အိမ်ဆိုတာ လုံခြုံမှုအကာအကွယ်ပေးထားတဲ့ အရိပ်အမြုံတစ်ခုလို့ လက်ခံယုံကြည်ထားကြပါတယ်။ အိမ်ပြန်ရောက်ရင် စိတ်ထဲလုံခြုံမှုကိုခံစားရသလို စိတ်လက်ပေါ့ပါးသွားကြတာ သဘာဝပါပဲ။ ဒါပေမယ့် ကိုယ့်အိမ်ထဲမှာရှိသမျှအရာတွေအားလုံးက မိတ်ဆွေစစ်တွေမဟုတ်ကြပါဘူး။ အကူအညီရတာ၊အသုံးဝင်တာမှန်ပေမယ့် အချိန်မရွေး အန္တရာယ်ပေးနိုင်တဲ့ အိမ်တွင်းရန်သူတွေပါဝင်နေပါတယ်။ ပစ္စည်း အရွယ်အစားသေးငယ်ရင်တောင် သတိမမူမိရင် အသက်အန္တရာယ်အထိဖြစ်လာနိုင်တဲ့ အနေအထားတွေရှိနိုင်ပါတယ်။
အိမ်မှာရှိနေကျပစ္စည်းတွေက အမြဲတမ်းပုံမှန်ဆို ဘာမှမဖြစ်ပေမယ့် အခန့်မသင့်ရင်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို သတိထားသင့်ပါတယ်။ ကိုယ့်မိသားစုမှာ အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေရှိတယ်ဆို ပိုသတိထားရမှာပါ။ သတိဆိုတာ ပိုတယ်မရှိပါဘူး။
ဓါတ်ခဲပိစိလေးတွေ
အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါတဲ့ ဓါတ်ခဲသေးသေးလေးတွေ(ဥပမာ -နာရီဓါတ်ခဲအပြားလေးတွေ) ကို ကလေးငယ်တွေမျိုချမိနိုင်ပါတယ်။Nine-volt ဓါတ်ခဲတွေဟာလည်း ပါကင်ဖောက်ပြီးပြင်ပမှာ စက္ကူညှပ်တွေ၊ အိုးတိုက်စတီးမျှင်ထွေးတွေလို သံသတ္ထုတွေနဲ့ထိတွေ့မိရင် အပူရှိန်မြင့်ပြီး မီးထလောင်နိုင်ပါတယ်။