုံးပတ်ပိုကြီး နေပါတယ်။ အထူးသဖြင့် ခြေသလုံးနေရာမှာပါ။ ထူးထူးခြားခြား နှစ်ဖက်လုံးဖြစ်တာလည်း ရှိနိုင်ပါတယ်။
  • သွေးခဲပိတ်တဲ့ ခြေထောက်မှာ ဆွဲညှစ်ထားသလို၊ ကြွက်တက်သလို နာတတ်ပါတယ်။
  • ခြေထောက်က နီတာ၊ အရောင်ပြောင်းတာ ဖြစ်တတ်ပါတယ်။
  • သွေးခဲပိတ်တဲ့ ခြေထောက်က နွေးနေတတ်ပါတယ်။
  • တစ်ခါတစ်လေတော့လည်း ဘာလက္ခဏာမှ မပြဘဲ ရှိနေတတ်ပါတယ်။

ဒီလို လက္ခဏာတွေ ရှိနေပြီဆိုရင် ဆရာဝန်သွားပြတာ အကောင်းဆုံးပါ။ ဒီလိုမှ မဟုတ်ရင် သွေးခဲပြုတ်ထွက်ပြီး အဆုတ်သွေးကြောမှာ သွားပိတ်ပါလိမ့်မယ်။

အဆုတ်သွေးကြောမှာ သွေးခဲပိတ်သွားပြီဆိုရင်တော့

  • ရုတ်တရက်အမောဖောက်လာမယ်။
  • ရင်ဘတ်အောင့်လာမယ်။ (အထူးသဖြင့် အသက်ပြင်းပြင်းရှူတဲ့အချိန်၊ ချောင်းဆိုးလိုက်တဲ့ အချိန်တွေမှာပါ)
  • ခေါင်းတွေမူးလာမယ်။
  • သွေးခုန်နှုန်းတွေ မြန်လာမယ်။
  • ချောင်းဆိုးသွေးပါ ဖြစ်မယ်။

ဒီလက္ခဏာတွေပါ ဖြစ်နေပြီဆိုရင်တော့ ဆေးရုံကို အမြန်သွားသင့်ပါတယ်။

တရားထိုင် တိုင်းဖြစ်မှာလား။

တရားထိုင်တိုင်း ဖြစ်တာမဟုတ်ပေမယ့် ဒီလိုလူတွေကတော့ ပိုပြီးသတိထားရပါမယ်။

  • အသက်၄၀အထက်တွေ
  • အဝလွန်တဲ့သူတွေ
  • လွန်ခဲ့တဲ့ ၃လအတွင်းမှာ ခွဲစိတ်မှု လုပ်ထားတဲ့သူတွေ
  • အီစထရိုဂျင် ပါတဲ့ တားဆေးကို ရေရှည်သုံးထားတဲ့သူတွေ
  • သွေးဆုံးပြီးနောက် ဟော်မုန်းအစားထိုး ကုသမှုခံယူထားတဲ့သူတွေ
  • ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးမွေးထားတာ ၃လလောက်ပဲ ရှိသေးတဲ့သူတွေ
  • မိသားစုထဲမှာ သွေးခဲပိတ်ဖူးတဲ့ သူရှိနေရင်
  • လက်ရှိမှာ ကင်ဆာ ဖြစ်နေတယ် ဒါမှမဟုတ် ကင်ဆာအတွက် ကုသမှုခံယူနေတယ်ဆိုရင်
  • အရင်တည်းက ကောင်းကောင်းလမ်းမလျှာက်နိုင်တဲ့သူတွေ
  • ခြေထောက်သွေးပြန်ကြောထုံးနေတဲ့သူတွေကတော့ ပိုပြီး ဆင်ခြင်သင့်ပါတယ်။

ဒါဆို တရားမထိုင်ရတော့ဘူးလား။

ဒီလို မဟုတ်ပါဘူး။ တရားထိုင်လို့ရပါတယ်။ ဒါပေမယ့် အောက်ကအချက်တွေကိုတော့ လိုက်နာပေးပါ။

  • ဣရိယာပုတ် လေးပါးမျှအောင်နေပါ။ လျောင်းထိုင်ရပ်သွား အလှည့်ကျ တရားအားထုတ်ပါ။ ဒါကြောင့်လည်း တရားစခန်းတွေမှာ နာရီပိုင်းအလိုက် ဣရိယာပုတ်တွေ သတ်မှတ်ပေးထားတာပါ။
  • အိမ်မှာဆိုရင်လည်း တစ်နာရီတစ်ခါလောက် တရားဖြုတ်ပြီး စင်္ကြန်လျှောက်ပေးပါ။
  • ထိုင်နေရင်းနဲ့ မကြာမကြာ ပုံစံပြောင်းပေးပါ။ ခြေထောက် အကွေးအဆန့်လုပ်ပါ။
  • အဝလွန်သူတွေ အထိုင်အထခက်ရင် ကြမ်းပြင်ပေါ်မှာမဟုတ်ဘဲ ကုလားထိုင်ပေါ်မှာ တရားထိုင်ပါ။ ခြေထောက်တော့ မချိတ်ထားပါနဲ့။
  • ရေများများ သောက်ပြီး ရေဓာတ်ပြည့်ဝအောင် နေပါ။ ဒါမှ သွေးပျစ်ပြီး မခဲမှာပါ။

ဒါက တရားထိုင်ရင် သတိထားရမယ့် အချက်လေးပါ။ ကျန်တာ အကုန်အဆင်ပြေပေမယ့် ဒါလေးတစ်ခုတော့ ဂရုစိုက်ပေးပါ။ အထူးသဖြင့် အပေါ်က ဖြစ်နိုင်ချေ များတဲ့သူတွေပါ။ အားလုံးပဲ ဝါတွင်းသုံးလမှာ အန္တရာယ်ကင်းကင်းနဲ့ တရားအားထုတ်နိုင်ကြပါစေ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement