backup og meta

ဘီယာသောက် လို့ ဗိုက်ပူတာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 28/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘီယာသောက် လို့ ဗိုက်ပူတာလား

    ဘီယာတွေ အလွန်အကျွံသောက်သုံးတတ်တဲ့ အမျိုးသားတွေမှာ ဗိုက်ထွက်လာတဲ့ ပြဿနာမျိုး ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင် ချစ်သူခင်သူ ရင်းနှီးသူတွေက ဘီယာသောက် တဲ့ အမျိုးသားကို ဘီယာဗိုက် လို့ စနောက်ကျမှာ မလွဲဧကန်ပါပဲ။

    အသောက်အစားလေးကလည်းရှိ မအားမလပ်လို့ လေ့ကျင့်ခန်းလည်း ပုံမှန်မလုပ်နိုင်တဲ့သူတွေဆိုရင် ဘီယာဗိုက်ဆိုတဲ့ ဘွဲ့ကိုရဖို့ သိပ်နီးစပ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘီယာဗိုက်ဖြစ်နေတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အတော်ကိုများပြားတဲ့ အမျိုးသားထုကြီးဟာ ဒီဘွဲ့ကို ရရှိနေကြပါတယ်။

    တစ်ခုရှိတာက ဒီလို ဘီယာဗိုက်ဆိုတဲ့ ဘွဲ့အမည်နာမကြီးက တကယ်ကို ဘီယာသောက် လို့ ရလာတာလား။ ကြည့်ရအောင်။

    ဘီယာသောက် တာဟာတကယ် ဗိုက်ပူစေသလား

    ဘီယာသောက် တာကြောင့် ဗိုက်ခေါက်ထွက်လာနိုင်တယ်လို့ ယတိပြတ်ပြောလို့မရပါဘူး။ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဗိုက်ထွက်စေတာတော့ ဟုတ်ပါတယ်၊၊တကယ်တမ်း ဗိုက်ပူစေတဲ့ပြဿနာက ဘီယာသောက်သုံးပြီးတဲ့နောက်မှာ ခန္ဓာကိုယ်အတွင်း စုကျန်ခဲ့တဲ့ ကယ်လိုရီတွေကို လုံလောက်မျှတအောင် မချေဖျက်နိုင်တာကြောင့်ဖြစ်ပါတယ်။

    ဘီယာထဲကပါလာတဲ့ ကယ်လိုရီတွေအပြင်၊ အမြည်းအဖြစ် တွဲဖက်စားသောက်တဲ့ အစားအစာတွေက ကျန်ရှိနေတဲ့ ကယ်လိုရီဓာတ်တွေနဲ့ ပေါင်းစပ်လိုက်ချိန်မှာ အတော်များပြားတဲ့ ကယ်လိုရီ အစုအဝေးကြီး ဖြစ်သွားပါတယ်။ ဒီကယ်လိုရီတွေက လူတွေရဲ့ ဝမ်းဗိုက်မှာ အဆီပိုတွေ ဖြစ်ပေါ်စေတာပါ။

    တကယ်တမ်း အရက်၊ ဘီယာကြောင့် အဆီပိုဖြစ်စေတယ်ဆိုတဲ့ ကိစ္စကတော့ ၅၀/၅၀ အနေအထားပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန် ဘီယာတစ်ခွက်ရဲ့ ကယ်လိုရီပမာဏက ၁၅၀ ဝန်းကျင်သာဖြစ်ပြီးတော့ အသင့်စားခေါက်ဆွဲထုပ်တစ်ထုပ်မှာ ကယ်လိုရီ ၅၀၀+ ပါဝင်တာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

    အရက်၊ ဘီယာစတာတွေကို အလွန်အကျွံ သောက်သုံးခဲ့မယ်ဆိုရင် ခါးတုတ်လာဖို့ထက် အသည်းထိခိုက်ဖို့က ဖြစ်နိုင်ချေပိုများပါတယ်။

    တကယ်တမ်း မိမိရဲ့ ဗိုက်အရွယ်အစားကို ကြီးထွားလာစေမယ့် ကယ်လိုရီအများစုက ဘီယာသောက် သုံးချိန်မှာ တွဲဖက်စားသောက်တဲ့ အစားအစာတွေ အကင်တွေ၊ အကြော်အလှော်တွေ၊ ကြက် ဝက်စတဲ့ အသားဟင်းလျာတွေ၊ ပီဇာနဲ့ အသင့်စားအစားအစာလို တွဲဖက်အစားအစာတွေဆီကနေ လာပါတယ်။

    ဒါပေမယ့် အရက်၊ ဘီယာသောက်သုံးမှုဟာ အဆာပြေအစာနဲ့ အမြည်းတွေပိုစားဖြစ်အောင် တွန်းအားပေးတာမို့ သူ့အပြစ်လည်း လုံးလုံးကြီးကင်းတယ်တော့ မဆိုသာပါဘူး။

    ဘာလို့ ဗိုက်မှာ အဆီတွေ စုလာတာလဲ?

    ခန္ဓာကိုယ်မှာ အဆီတွေများပြားလာတဲ့အခါမျိုးမှာ အသက်အရွယ်၊ လိင်နဲ့ ဟော်မုန်းတွေပေါ်လိုက်ပြီး စုဆောင်းတဲ့နေရာခြင်းမတူညီပါဘူး။ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေမှာတောင်မှ အဆီတွေ စုနေတဲ့နေရာမတူညီပါဘူး။

    မိန်းကလေးတွေရဲ့ အဆီပိုတွေဟာ  ဗိုက်အပြင် လက်မောင်း၊ ပေါင်၊ တင်ပါးတို့လို နေရာအနှံ့မှာရှိနေနိုင်ပါတယ်။ ယောက်ျားလေးတွေကတော့ ဝပြီဟေ့ဆိုရင် ဗိုက်မှာအဆီပိုတွေစုနေတာမျိုး ပိုဖြစ်ပါတယ်။

    ဘယ်သူတွေဆီမှာ ပိုဖြစ်သလဲ?

    ဘီယာဗိုက်တွေဟာ လူငယ်တွေထက် လူကြီးတွေမှာ ပိုဖြစ်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာသလို ကိုယ်လက်လှုပ်ရှားမှုလည်း နည်းပါးလာတာကြောင့်ဖြစ်ပါတယ်။

    ဘီယာသောက် တာက အပြစ်လား?

    ဘီယာသောက်တာက အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးဆိုင်ရာပြဿနာလေးတွေတော့ ကြုံရဖို့များပါတယ်။ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေဖြစ်နိုင်ချေလည်း အတော်လေးများပါတယ်။

    ခါးအတိုင်းအတာ (ကျား -၄၀လက်မ) နဲ့ (မ-၃၅ လက်မ) ထက်ပိုမိုနေပြီဆိုရင် နှလုံးနဲ့ ဆက်စပ်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ပိုမိုလေးလံတဲ့ ခန္ဓာကိုယ်ကို သယ်ဆောင်ထားရတာမို့ တင်ပါးနဲ့ ပေါင်တွေကိုလည်း ထိခိုက်နိုင်ပါတယ်။

    ဘီယာဗိုက်ကို ဘယ်လိုဖျောက်ကြမလဲ

    ဘီယာဗိုက် ဆိုတာမျိုးက ဖြစ်လာပြီဆိုရင် ဥုံဖွဆိုပြီး ချက်ခြင်းပျောက်ကွယ်သွားအောင်လုပ်ဖို့ မလွယ်ကူပါဘူး။ အသင့်လျော်ဆုံးနဲ့ အရင်ဆုံးစတင်သင့်တဲ့ နည်းလမ်းကတော့ အရက်၊ ဘီယာသောက်သုံးမှုကို လျှော့ချတာ၊ ဒါမှမဟုတ် ရပ်တန့် လိုက်တာပါပဲ။

    ကယ်လိုရီအပိုတွေ မရှိအောင် သတိထားနေထိုင်စားသောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာကတော့ အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 28/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement