backup og meta

ပျော်ရွှင်မြူးထူးစွာ Zumba ကကြမယ်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွှင်မြူးထူးစွာ Zumba ကကြမယ်

    ကိုယ်အလေးချိန်ကျအောင် Gym ကစားရတာ၊ လေ့ကျင့်ခန်းလုပ်တာဟာ ပျင်းစရာကောင်းတယ်လို့ ထင်ကြမှာပါ။ တစိုက်မတ်မတ် ဇွဲကောင်းကောင်းနဲ့ ပုံမှန် ပြုလုပ်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဝိတ်ကျဖို့အတွက် နည်းလမ်း နောက်တစ်မျိုးရှိနေပါသေးတယ်။ ဒါကတော့ ယနေ့ခေတ်ရေစီးကြောင်းမှာ ခေတ်စားလာတဲ့ ‘Zumba dance’ ဆိုတဲ့ ဇွန်းဘား အကပါပဲ။

    Zumbaအကဟာ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ရုံမကဘဲ Gym ဆော့ရသလိုလည်း ပျင်းရိဖွယ်မရှိပါဘူး။ လူအများအပြားနဲ့ သီချင်းမြူးမြူးလေးတွေ နားထောင်ပြီး စည်းချက်နဲ့အညီ ကခုန်ရတာကြောင့် ပျော်ဖို့တောင် ကောင်းပါသေးတယ်။ အံ့သြဖွယ်ကောင်းတာက ကိုယ်အလေးချိန်ကျစေတဲ့အပြင် အခြား ကောင်းကျိုးတွေလည်း ရှိနေပါသေးတယ်။ ဘာတွေလဲ ကြည့်လိုက်ကြရအောင်။

    Zumba အတန်းတစ်ခုကို သွားJoinလိုက်တာနဲ့ ပျမ်းမျှအားဖြင့် ကယ်လိုရီ ၆၀၀ ကနေ ၁၀၀၀ အထိ ကျနိုင်ပါတယ်တဲ့နော်။ မယုံမရှိပါနဲ့။ Zumba ကကွက်တွေဟာ ခုန်ပေါက်နေရရုံမကဘဲ ထပြီးထိုင်၊ ထိုင်ပြီးထရတဲ့ ကကွက်တွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့်  အချိုးကျနတဲ့ ခန္ဓာကိုယ်အချိုးအစားကို တည်ဆောက်ပေးနိုင်ပါတယ်။

    Zumba ဆိုတာ တစ်ကိုယ်လုံးအတွက် လေ့ကျင့်ခန်းပါ။ Zumba ဟာ အကရော လေ့ကျင့်ခန်း အပိုင်းတွေရော ရောပြွမ်းပါဝင်တဲ့ ဝိတ်ချနည်းလမ်း အသစ်အဆန်းတစ်ခုပါ။  Zumba ကခြင်းဖြင့် ခေါင်းအစ ခြေအဆုံး ကြွက်သားတွေ ပြေလျော့သွားနိုင်စေသလို ခြေသလုံးကြွက်သားတွေ၊ လက်မောင်းကြွက်သားတွေ အစရှိတဲ့ သန်စွမ်းဖို့လိုအပ်တဲ့ ကြွက်သားတွေဟာ ပိုမို သန်မာလာနိုင်ပါတယ်။

    Zumba ကတဲ့ နည်းလမ်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတိုင်း၊ အဆစ်အမြစ်တိုင်းလိုလိုအတွက် အကျိုးသက်ရောက်စေပါတယ်။  Gym ကစားသလို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီအတွက် လိုအပ်တဲ့ပုံစံမျိုးရဖို့ ကစားနည်းမျိုးစုံ လိုက်ကြိုးစားကြည့်စရာမလိုပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးအတွက် တစ်ချက်ခုတ်ရုံနဲ့ အချက်ပေါင်းများစွာပြတ်တဲ့ လေ့ကျင့်ခန်းပါ။

    လူဝင်ဆံ့လာနိုင်ပါတယ်။

    Zumba အတန်းတစ်ခုကို ပါဝင်ဆင်နွှဲခြင်းအားဖြင့် အလွန် စိတ်ဝင်စားစရာကောင်းပြီး ခင်မင်ဖွယ် ပျော်ပျော်နေတတ်တဲ့လူတွေနဲ့ ရင်းနှီးမှုရနိုင်ပါတယ်။ တစ်ပတ်ကို နှစ်ရက်သုံးရက်ပဲ ကဦးတော့၊ သူငယ်ချင်းမိတ်ဆွေအသစ်တွေ အများကြီးတိုးလာနိုင်ပါတယ်။ ဒါ့အပြင် ပါတီတွေ၊ ပွဲလမ်းသဘင်တွေ၊ ကာရာအိုကေဆိုပြီး ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်တဲ့အခါ သင်ဟာ ယုံကြည်မှုရှိစွာနဲ့ ကပြပျော်ရွှင်နိုင်ပါသေးတယ်။

    အနာဂတ်အလုပ်ခွင်မှာ သင်ဟာ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ထိတွေ့ပတ်သက်ရဦးမှာဖြစ်သလို ညှိုနှိုင်းတိုင်ပင်ရမယ့် ကိစ္စတွေလည်း အများအပြားရှိလာဉီးမှာပါ။ Zumba ကခုန်တဲ့အခါ ကိုယ့်ရဲ့အသင်းဖော်တွေနဲ့ ဟန်ပန်တူညီစွာ လှုပ်ရှားရပါတယ်။ ညီညီညာညာလေးဖြစ်မှ ကြည့်ရလှသလို အားလည်းတက်ပါတယ်။ ဒီအခါ ဘာအကျိုးကျေးဇူးရသလဲဆိုတော့ အခြားသူတွေနဲ့ ညှိုနှိုင်းတိုင်ပင်တဲ့အခါ ပိုမိုအဆင်ပြေ ချောမွေ့လာတတ်ပါတယ်။

    ဆက်ဆံရေးပြေပြစ်လာပြီး အသင်းအဖွဲ့စိတ်ဓာတ် (Team Spirit) လည်း ရှိလာမှာပါ။

    စိတ်တက်ကြွရွှင်လန်းစေဖို့ အကောင်းဆုံးသော လေ့ကျင့်ခန်းဟာ Zumba ပါပဲ။ တစ်နေ့လုံးကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို Zumba ကလိုက်ခြင်းဖြင့် လွှတ်ချလိုက်နိုင်ပါတယ်။ သီချင်းထဲမှာ ပါဝင်တဲ့ စည်းချက်တွေနဲ့ အတူတကွ ကခုန်လိုက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲကနေပြီးတော့  ‘Endorphin’ လို့ခေါ်တဲ့ ပျော်ရွှင်ခြင်း ဟော်မုန်းထွက်လာလို့ ပါပဲ။

    နှလုံးကျန်းမာရေးအတွက်လည်း အလွန်အကျိုးရှိပါတယ်။

    သီချင်းတစ်ပုဒ်နဲ့ မြူးကြွစွာ ကလိုက်ခြင်းအားဖြင့် နှလုံးခုန်မြန်လာစေပြီး နှလုံးရဲ့စွမ်းအားကို မြင့်မားစေနိုင်ပါတယ်။ နှလုံးပဲလားဆိုတော့ မဟုတ်ပါဘူး။ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်အတွက် အကျိုးရှိသလို သက်လုံလည်း ကောင်းလာစေနိုင်ပါတယ်။

    ၂၀၁၆ ခုနှစ်ရဲ့ လေ့လာချက်တစ်ခုမှာတော့ ၃ လတာ Zumba ကခဲ့တဲ့ သွေးတိုး ဝေဒနာရှင်အမျိုးသမီးဟာ ကိုယ်အလေးချိန်ကျဆင်းသွားပြီး သွေးပေါင်ချိန်လည်း သိသိ သာသာ လျော့နည်းသွားပါသတဲ့။ သွေးတိုးလို ရောဂါမျိုးရဲ့ အဓိကနည်းလမ်းဟာ နေထိုင် စားသောက်မှုပုံစံပြောင်းလိုက်ခြင်း မဟုတ်ပါလား။ Zumba ကခြင်းနဲ့ ကျန်းမာတဲ့ နေထိုင်မှု ပုံစံကိုမွေးမြူလိုက်တဲ့ သဘောပါပဲ။

    လေ့ကျင့်ခန်းတွေအပေါ်မှာ စွဲလမ်းတတ်လာမယ်။

    Gym ​ဆော့ရခြင်း၊   ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရခြင်းကို လူတွေဟာ သိပ်မကြိုက်ပါဘူး။ ဆက်တိုက် Gym ​ဆော့နေရင်းကနေ ခေတ္တရပ်နားလိုက်တဲ့အခါ တစ်ခါပြန်ဆော့ဖို့ အတော်လေး အားမွေးရတတ်ပါတယ်။ Zumba ကတော့ ဒီလိုမဟုတ်ပါဘူး။ ကခုန်ရခြင်း ကိုက ပျော်ရွှင်စရာလေးတစ်ခု ဖြစ်နေတော့ ရပ်ထားပြီး ပြန်ဆော့သည်ဖြစ်စေ၊ ဆက်တိုက် အလေ့အကျင့်တစ်ခုလို ဆော့နေရင်ဖြစ်စေ လုံးဝမငြီးငွေ့ပါဘူး။

    Zumba အကဟာ အသက်ကြီး၊ငယ် အရွယ်မရွေး ကခုန်လို့ရတဲ့အရာ တစ်မျိုးပါ။

    တခြားနိုင်ငံတွေမှာဆိုရင် ကလေးတွေအတွက် ရေမှာကခုန်ရတဲ့ ‘Agua-Zumba Class’​ တွေတောင် ဖွင့်ထားကြပါသေးတယ်။ မိမိကိုယ်ကို ယုံကြည်မှုတွေလည်း တိုးပွားလာမှာအမှန်ပါပဲ။

    Zumba ကခုန်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အနေအထားတွေ မှန်လာမယ်။

    မပြုလုပ်ရဲတဲ့အရာတွေ မှေးမှိန်ပျောက်ကွယ်သွားမယ်။ လူရှေ့သူရှေ့ထွက်ရဲလာမယ်။ လုပ်ချင်တာကို ရဲရဲတင်းတင်း ပြုလုပ်လာနိုင်မယ်။ လူမကြောက်တော့ဘူး။ လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်လာမယ်။

    မိမိကိုယ်ကို ပိုမိုကျေနပ်အားရလာနိုင်ပါသေးတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ သင့်ရဲ့ရုပ်ရည် အသွင်အပြင်ပေါ်မှာလည်း ရောင်ပြန်ဟပ်လာပြီး ပိုမိုကြည့်ကောင်းလာနိုင်ပါတယ်။ အဓိကကတော့ မိမိကိုယ်ကို ယုံကြည်မှုတွေ ပြည့်ဝလာမယ်လို့ ဆိုလိုပါတယ်။ မယုံမရှိပါနဲ့ တကယ်ပါပဲ။ နာကျင်မှုကို ခံနိုင်တဲ့ စွမ်းရည်လည်း မြင့်လာနိုင်ပါသေးတယ်။

    အချုပ်အားဖြင့် ပြောပြချင်တာကတော့ ယနေ့ခေတ် လူငယ်တွေ တစိုက်မတ်မတ် ကခုန်ကြတဲ့ ‘Zumba Dance’ ဟာ ကျန်းမာခြင်းစွမ်းရည်တွေ သာမက လူမှုဆက်ဆံရေးစွမ်းရည်တွေပါ ပေးစွမ်းနိုင်ပါတယ်။ အသက်အရွယ်မရွေးလည်း ကခုန်နိုင်တာမို့ အခုပဲသွားပြီး ‘Zumba’ သင်တန်းတစ်ခုကို သွားရောက်ပါဝင်လိုက်ပါတော့နော်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement