backup og meta

ဝမ်းဗိုက်အဆီ ကျစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thant Zin မှ ရေးသားသည်။ · 11/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းဗိုက်အဆီ ကျစေဖို့

    ကိုယ်အလေးချိန်လျှော့ချရာမှာ ဝမ်းဗိုက်အဆီ ချခြင်းဟာ အဓိကကျပါတယ်။ ဝမ်းဗိုက်အဆီများတာက တကယ်တော့ အန္တရာယ်ရှိပါတယ်။ အမျိုးအစား ၂ ဆီးချို၊ နှလုံးရောဂါ စတာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့်မို့ ဝမ်းဗိုက်အဆီချဖို့ဆိုတာ အလှအပကိစ္စတင်မဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကပါ အရေးကြီးပါတယ်။

    ဝမ်းဗိုက်အဆီ တွေကို တိုင်းတာဖို့အတွက် ခါးပတ်လည်ကို ပေကြိုးနဲ့ တိုင်းနိုင်ပါတယ်။ တကယ်လို့ အမျိုးသားတွေမှာ ၄၀ လက်မ (၁၀၂ စင်တီမီတာ) နဲ့အထက်၊ အမျိုးသမီးတွေမှာ ၃၅ လက်မ (၈၈ စင်တီမီတာ) နဲ့အထက် ရှိနေပြီဆိုရင် အဝလွန်စာရင်း ဝင်နေပြီဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချတဲ့ အစီအစဉ်အများစုရဲ့ အဓိကရည်မှန်းချက်ဟာလည်း ဝမ်းဗိုက်ကအဆီတွေကို လျှော့ချဖို့ ဖြစ်ပါတယ်။

    ယခုဆက်လက်ဖော်ပြမှာကတော့ ဝမ်းဗိုက်အဆီ တွေကို လျှော့ချဖို့ အခြေခံကျတဲ့ နည်းစနစ်တွေပဲ ဖြစ်ပါတယ်။

    ဝမ်းဗိုက်အဆီ ကျစေဖို့ နည်းလမ်းကောင်းများ

    ၁။ သကြားများသော၊ အချိုကဲသော အဖျော်ယမကာများရှောင်ပါ

    သကြား (သို့) အချိုကဲသော အစားအသောက်များက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ကိုယ်အလေးချိန်ကိုလည်း တက်စေပါတယ်။ စားကောင်းအောင်ပြုပြင်တဲ့အနေနဲ့ လိုတာထက်ပိုထည့်ထားတဲ့ သကြားများဟာ ဇီဝဖြစ်စဉ်ကို ဒုက္ခပေးပါတယ်။

    သုတေသနတွေအရ သကြားပမာဏလွန်ကဲခြင်းက ဝမ်းဗိုက်နဲ့ အသည်းမှာ အဆီတွေကို စုဝေးစေပါတယ်။ အထူးသဖြင့် fructose သကြား ဖြစ်ပါတယ်။ အိမ်သုံးသကြားက ဂလူးကို့စ်တစ်ဝက် ဖရက်တို့စ်တစ်ဝက်ဖြစ်ပါတယ်။ သကြားအများအပြားစားရင် အသည်းမှာ ဖရက်တို့စ်တွေစုပုံလာပြီး အဆီဓာတ်အဖြစ် ပြောင်းသွားစေပါတယ်။

    ဒါ့အပြင် သကြားရည်များဟာလည်း ကယ်လိုရီအများအပြားပါဝင်ပြီး အဝလွန်ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် တစ်နေ့တာ စားသောက်တဲ့အထဲမှာ သကြားပါဝင်မှုကို လျှော့ချပြီး အချိုဓာတ်ကဲတဲ့ အရည်တွေကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ဆိုဒါ၊ အချိုရည်၊ အားကစားသမားတွေ သောက်သုံးတဲ့ စွမ်းအားဖြည့်အချိုရည် စတာတွေ ဖြစ်ပါတယ်။

    ၂။ ပရိုတိန်း ပိုစားပါ

    ပရိုတိန်းဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အရေးအကြီးဆုံး အာဟာရဓာတ် ဖြစ်ပါတယ်။ သုတေသနတွေအရ အစားတစွတ်စွတ်စားချင်စိတ်ကို ၆၀% ကျစေပြီး တစ်နေ့တာဇီဝဖြစ်ပျက်မှုကို ၈၀-၁၀၀ ကယ်လိုရီထိ အားကောင်းလာစေပါတယ်။ တစ်ရက်မှာ ကယ်လိုရီ ၄၀၀ ကျော်လောက် စားသုံးမိခြင်းကနေ သက်သာစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ပရိုတိန်းကို လုံလောက်စွာ စားသုံးသင့်ပါတယ်။

    ပရိုတိန်းမြင့်မားတဲ့ စားစရာတွေဖြစ်တဲ့ ဥအမျိုးမျိုး၊ သားငါး၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်း စတာတွေကို နေ့စဉ် စားသုံးသင့်ပါတယ်။

    ၃။ ကာဘိုဟိုက်ဒရိတ်လျှော့စားပါ

    ဝမ်းဗိုက်အဆီ ကျစေချင်ရင် ကာဘိုဟိုက်ဒရိတ်ကို မဖြစ်မနေ လျှော့စားရမှာ ဖြစ်ပါတယ်။

    သုတေသနတချို့အရ ကစီဓာတ်ကို လျှော့စားပြီး ကိုယ်အလေးချိန်လျှော့သူများဟာ အဆီနည်းတဲ့ အစားအစာတွေစားပြီး ကိုယ်အလေးချိန်ချသူတွေထက် ၂-၃ဆ ပိုမိုထိရောက်တယ်လို့ ဆိုပါတယ်။

    အထူးသဖြင့် စားကောင်းအောင်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေဖြစ်တဲ့ သကြား၊ ချိုချဉ်၊ ပေါင်မုန့်ဖြူ စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်အလေးချိန်ကို မြန်မြန်ကျစေချင်သူများဟာ ကာဘိုဟိုက်ဒရိတ်ကို တစ်နေ့ ၅၀ ဂရမ်ပဲ စားသင့်ပါတယ်။ ဒါက မိမိခန္ဓာကိုယ်အလိုက် ပြောင်းလဲမှု ရှိနိုင်ပါတယ်၊၊

    အဆိုပါအခြေအနေမှာ လိုအပ်တဲ့လောင်စာအနေနဲ့ ကိုယ်ခန္ဓာကနေ အဆီတွေလောင်ကျွမ်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးချိုသမားတွေအတွက်လည်း အကျိုးရှိစေမှာ ဖြစ်ပါတယ်။

    ၄။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများစားပါ။

    များသောအားဖြင့် အမျှင်ဓာတ်ကို အသီးအနှံတွေ၊ အရွက်တွေကနေ ရရှိပါတယ်။ အမျှင်ဓာတ်များများစားခြင်းဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ များစွာ အထောက်အကူပြုပါတယ်။ တစ်နေ့ကို အမျှင်ဓာတ် ၁၄ ဂရမ်ခန့် ပိုစားပေးခြင်းဟာ ကယ်လိုရီစားသုံးမှုကို ၁၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး ကိုယ်အလေးချိန်ကို လေးလအအတွင်း ၄.၅ ပေါင် (၂ ကီလိုဂရမ်) ကျဆင်းစေတယ်လို့ သိရပါတယ်။

    တခြားသုတေသနတစ်ခုမှာလည်း နေ့စဉ် အမျှင်ဓာတ် ၁၀ ဂရမ်စားပေးခြင်းဟာ ဝမ်းဗိုက်အဆီကို ၃.၇ ရာခိုင်နှုန်းကျဆင်းစေတယ်လို့ သိရပါတယ်။

    အမျှင်ဓာတ်ရစေဖို့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ စားသုံးသင့်ပါတယ်။ ပဲအမျိုးမျိုးကလည်း အမျှင်ဓာတ် ရရှိနိုင်ပါတယ်။

    ၅။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဟာ အသက်ရှည်ရာ အနာမဲ့ကြောင်း အကြောင်းအရင်းတခုပဲ ဖြစ်ပါတယ်။ ဝမ်းဗိုက်အဆီ များကိုလည်း သိသိသာသာ ကျဆင်းစေပါတယ်။ လေ့ကျင့်ခန်းအမျိုးအစားတွေကလည်း မျိုးစုံရှိပါတယ်။ လမ်းလျှောက်ခြင်းကနေ ကခုန်လှုပ်ရှားခြင်းထိ အမျိုးမျိုး ရှိပါတယ်။

    အလေးမခြင်း၊ ကာဒီယို (ခေါ်) ကခုန်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဟာ ဝမ်းဗိုက်တင်မဟုတ်ဘဲ တစ်ကိုယ်လုံးက အဆီတွေကို လျှော့ချနိုင်ပါတယ်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း စတဲ့လေ့ကျင့်ခန်းများဟာလည်း ဝမ်းဗိုက်အဆီကို ကျစေနိုင်ပါတယ်။

    ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးတွင်းသကြားဓာတ်ကိုပါ ကျစေပြီး ဝမ်းဗိုက်အဆီစုခြင်းနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဇီဝဖြစ်ပျက်မှုပြဿနာတွေကို လျော့နည်းစေပါတယ်။

    ၆။ မိမိတစ်နေ့တာစားသောက်သည်များကို စိစစ်ပါ

    ကိုယ်အလေးချိန်လျှော့ချရာမှာ ဘာတွေစားမလဲဆိုတာ အာရုံစိုက်ကြပေမယ့် အဲ့ဒါတွေကို ဘယ်လိုမျိုး စားသောက်မလဲ သိပ်ပြီး အာရုံမထားကြပါဘူး။ ပရိုတိန်းများများစားပြီး ကာဘိုဟိုက်ဒရိတ် လျှော့စားတယ်ဆိုပေမယ့် ပိုတာလိုတာ ဖြစ်သွားနိုင်ပါတယ်။

    အစားအသောက်ကို စိစစ်ခြင်းဆိုရာမှာ စားမယ့်အစားအသောက်တွေကို အတိအကျ အလေးချိန်ချိန်ပြီး တိုင်းတာရမယ်လို့ မဆိုလိုပါဘူး။ အဓိကကတော့ ချိန်ဆပြီး စားနေတဲ့ရက်တိုင်းမှာ ဘာတွေစားဖြစ်သလဲ၊ ကယ်လိုရီပျမ်းမျှ ဘယ်လောက်ပါဝင်သလဲ မှတ်တမ်းတင်ထားဖို့ပါပဲ။ ကယ်လိုရီတွက်ချက်နည်းတွေကို အင်တာနက်မှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thant Zin မှ ရေးသားသည်။ · 11/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement