backup og meta

ကလေးတွေမှာ ထိခိုက်ရှနာ ဘယ်လိုအရေးပေါ်ဂရုစိုက်မလဲ

မသိနားမလည်သေးဘဲ ပျော်ရွှင်ဖို့၊ ပြေးလွှားဆော့ကစားဖို့လောက်သာ သိတဲ့ ကလေးဘဝကို အမြဲပြန်လည်တောင့်တလေ့ရှိကြပါတယ်။ ရင့်ကျက်လာချိန်မှာ စိတ်ပင်ပန်းလာတဲ့အခါတိုင်း အပူအပင်ကင်းတဲ့ ကလေးဘဝပြန်ရောက်ချင်တယ်ပဲ တဖွဖွညည်းကြတယ်။
ကလေးဆိုတာ အပူအပင်တော့ ကင်းရင်ကင်းနိုင်ပေမယ့် ထိခိုက်ဒဏ်ရာတွေ၊ အနာတွေနဲ့တော့ မကင်းနိုင်တာသေချာပါတယ်။ အနည်းဆုံးတော့ ချော်မလဲဖူးတဲ့ကလေးမရှိသလောက်ပဲလေ။ အဲ့လို ထိခိုက်မိတဲ့အခါမျိုးမှာ အနာပဲ နောက်တော့ကျက်သွားမှာပေါ့ ဆိုပြီး ပေါ့ပေါ့ဆဆမထားသင့်ပါဘူး။ နာကျင်ရသက်သာအောင် ကလေးကို ဘယ်လိုဂရုစိုက်ပေးဖို့လိုမလဲဆိုတာ မိဘတွေ သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်သားသမီးလေးတွေမှာ အပူအပင်ရော နာကျင်မှုရော ကင်းတဲ့ပျော်ရွှင်တဲ့ကလေးဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
ကလေးမှာ တစ်ခုခုထိခိုက်လာပြီဆိုရင် အရင်ဆုံး –
ဒဏ်ရာအနေအထားကို ကြည့်ပါ
ဒဏ်ရာကသေးလား၊ ကြီးလား၊ နက်လား၊ ရှတဲ့ဒဏ်ရာလား၊အကိုက်ခံရတာလား၊ အချွန်နဲ့စူးထားတာလား၊ ပွန်းပဲ့ရုံပဲလား အရင်စစ်ဆေးပါ။ အနာသေးသေးဆို အိမ်မှာပဲ ကိုယ်တိုင်ပြုစုကုသပေးလို့ရပေမယ့် ဒဏ်ရာကြီးရင်၊ နက်ရင်၊ ဒဏ်ရာက မျက်နှာမှာဖြစ်ရင်(မျက်လုံးနား) ဆရာဝန်နဲ့အမြန်ဆုံးပြပါ။
အနာကိုသန့်စင်ပါ
  • လက်ကိုစင်အောင်ဆေးကြောပါ။
  • အနာကို သန့်စင်တဲ့ ရိုးရိုးရေနဲ့ဆေးကြောပါ။ အညစ်အကြေးနဲ့အမှုန်အမွှားတွေပါသွားပါလိမ့်မယ်။
  • အနာတဝိုက်ဘေးဧရိယာတွေကိုတော့ ဆပ်ပြာအပျော့စားနဲ့ရေနဲ့ဆေးကြောပါ။ အနာကို ဆပ်ပြာတိုက်ရိုက်မသုံးပါနဲ့။

သွေးတိတ်အောင်လုပ်ပါ

  • အနာကို ပိုးသတ်ထားတဲ့ gauze သို့မဟုတ် သန့်စင်တဲ့အဝတ်စ နဲ့အုပ်ပြီး သွေးတိတ်တဲ့အထိ ဖိထားပေးပါ။
  • gauze မှာသွေးတွေရွှဲလာရင် ဆွဲမဖယ်လိုက်ပါနဲ့။နောက်အသစ်တစ်ခုအပေါ်ကထပ်အုပ်ပါ။
  • သွေးတိတ်ပြီး မိနစ်အနည်းငယ်ကြာတဲ့အထိ ဆက်ဖိထားပေးပါ။
  • အနာရှိနေတဲ့အစိတ်အပိုင်း လက် သို့မဟုတ် ခြေထောက်ကိုမြှင့်ထားပေးပါ။

ဆေးထည့်ပါ

  • ပိုးသတ်ဆေး၊ အနာထည့်ဆေးတစ်ခုခု ထည့်ပါ။
  • ပြီးရင် ပလာစတာလေးကပ်ပြီးရောဂါပိုးမဝင်အောင်ကာကွယ်ပေးပါ။

တကယ်လို့ –

  • ကလေးကသွေးအရမ်းထွက်နေရင်
  • ၁၀ မိနစ်လောက်ဖိပေးထားတာတောင်သွေးမတိတ်ဘူးဆိုရင်
  • ကလေးရဲ့အရေပြားမှာ တစ်စုံတစ်ခုစူးဝင်နေဆဲဖြစ်ရင် (ဥပမာ သံစူးတာ)
  • မျက်လုံး သို့မဟုတ် နှာခေါင်းနားရွက်တို့မှာ ရှတဲ့ဒဏ်ရာဆိုရင်
  • ဒဏ်ရာကြီးရင်
  • အနာက အပေါ်ယံကျက်သလိုနဲ့ ထိလိုက်တိုင်းသွေးပြန်ထွက်နေရင်
  • တိရစ္ဆာန်အကိုက်ခံရတာဆိုရင်ဆေးကုသမှုသေချာခံယူသင့်သလို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ကာကွယ်ဆေးတွေ ထိုးသင့် ထိုးရပါမယ်။

ညစ်ပေတဲ့အရာဝတ္ထုတွေကြောင့် စူးမိတာ၊ပြတ်ရှတာတွေအတွက်ဆို ဆရာဝန်က မေးခိုင်ကာကွယ်ဆေးထိုးခိုင်းနိုင်ပါတယ်။နောက်ပိုင်းမှာ အနာတဝိုက် နီမြန်းနေတာ၊ ပြည်တည်နေတာ၊ ရောင်ရမ်းနေတာလိုမျိုး လက္ခဏာတစ်ခုခုတွေ့ရရင် ဒါမှမဟုတ် အနာကိုထိလိုက်တဲ့အခါ ပူနေရင် အနာက ပိုးဝင်နေတာဖြစ်နိုင်လို့ အမြန်ကုသမှုခံယူသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://kidshealth.org/en/parents/cuts-sheet.html

https://www.webmd.com/first-aid/treating-cuts-and-bleeding-in-children

https://www.babycenter.com/0_cuts-and-scrapes_407.bc

ယခုပုံစံ

23/05/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘယ်လိုအခြေအနေမျိုးတွေမှာ မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုမလဲ

အနာပိုးမဝင်အောင်ကာကွယ်သင့်တဲ့ အကြောင်းအရင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/05/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement