backup og meta

ပြန်လည်သန်စွမ်းလေ့ကျင့်ခန်းမှ လူတွေမသိသေးသောအချက်များ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြန်လည်သန်စွမ်းလေ့ကျင့်ခန်းမှ လူတွေမသိသေးသောအချက်များ

    ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ခြင်း (Physiotherapy)ဟာ သင့်ကျန်းမာရေးအတွက် အထူးအကျိုးရှိပါတယ်။ ဒါပေမယ့် Physiotherapy နဲ့ ပတ်သက်လို့ သင်အကုန်သိတယ်ဆိုတာ သေချာပြီလား။ တကယ်တော့ Physiotherapy နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အံ့ဩစရာ အချက်လေးတွေ ရှိနေပါတယ်။

    ဘာတွေလဲဆိုတာ သိရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

    Physiotherapy ကုသမှုဟာ ပထမကမ္ဘာစစ်ကာလက စတင် ပေါ်ပေါက်ခဲ့တယ်။

    Physiotherapyရဲ့ သမိုင်းကို သင့်အနေနဲ့ သိချင်မှသိပါလိမ့်မယ်။ ဒါပေမယ့် Physiotherapy ဟာ အဖိုးတန်ထိရောက်တဲ့ ကုသမှုတခုဆိုတာကို ပထမကမ္ဘာစစ်အချိန်ကတည်းက လူတွေစတင်သိရှိခဲ့ကြပြီး ဒါဏ်ရာရတဲ့ စစ်သားတွေကို ကုသပေးဖို့ Physiotherapy ကို စတင်အသုံးပြုခဲ့ကြပါတယ်။

    Physiotherapy ကို အိမ်နေရင်း ပြုလုပ်နိုင်တယ်။

    Physiotherapyကို နေရာအစုံမှာ ပြုလုပ်နိုင်ပါတယ် (ဥပမာ ကျန်းမာရေးစင်တာတွေ၊ပုဂ္ဂလိက ဆေးခန်း၊ဆေးရုံတွေ၊ကျောင်းတွေ ဒါမှမဟုတ် အိမ်မှာ)။Physiotherapy ကုသမှုနည်းလမ်းမှာ အားစိုက်သုံးစရာမလိုတဲ့ ပုံစံ (ဥပမာ အအေး/အပူ သုံးကုသခြင်း၊အပ်စိုက်ခြင်း စသည်) နဲ့ အားစိုက်သုံးပြီး ပြုလုပ်ရတဲ့ ပုံစံ (ဥပမာ လေ့ကျင့်ခန်းလုပ်တာတွေ) ဆိုပြီး နှစ်မျိုးရှိကာ သင့်အနေနဲ့ နှစ်မျိုးလုံးကို မျှမျှတတပေါင်းစပ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။

    သင့်အနေနဲ့ Physiotherapy ကို ကျွမ်းကျင်သူရဲ့ ကြီးကြပ်မှုရှိစရာမလိုဘဲ အိမ်နေရင်း ပြုလုပ်နိုင်တဲ့အတွက် အင်မတန် အဆင်ပြေပြီး သင်နှစ်သက်ရာ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ သင့်ဆရာဝန်၊လေ့ကျင့်ပေးသူ ဒါမှမဟုတ် Physiotherapy ကျွမ်းကျင်သူတို့ဟာ သင်နဲ့သင့်တော်တဲ့ Physiotherapy အစီအစဉ်တွေကို ကြိုတင်ရေးဆွဲပေးထားမှာပါ။

    နာတာရှည်အဆုတ်ရောဂါတမျိုးဖြစ်တဲ့ COPDကို Physiotherapy က ကုသပေးနိုင်တယ်။

    တကယ်လို့ သင့်မှာ နာတာရှည်အဆုတ်ရောဂါတမျိုးဖြစ်တဲ့ COPD ရှိနေခဲ့ရင် သင့်အနေနဲ့ အသက်ရှုမဝတာမျိုးတွေ ဖြစ်လာနိုင်ပြီး နေ့စဉ်လှုပ်ရှားသွားလာမှုတွေ (လမ်းလျှောက်ခြင်း၊ပြေးခြင်း၊လှေကားတက်ခြင်း စသည်)ကို ပြုလုပ်ရာမှာ အခက်အခဲတွေ ရှိလာပါတော့တယ်။

    ဒါ့အပြင် အခြားသော ပြဿနာအခက်အခဲတွေကိုလည်း ကြုံတွေ့လာရနိုင်ပါတယ်။ ဒါပေမယ့် မပူပါနဲ့၊Physiotherapy က သင့်ကို ကူညီပါလိမ့်မယ်။COPD ဝေဒနာရှင်တွေ ပြုလုပ်သင့်တဲ့ Physiotherapy ဟာ ကိုယ်ခန္ဓါကြံ့ခိုင်မှုကို အလေးပေးထားပြီး လေ့ကျင့်ခန်းလုပ်ခြင်း၊ကျန်းမာရေးအသိပညာပေးခြင်း နဲ့ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်အားပေးခြင်းတို့ ပါဝင်ပါတယ်။

    ခြေ၊လက်နဲ့ ရင်ဘတ်တို့ကို အလေးပေးထားတဲ့ လေ့ကျင့်ခန်းတွေဟာ အဆုတ်ဝေဒနာရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ အသက်ရှုရာမှာ အသုံးပြုတဲ့ ကြွက်သားတွေကို သန်စွမ်းအောင် လေ့ကျင့်ပေးမယ်ဆိုရင် အသက်ရှုရတာ ပိုမိုလွယ်ကူသက်သာစေပါလိမ့်မယ်။

    ကျန်းမာရေးအသိပညာပေးတဲ့အနေနဲ့ Physiotherapy ကုသမှုနည်းလမ်းအစီအစဉ်တွေကို အသေးစိတ်သိထားရမှာ ဖြစ်သလို ဆေးလိပ်ဖြတ်ဖို့နဲ့ ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအသောက်တွေကို စားပေးဖို့ကိုလည်း ဦးတည်ရပါမယ်။

    ဆီးစပ်ကိုက်ခဲခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို Physiotherapy က ကူညီပေးနိုင်တယ်။

    ဆီးစပ်ကိုက်ခဲခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ အမျိုးသားရော၊အမျိုးသမီးတွေမှာပါ တွေ့နိုင်ပါတယ် (အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးချိန်တွေမှာပေါ့)။ ဒါပေမယ့် အဆိုပါ ပြဿနာအများစုကို Physiotherapy က ကူညီပေးနိုင်ပါတယ်။

    တကယ်လို့ သင့်မှာ ဒီပြဿနာတွေရှိနေပြီဆိုရင် အလေးအပင်မ,တဲ့အခါ မှန်ကန်စွာ ဘယ်လိုမ,ရမယ်၊ကလေးဘယ်လိုချီရမယ်၊ထိုင်နေရာကနေ ဘယ်လိုထ,ရမယ် စတာတွေကို သင့်ဆရာဝန်က သင်ကြားပေးပါလိမ့်မယ်။

    အားစိုက်ထုတ်စရာမလိုသော Physiotherapy ပုံစံတွေဖြစ်တဲ့ အပူ/အအေးသုံးကုသခြင်း၊နှိပ်နယ်ပေးခြင်း ဒါမှမဟုတ် လျှပ်စစ်ဓါတ်အသုံးပြုကုသခြင်းတို့ကို စမ်းကြည့်နိုင်ပါတယ်။

    ကလေးတွေလည်း physiotherapy လုပ်လို့ရတယ်။

    အရွယ်ရောက်ပြီး လူကြီးတွေသာမက ကလေးတွေလည်း physiotherapy လုပ်လို့ရပါတယ်။ ဇက်စောင်းခြင်း ဒါမှမဟုတ် ခြေထောက်ကွေးခြင်းတို့အတွက် physiotherapy ကို အသုံးပြု ကုသနိုင်ပါတယ်။ ဇက်စောင်းခြင်းဆိုတာဟာ လည်ပင်းမှာရှိတဲ့ ကြွက်သားတွေ တိုနေတဲ့အတွက် ခေါင်းကို တဖက်စောင်းသွားအောင် ဆွဲတာကို ဆိုလိုပါတယ်။

    ဒီအခြေအနေပြဿနာအတွက် physiotherapy နည်းနဲ့ ကုသတဲ့အခါ တိုနေတဲ့ ကြွက်သားတွေကို ဆွဲဆန့်ခြင်း၊ကလေးခေါင်းအနေအထားမှန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မိဘတွေအား သင်ကြားပေးခြင်း၊ကြွက်သားတွေ ရှည်ထွက်ပြီးဆန့်လာအောင် အိမ်မှာလေ့ကျင့်ခန်းလုပ်နည်းတွေကို သင်ကြားပေးခြင်း စတာတွေ ပါဝင်ပါလိမ့်မယ်။

    ခြေထောက်ကွေးခြင်းဆိုတာက ကလေးရဲ့ ခြေထောက်လေးတွေ အတွင်းဖက်ကို ကွေးနေတာကို ဆိုလိုပါတယ်။ ကနဦးမှာ မနာကျင်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ ပိုပြီးနာကျင်လာသလို လမ်းလျှောက်ရတာလည်း အခက်အခဲရှိလာပါမယ်။

    ဒါကြောင့် ခြေထောက်ရဲ့ အနေအထားနဲ့ လမ်းလျှောက်နိုင်စွမ်းကို မြှင့်တင်ပေးဖို့အတွက် physiotherapy ကို အသုံးပြုနိုင်ပါတယ်။ ခြေထောက်ရဲ့ အနေအထားအသစ်ကို ထိန်းညှိပေးဖို့အတွက် လက်နဲ့ ကျောက်ပတ်တီးတို့ကို အသုံးပြုပါလိမ့်မယ်။

    နာကျင်မှုတွေကို ကုသခြင်းနဲ့ ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို မူလအတိုင်းပြန်ဖြစ်အောင် ပြုလုပ်ပေးခြင်းတို့အတွက် Physiotherapy ဟာ ထိရောက်မှုအရှိဆုံးနဲ့ စိတ်အချရဆုံး ကုသမှုတခု ဖြစ်ပါတယ်။

    သင့်အနေနဲ့ Physiotherapy အကြောင်း ကကြီးကနေ အ အထိ သိဖို့ မဖြစ်နိုင်ပေမယ့် ဒီဆောင်းပါးလေးကနေ ဗဟုသုတအနည်းငယ်တော့ ထပ်မံရရှိသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သင့်အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် ကုသမှုနည်းလမ်းကို ရွေးချယ်ရာမှာ ကူညီဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement