သကြားဓါတ်ကျတာက ဆီးချိုရှိတဲ့သူတွေမှာဖြစ်လေ့ရှိပေမယ့် ဆီးချိုမရှိသူတွေမှာလည်းဖြစ်တတ်ပါတယ်။ ဆီးချိုမရှိသူတွေမှာဖြစ်တတ်တဲ့hypoglycemia ကနှစ်မျိုးရှိပါတယ်။
- Reactivehypoglycemia – အစာစားပြီး နာရီပိုင်းအတွင်းဖြစ်လာတတ်တယ်။
- Fastinghypoglycemia – ဆေးဝါး သို့မဟုတ် ရောဂါတစ်ခုခုနဲ့ ပတ်သက်နေတတ်တယ်။
ဆီးချိုကြောင့်မဟုတ်ဘဲ ဘာကြောင့်ဒီလိုဖြစ်စေတာလဲ
သွေးတွင်းသကြားဓါတ်ကျတာက နှစ်မျိုးကွဲပြားသလိုပဲ အကြောင်းရင်းကလည်းမတူကြပါဘူး။
Reactive hypoglycemia ကသွေးတွင်းမှာ အင်ဆူလင်ပမာဏများနေရာကနေဖြစ်လာတတ်ပါတယ်။ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေက –
- ဆီးချိုဖြစ်ဖို့အလားအလာရှိနေတဲ့ အနေအထား
- အစာအိမ်ခွဲစိတ်ထားခြင်း
- ဖြစ်ခဲတဲ့ အင်ဇိုင်းချို့တဲ့မှုတွေပါဝင်ပါတယ်။
Fasting hypoglycemia ကတော့ –
- Aspirin နဲ့sulfaဆေးတွေလိုဆေးဝါးတွေ
- အယ်ကိုဟောသောက်သုံးမှုများခြင်း
- အသည်း၊ နှလုံး၊ကျောက်ကပ်နဲ့ ပန်ကရိယရောဂါတွေ
- ဟော်မုန်းတချို့ ကျဆင်းခြင်း
- အကျိတ်ဖြစ်ပေါ်မှု တို့ကြောင့်ဖြစ်နိုင်ပါတယ်။
ဘယ်လို လက္ခဏာတွေလဲ
လက္ခဏာတွေကတော့ ကိုယ့်ရဲ့သွေးတွင်းသကြားဓါတ်က ဘယ်လောက်ကျဆင်းသလဲဆိုတာကို မူတည်ပြီး ကွဲပြားတတ်ပါတယ်။ ဖြစ်လေ့ရှိတာကတော့ –
- ဆာလောင်တတ်တာ
- ကတုန်ကယင်ဖြစ်တာ
- ချွေးတွေထွက်တာ
- ဖြူဖတ်ဖြူရော်ဖြစ်တာ
- နှလုံးခုန်မြန် သို့မဟုတ် မမှန်တာ
- အိပ်ငိုက်တာ
- ခေါင်းမူးတာ
- စိတ်တိုလွယ်တာ
- စိုးရိမ်စိတ်များတာတွေဖြစ်တတ်ပါတယ်။
အခြေအနေပိုဆိုးလာရင်တော့
- အာရုံထွေပြားခြင်း
- အမြင်အာရုံဝေဝါးခြင်း
- မူးလဲခြင်း၊ သတိလစ်ခြင်း၊တက်ခြင်း တို့ဖြစ်လာနိုင်ပါတယ်။
ဘယ်လိုကုသလဲ
ဒီလိုဖြစ်လာရင် ချက်ချင်းပဲ ကာဗိုဟိုက်ဒရိတ်တစ်ခုခုစားလိုက်၊သောက်လိုက်ပြီးမှသွေးတွင်းသကြားဓါတ်ပြန်တက်အောင်လုပ်ရပါမယ်။ အချိုရည်၊ သကြားလုံး တို့လည်းဆောင်ထားသင့်တယ်။ ပုံမှန်အားဖြင့်တော့ ဒီလောက်နဲ့သက်သာသွားတတ်ကြပါတယ်။နောက် ၁၅ မိနစ်လောက်နေရင်သွေးတွင်းသကြားဓါတ်ကိုပြန်စစ်ကြည့်ပြီး ကျနေတုန်းပဲဆိုရင် ဆက်ကြိုးစားပြီး ၁၅ မိနစ်အကြာ ထပ်စစ်ပါ။ မသက်သာရင် ဒါမှမဟုတ် သကြားဓါတ်ပြန်တက်မလာခဲ့ရင်ဆေးခန်းအမြန်ပြပါ။
သကြားဓါတ်ကျဆင်းမှုဆိုးရွားတဲ့ လက္ခဏာတွေဖြစ်တဲ့ မူးလဲတာ၊ တက်တာ၊ အာရုံထွေပြားတာတွေဖြစ်လာရင် ချက်ချင်း ဆေးကုသမှုခံယူသင့်ပါတယ်။ လိုအပ်လာရင် ဆရာဝန်ကဆေးထိုးသင့်ထိုးပေးပါလိမ့်မယ်။ရေရှည်အတွက်ဆိုရင်တော့ပြောင်းလဲမှုတစ်ခုခုလုပ်သင့်ပါတယ်။ ဥပမာဆေးကြောင့်ဖြစ်တယ်ဆိုဆေးပြောင်းသောက်ရပါမယ်၊ အကျိတ်ကြောင့်ဆို ခွဲစိတ်ကုသရမယ်၊ စတာတွေပေါ့။
အစားအသောက်၊အနေအထိုင်ပြောင်းလဲဖို့လိုအပ်ကြောင်း ဆရာဝန်ကအကြံပေးပါလိမ့်မယ်။ အခြေခံအားဖြင့်တော့ စားသောက်ပုံအပြောင်းအလဲနဲ့ပတ်သက်လို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။
- နည်းနည်းနဲ့ အကြိမ်ရေများများခွဲစားပါ။
- ပရိုတင်းများတဲ့၊ အဆီများတဲ့၊ အမျှင်ဓါတ်များတဲ့ အစားအစာတွေအပါအဝင် အမျိုးအစားအစုံပါအောင်စားပါ။
- အချိုများတာတွေ သိပ်များများမစားပါနဲ့။
ကာကွယ်လို့ရလား
သွေးတွင်းသကြားဓါတ်ကို ပုံမှန်ထိန်းထားနိုင်ဖို့ကတော့ ဒီအပြောင်းအလဲလေးတွေ လုပ်သင့်ပါတယ်။
- အစာစားချိန်ကို ပုံမှန်သတ်မှတ်ထားပါ။ အချိန်မှန်စားပါ။
- ထမင်းအငတ်မခံပါနဲ့။နေ့လယ်စာလွတ်တာ၊ မနက်စာလွတ်တာတွေ မကောင်းပါဘူး။
- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေးရှိနေရင်လည်း hypoglycemiaဖြစ်နိုင်ခြေနည်းစေပါတယ်။
- ကဖင်းပါတဲ့ အစားအသောက်တွေကိုလျှော့ပါ။
- အယ်လ်ကိုဟောရှောင်ပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]