backup og meta

နေထိုင်မကောင်းချိန်မှာ စားသင့်တဲ့ အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thant Zin မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေထိုင်မကောင်းချိန်မှာ စားသင့်တဲ့ အစားအစာများ

    အစာလည်းဆေး ဆေးလည်းအစာ ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ အထူးသဖြင့် နေထိုင်မကောင်းဖြစ်ပြီး အားအင်မပြည့်ဝချိန်မှာ ဖြစ်ပါတယ်။ နေမကောင်းချိန်မှာ စားသောက်တဲ့ အစားအစာများဟာ ကျန်တဲ့အချိန်တွေထက် ပိုပြီးအရေးပါပါတယ်။ ရောဂါဝေဒနာတွေကို သက်သာစေဖို့၊ အာဟာရပြည့်ဝစေဖို့အတွက် နေထိုင်မကောင်းချိန်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ ကယ်လိုရီနဲ့ ပရိုတိန်းဓာတ်တွေ မျှတအောင် ရွေးချယ်စားသောက်တတ်ဖို့ လိုပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ နေထိုင်မကောင်းချိန်မှာ စားသင့်တဲ့ အစားအစာများ အကြောင်းပဲ ဖြစ်ပါတယ်။

    နေထိုင်မကောင်းချိန်မှာ စားသင့်တဲ့ အစားအစာများ

    နေထိုင်မကောင်းချိန်မှာ စားသင့်တဲ့ အစားအစာများ က ဘာတွေများ ဖြစ်မလဲ။

    ၁။ ကြက်စွပ်ပြုတ်

    အအေးမိတုပ်ကွေး ပြဿနာတွေအတွက် ကြက်စွတ်ပြုတ်ကို ဆေးဝါးတခုလိုအသုံးပြုခဲ့ကြတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပါတယ်။ ကြက်စွတ်ပြုတ်ဟာ ပရိုတိန်း၊ အရည်ဓာတ်နဲ့ ဓာတ်ဆားတွေ အများကြီးပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေဟာ နေထိုင်မကောင်းသူတွေအတွက် ဆေးဝါးတွေလိုပါပဲ။ အထူးသဖြင့် အဖျားတက်နေချိန်မှာ အရည်ဓာတ် ပိုမိုလိုအပ်ပါတယ်။

    ဒါ့အပြင် ကြက်စွတ်ပြုတ်မှာ cysteine ဆိုတဲ့ အမိုင်နိုအက်ဆစ်ပါဝင်ပါတယ်။ အဆိုပါ cysteine ဟာ ချွဲများကိုပျော်စေပြီး ဗိုင်းရပ်စ်ဆန့်ကျင်တဲ့၊ ရောင်ရမ်းမှာကျစေတဲ့ အာနိသင်တွေ ဖြစ်ပေါ်စေပါတယ်။ အသက်ရှူလမ်းကြောင်းက ချွဲသလိပ်တွေကို ရှင်းလင်းစေပါတယ်။ ချောင်းဆိုးခြင်း၊ နှာပိတ်ခြင်း စတာတွေကို သက်သာစေပါတယ်။

    ဒါပေမယ့် ပရိုတိန်းဓာတ်က စွပ်ပြုတ်ရည်ထက် အသားမှာ ပိုပါတဲ့အတွက် အရည်ချည်းပဲ မသောက်ဘဲ အသားပါ စားပေးသင့်ပါတယ်။

    ၂။ ကြက်သွန်ဖြူ

    ကြက်သွန်ဖြူဟာ သင့်ကျန်းမာရေးအတွက် များစွာ အကျိုးရှိပါတယ်။ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်အပင်အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို စတာတွေကို နှိမ်နင်းနိုင်တဲ့ အာနိသင်တွေ ရှိပါတယ်။ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။ အအေးမိတုပ်ကွေးဖြစ်နေချိန်မှာ ကြက်သွန်ဖြူ စားသုံးပေးခြင်းဟာ နာလန်ထစေဖို့ မြန်ဆန်စေပါတယ်။ ကြက်သားစွတ်ပြုတ်ကို ကြက်သွန်ဖြူနဲ့ တွဲဖက်စားသုံးရင် ပိုပြီး အာနိသင်ကောင်းမွန်ပါတယ်။

    ၃။ အုန်းရည်

    နေထိုင်မကောင်းလို့ အရည်ဓာတ်လိုအပ်နေချိန်မှာ အုန်းရည်ဟာ အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ အထူးသဖြင့် အဖျားတက်နေချိန်၊ ချွေးအလွန်အမင်းထွက်ချိန်၊ ပျို့အန်ချိန်၊ ဝမ်းပျက်ချိန်မှာ အရည်ဓာတ်ကို ပိုမိုလိုအပ်ပါတယ်။ အုန်းရည်ဟာ အနံ့အရသာ ကောင်းမွန်တဲ့အပြင် ဂလူးကို့စ်နဲ့ ဓာတ်ဆားတွေ ပါဝင်နေပါတယ်။

    သုတေသနအချို့အရ အုန်းရည်ဟာ လေ့ကျင့်ခန်းပြုလုပ်ပြီးချိန် ဒါမှမဟုတ် ဝမ်းသွားပြီးချိန်မှာ အရည်ဓာတ် ပြန်လည်ဖြည့်တင်းဖို့ သင့်တော်ကြောင်း သိရပါတယ်။ တခြားအရည်တွေထက်စာရင် ဝမ်းဗိုက်ကို မအီမသာဖြစ်စေခြင်း၊ အောင့်ခြင်း မဖြစ်သလောက်ပါပဲ။ ဒါ့အပြင် အုန်းရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ လေ့လာချက်တခုမှာတော့ အုန်းရည်ဟာ လေပွစေတယ်လို့ ဆိုပါတယ်။ ဖြည်းဖြည်းချင်းသောက်ရင်တော့ လေပွလေထ သိပ်မဖြစ်စေပါဘူး။

    ၄။ ပျားရည်

    ပျားရည်မှာ ဘက်တီးရီးယားတွေကို နိုင်တဲ့ အာနိသင်ရှိပါတယ်။ ရှေးခေတ်အီဂျစ်များဟာ ပျားရည်ကို အနာဆေးထည့်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ ပျားရည်ဟာ ကိုယ်ခံစွမ်းအားကို လှုံ့ဆော်ပေးတဲ့ အာနိသင်ရှိတယ်လို့လည်း သိရပါတယ်။ အဆိုပါအာနိသင်တွေကြောင့် နေထိုင်မကောင်းချိန်မှာ ပျားရည်ကို သုံးစွဲသင့်ခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဘက်တီးရီးယားပိုးတွေကြောင့် လည်ချောင်းနာနေချိန် ဖြစ်ပါတယ်။

    ပျားရည်ဇွန်းတဝက်ခန့် (၂.၅ မီလီလီတာ)ကို နို့တခွက်၊ ဒါမှမဟုတ် ရေ စသဖြင့် ရောစပ်သောက်သုံးခြင်းဟာ အရည်ဓာတ်ကိုပါ ဖြည့်တင်းပေးရာရောက်သလို ချောင်းဆိုးနဲ့လည်ချောင်းနာကိုလည်း သက်သာစေပါတယ်။

    ၅။ ဂျင်း

    ဂျင်းမှာ ပျို့အန်ခြင်းကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ဒါမှမဟုတ် ကင်ဆာဆေးသွင်းချိန်မှာ ဖြစ်တတ်တဲ့ ပျို့အန်ချင်စိတ်ကို သက်သာစေပါတယ်။ ဒါ့အပြင် ဂျင်းမှာ အရောင်ကျစေတဲ့ အာနိသင်ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ၊ ပိုးမွှားများသေစေတဲ့ ဂုဏ်သတ္တိ၊ ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေလည်း ရှိပါတယ်။

    ၆။ ငှက်ပျောသီး

    ငှက်ပျောသီးဟာလည်း အနံ့အရသာကောင်းမွန်တဲ့အပြင် ကယ်လိုရီ၊ အာဟာရဓာတ် စတာတွေ အချိုးကျကျပါဝင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဝမ်းပျက်ချိန်မှာ ငှက်ပျောသီးကိုစားပေးရင် အမျှင်ဓာတ်တွေပါတာမို့ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

    ၇။ ဒိန်ချဉ်

    ဒိန်ချဉ်တခွက်မှာ ကယ်လိုရီ ၁၅၀ နဲ့ ပရိုတိန်း ၈ ဂရမ် ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်လည်း ကြွယ်ဝပြီး တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒိန်ချဉ်အတော်များများမှာ probiotic လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်နေပါတယ်။ Probiotic သုံးစွဲတဲ့ ကလေးတွေရော လူကြီးတွေပါ အအေးမိတုပ်ကွေးဖြစ်တာနည်းပြီး ဖြစ်ခဲ့ရင်လည်း နာလန်ထမြန်ပါတယ်။

    ၈။ ထောပတ်သီး

    ထောပတ်သီးမှာ ကာဘိုဟိုက်ဒရိတ် အနည်းငယ်သာ ပါဝင်ပြီး အဆီဓာတ်များပါတယ်။ သံလွင်ဆီမှာ တွေ့ရတဲ့ အဆီနဲ့တူပါတယ်။ အမျှင်ဓာတ်အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ကယ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေလို့ နေထိုင်မကောင်းချိန်မှာ စားသုံးဖို့ သင့်တော်ပါတယ်။

    ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေ ပါဝင်လို့ ရောင်ရမ်းမှုကို လျော့နည်းစေပြီး ကိုယ်ခံအားစနစ်မှာ ပါဝင်ကူညီနိုင်ပါတယ်။

    နေထိုင်မကောင်းချိန်မှာ နာလန်ပြန်ထဖို့၊ နေပြန်ကောင်းဖို့ အစားအသောက်တွေကို ဂရုစိုက်စားသောက်ဖို့ လိုပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ အစားအသောက်အပြင် အနားကောင်းကောင်းယူဖို့လည်း လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thant Zin မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement