backup og meta

အင်တိုက်အားတိုက် ဝိတ်ချနေလျက်နဲ့ ဘာလို့ ဝိတ်မကျသေးတာလဲ


Ye Zon Aung မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အင်တိုက်အားတိုက် ဝိတ်ချနေလျက်နဲ့ ဘာလို့ ဝိတ်မကျသေးတာလဲ

    ဝိတ်ချကြမယ်ဟေ့” လို့ ကြွေးကျော်ပြီး အစားတွေလျှော့၊ လေ့ကျင့်ခန်းတွေလုပ်၊ နေ့စဉ်နေ့တိုင်း ဝိတ်တွေချိန်နဲ့ပေါ့။ ဒါပေမယ့် နေ့တိုင်း ပေါင်ချိန်စက်ပေါ်တက်ပြီး ဝိတ်ချိန်တိုင်း ကိုယ်အလေးချိန်က ကျမလာဘူး၊ တစ်ခါတစ်လေ တိုးတောင်တိုးသွားတာမျိုး ကြုံလာရပြီဆိုရင်တော့ ပြဿနာပါပဲ။

    ကိုယ်ကြိုးစားပမ်းစား အပင်ပန်းခံလာသမျှတွေ အလဟသဖြစ်ပြီပေါ့။ ဘယ်လိုဖြစ်လို့ ဝိတ်တွေချနေရင်း ဝိတ်မကျတာလဲဆိုတာကို သင်သိဖို့တော့လိုနေပါပြီ။

    ကိုယ်အလေးချိန်ကိုလည်းချတယ် ဝိတ်လည်းမကျတာမျိုးလာဖို့ ဖြစ်နိုင်ခြေရှိတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ အချက် ၁၀ ချက်ကို ဖော်ပြပေးသွားပါ့မယ်။

    ဒီအချက် ၁၀ ချက်ကတော့

    ၁။ ပြည့်ပြည့်ဝဝ မအိပ်လို့

    အိပ်ရေးဝအောင် အိပ်တာက သင့်ကျန်းမာရေးကို ထိခိုက်စေမှာပါ။ အမျိုးသမီးတစ်ယောက်ဟာ ကယ်လိုရီ ၃၀၀ လောက်မှီဝဲထားပြီးတော့ အိပ်ချိန်က ၄ နာရီအောက်လျော့နည်းနေမယ်ဆိုရင် နောက်တစ်နေ့မှာ ကိုယ်အလေးချိန် ၂၁ ဂရမ်လောက်တိုးနေပါလိမ့်မယ်။ နောက်ပြီး ညအိပ်ချိန်မှာ တီဗီတွေ၊ ကွန်ပျူတာတွေကို ပိတ်ပြီးမှ အိပ်စက်ဖို့လည်း လိုမှာပါ။

    ၂။ ပရိုတိန်းနည်းနေသေးလို့

    ကိုယ်အလေးချိန် လျှော့ချချင်ရင် ပရိုတိန်းများများစားရမယ်လို့ FASEB Journal က ဖော်ပြပါတယ်။ ပရိုတန်းများများ မှီဝဲပေးရင် ကြွက်သားထုပိုကြီးလာမှာဖြစ်သလို အဆီပိုတွေကိုလည်း လျော့ကျစေမှာမို့ ထိရောက်တဲ့နည်းလမ်းပါ။

    ၃။ အရည်အသွေးကို မစဉ်းစားပဲ အရေအတွက်ကိုပဲ စဉ်းစားမိနေလို့

    တစ်နေ့ကို ထမင်းဘယ်နှစ်နပ် အငတ်ခံမယ်ဆိုတာက ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ အစာများများလျော့စားပေမယ့် ဗိုက်အရမ်းဆာလာလို့ ကိုယ်ထစားလိုက်မိတာက ကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေဖြစ်နေပြန်ရင်လည်း အဆင်မပြေပြန်ပါဘူး။ ကိုယ်အလေးချိန်လျော့ကျမှုကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို သင့်လျော်မှန်ကန်စွာ မှီဝဲပြီး ရေရှည်အချိန်ယူ ဝိတ်ချတာကမှ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး လိုချင်တဲ့ကိုယ်အလေးချိန်မျိုးကိုရရှိအောင်လည်း ကူညီနိုင်မှာဖြစ်ပါတယ်။

    ၄။ မမှီဝဲသင့်တဲ့အဖျော်ယမကာတွေ မှီဝဲနေလို့

    ကိုယ်အလေးချိန်တော့ချနေပါရဲ့ ညနေစောင်းတိုင်း တစ်ခွက်တစ်ဖလား ကစ်နေဦးမယ်ဆိုရင် သင့်ရဲ့ ဝိတ်ချတဲ့လုပ်ငန်းစဉ်က အဆင်ပြေမှာမဟုတ်ပါဘူး။ လေ့ကျင့်ခန်းတော့လုပ်တယ် မောလာတိုင်း အချိုရည်တွေသောက်နေပြန်ရင်လည်း မအိုခေနိုင်တာကို သိနားလည်ထားဖို့လိုအပ်ပါတယ်။

    ၅။ ရေအလုံအလောက်မသောက်လို့

    လူတစ်ယောက်က တစ်နေ့ကို ရေ ၈ ခွက်လောက် သောက်သုံးသင့်တယ်လို့ဆိုထားပါတယ်။ ပရိုတိန်းလိုပဲ ရေကလည်း ကိုယ်အလေးချိန်လျှော့ချပေးဖို့ အလွန်အထောက်အကူဖြစ်စေပါတယ်။ ကိုယ်အလေးချိန်လျှော့ချရာမှာ ရေထက်ပိုပြီး အကျိုးရှိတဲ့အရာမရှိပါဘူး။ ရေများများသောက်တာက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ အကျိုးရှိစေမှာမို့ ရေသောက်မနည်းဖို့ သတိထားရပါမယ်။

    ၆။ မဖြစ်နိုင်တာတွေ မျှော်မှန်းနေမိလို့

    ကိုယ်အလေးချိန် လျှော့ချသူတိုင်းက အမြန်ဆုံး ပိန်သွားချင်ကြပါတယ်။ ဒီအချက်က မှားယွင်းနေပါတယ်။ ခုလို ကိုယ်အလေးချိန်မျိုးဆီရောက်ဖို့ အချိန်အများကြီးယူခဲ့ရရင် ပြန်လျှော့ဖို့ အဲ့ဒီထက်ပိုပြီး အချိန်ယူရပါလိမ့်မယ်။ လက်တွေ့ကျပြီး ကိုယ်နဲ့ကိုက်ညီတဲ့ ရည်မှန်းချက်မျိုး၊ ပန်းတိုင်မျိုးထားပြီး ဝိတ်ချတာက အကောင်းဆုံးနည်းလမ်းပါ။ မဟုတ်ရင်တော့ အလွန်အကျူးတွေ ဝိတ်ချလိုက် မနေနိုင်တော့တဲ့အခါရပ်လိုက်။ ပိုဝသွားလိုက်နဲ့ သံသရာလည်နေပါလိမ့်မယ်။

    ၇။ သင့်အလုပ်စားပွဲကို ရှင်းဖို့ လိုအပ်နေလို့

    ဝိတ်မကျရတဲ့အချက်တွေထဲမှာ သင့်ရဲ့ အလုပ်စားပွဲကလည်း တကယ့်ပြဿနာတစ်ရပ်ပါပဲ။ စားပွဲနဲ့ပတ်သက်ပြီးရင်ဆိုင်ရနိုင်တဲ့ပြဿနာတွေကို အောက်ပါနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

    • အထိုင်များတဲ့အလုပ်မျိုးဆိုရင် ဂရုတစိုက်နဲ့ တစ်နာရီခြားတစ်ခါလောက် လမ်းထလျှောက်ပေးတာမျိုးလုပ်ပေးဖို့ လိုအပ်ပါတယ်။
    • စားပွဲမှာ အစာပြေစားစရာတွေ မထားပါနဲ့။
    • အချိုရည်ဘူးတွေ အအေးဘူးတွေအစား ရေ ဒါမှမဟုတ် Detox တစ်မျိုးမျိုးကို အစားထိုး တင်ထားပါ။
    • နေ့လည်စာစားရင် ဖြည်းဖြည်းနဲ့ မှန်မှန်စားဖြစ်ဖို့ ထမင်းစားချိန်မှာ ခပ်အေးအေးသီချင်းမျိုးတွေ ဖွင့်နားထောင်ပါ။

    ၈။ သင်ဘာစားနေလဲဆိုတာကို ဂရုမစိုက်လို့

    ကိုယ်နေ့စဉ်မှီဝဲနေတဲ့အစားအစာတွေကို မှတ်ထားဖို့နဲ့ ဘာကိုစားမယ်၊ ဘာကိုမစားဘူးဆိုပြီး သတ်မှတ်ထားရှိဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ တစ်နပ်လောက်လျှော့စားလိုက်ရင် အိုခေမှာပါလေဆိုပြီး ကျန်တဲ့အချိန်စားချင်တာစားနေရင် သင်ဝိတ်ကျမှာမဟုတ်ပါဘူး။

    ၉။ လေ့ကျင့်ခန်းမလုပ်လို့

    ကိုယ်အလေးချိန်ကျဖို့ သင့်လျော်တဲ့ လေ့ကျင့်ခန်းတစ်မျိုးမျိုးလုပ်ပေးဖို့ လိုအပ်ပါတယ်။ Cardio ပဲဖြစ်ဖြစ်၊ ယောဂပဲဖြစ်ဖြစ်၊ Zumba ပဲဖြစ်ဖြစ်၊ အလေးမ၊ အပြေး၊ လမ်းလျှောက်စသဖြင့် တစ်မျိုးမျိုးပေါ့။ တစ်နေ့ကို မိနစ် ၃၀ ဝန်းကျင်လောက် လုပ်ပေးဖို့လိုအပ်ပါတယ်။

    ၁၀။ ဖြတ်သင့်တာတွေကို မဖြတ်လို့

    ဝိတ်ချတော့မယ်ဆိုရင် ကာဘိုဟိုက်ဒြိတ်၊ အဆီ၊ သကြား၊ ကယ်လိုရီတွေနဲ့ လမ်းခွဲလိုက်သင့်ပါတယ်။ ဒီလိုမဟုတ်ပဲ ဟိုနည်းနည်း ဒီနည်းနည်းဆက်ပြီး မှီဝဲနေဦးမယ်ဆိုရင် သင့်ရဲ့ ဝိတ်ချရေးလုပ်ငန်းစဉ်က အဆင်ပြေမှာမဟုတ်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement