နွေရာသီမှာ ဆီးချိုရောဂါရှိသူတွေ ကျန်းမာစေဖို့

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရာသီဥတု လူသားတွေအံတုလို့မရတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။နွေပူလာတာကတော့ သိသိသာသာနော်။ သာမန်လူတွေအတွက်တောင်နေရထိုင်ရတာခက်တဲ့ ပူပြင်းနေချိန်မှာရောဂါအခံရှိသူတွေဆိုရင် ပိုဆိုးတော့မှာပေါ့။ ဒီတစ်ခေါက်တော့နွေပူလာလို့ ဆီးချိုရှိတဲ့ မိဘတွေ နဲ့ ကိုယ်ချစ်ရသူကိုစိတ်ပူနေသူတွေအတွက် နွေရာသီမှာ ဆီးချိုရှိနေသူကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်နော်။

နွေဥတုနဲ့ခန္ဓါကိုယ်တုံ့ပြန်မှု

ရာသီဥတုပူပြင်းမှုက လူတိုင်းသည်းမခံနိုင်တဲ့ ကိစ္စတွေထဲကတစ်ခုနော်။ ခန္ဓါကိုယ်က ချွေးထွက်များပြီးရေဓါတ်ဆုံးရှုံးမှုများတဲ့ရာသီတစ်ခုပေါ့။နေလောင်တာကြောင့်အသားကလည်းမဲသေးတယ်နော်။ရေဓါတ်ဆုံးရှုံးမှုကြောင့်လေးလံထိုင်းမှိုင်းတာတွေ၊ မအီမသြာဖစ်တာတွေခံစားလာရနိုင်ပါတယ်။ ဒီလိုခံစားရမှုက သာမန်လူမှာဖြစ်တာနော်။ ဒါဆိုဆီးချိုသမားတွေရော ဘယ်လိုများခံစားရနိုင်လဲ။

နွရာသီနဲ့ဆီးချို

ခန္ဓါကိုယ်က အပူဒဏ်နဲ့ထိတွေ့မိတဲ့အခါချွေးထွက်များလာမယ်။ ဒီလိုချွေးထွက်များလာတာကရေဓါတ်ဆုံးရှုံမှုကိုဖြစ်စေတယ်။ရေဓါတ်ဆုံးရှုံးမှုရဲ့နောက်ဆက်တွဲအနေနဲ့သွေးတွင်းသကြားဓါတ်ြမင့်တက်လာမယ်။ပြောချင်တာကတော့နွေရာသီမှာသွေးချိုတက်လွယ်တယ်၊ ဆီးချိုရောဂါရှိသူတွေ ပိုသတိထားသင့်တယ်ပေါ့နော်။

အပူချိန်က ခန္ဓါကိုယ်ရဲ့ အင်ဆူလင်စုပ်ယူမှုအပေါ်မှာ သက်ရောက်မှုဖြစ်စေပါတယ်။ ရာသီဥတုပူတဲ့အခါ အရေပြားဆီကိုသွေးစီးဆင်းမှုပိုရောက်စေနိုင်ပါတယ်။ ဒီလိုဖြစ်စေဖို့ကရေဓါတ်လုံလောက်စွာရရှိနေဖို့လိုမှာပါ။ တကယ်လို့ရေဓါတ်မလုံလောက်ဘူးဆိုရင်တော့သွေးစီးဆင်းရောက်ရှိမှုကနည်းသွားပြီး ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ခန္ဓါကိုယ်ရဲ့ အင်ဆူလင်စုပ်ယူမှုအပေါ်မှာ ထိခိုက်မှုဖြစ်လာစေပြီးသွေးချိုတက်စေနိုင်ပါတယ်နော်။ ဒါဆိုဘယ်လိုလုပ်ရမလဲ။

နွေရာသီမှာ ဆီးချိုရှိသူကို ဒီလိုဂရုစိုက်ပါ

ရေဓါတ်ပြည့်ဝနေပါစေ -နွေရာသီရဲ့ အပူဒဏ်ကြောင့်ချွေးထွက်များပြီးရေဓါတ်ဆုံးရှုံမှုက သာမန်အချိန်တွေထက်ပိုများနိုင်ပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်မှာသွေးစီးဆင်းမှုကောင်းစေပြီး အင်ဆူလင်စုပ်ယူမှုကောင်းစေဖို့အတွက်ရေဒါတ်ပြည့်ဝအောင်သောက်သုံးဖို့လိုအပ်ပါမယ်။ရေများများသောက်ဖြစ်အောင်ဂရုစိုက်ပါ။

မကြာခဏသွေးချိုတိုင်းပါ -နွေရာသီမှာ အပူချိန်လွန်ကဲတာနဲ့ အပူရှပ်တာတို့ကြောင့်မောပန်းလွယ်တာ၊ မအီမသာဖြစ်တာ၊အော့အန်တာ၊ခေါင်းထဲမှာ ရီဝေဝေဖြစ်တာ နဲ့ ချွေးထွက်လွန်းတာမျိုးတွေဖြစ်နိုင်ပြီးသွေးချိုတက်တဲ့အခါ ဒါမှမဟုတ်သွေးချိုကျတဲ့အခါမှာခံစားရတဲ့လက္ခဏာတွေနဲ့ရောထွေးနိုင်တာကြောင့် မကြာခဏဆိုသလိုသွေးချိုတိုင်းပေးပါ။

လေ့ကျင့်ခန်းလုပ်တာကို သတိထားပေးပါ -သွေးချိုကျပြီး ကျန်းမာနေစေဖို့ ဆီးချိုရှိသူတွေမဖြစ်မနေလုပ်တတ်ကြတာ တစ်ခုရှိပါတယ်။ ဒါကတော့လေ့ကျင့်ခန်းလုပ်တာပါ။နွေရာသီမှာလေ့ကျင့်ခန်းမလုပ်ရဘူး၊လို့မဆိုလိုပါဘူး။ ပင်ပင်ပန်းပန်းမလုပ်ဖို့ပဲလိုတာပါ။ နေအရမ်းပူနေချိန်မျာလေ့ကျင့်ခန်းမလုပ်ပါနဲ့။လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် မနက်ခင်း ၁၀ နာရီမတိုင်ခင်နဲ့ ညနေ ၄ နာရီနောက်ပိုင်းမှလုပ်ပေးပါ။ချွေးအရမ်းထွက်လာမယ်။ နှလုံးခုန်နှုန်းမြန်လာမယ်ဆိုရင်လေ့ကျင့်ခန်း ဆက်မလုပ်သင့်တော့ပါဘူး။ နားပေးပါ။ပြီးရင်သွေးချိုတိုင်းပေးပါ။

နေလောင်မခံပါနဲ့ -နေလောင်တာက အရေပြားကိုပျက်စီးစေနိုင်သလို ဆီးချိုရှိသူတွေမှာသွေးချိုထိန်းညှိမှုကို ထိခိုက်စေနိုင်ပါတယ်။နေလောင်တာကြောင့် အရေပြားမှာရောင်ရမ်းတာဖြစ်စေပြီးသွေးတွင်းသကြားဓါတ်ကိုမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်နေလောင်ဒဏ်မခံပါနဲ့။ အပြင်ထွက်တိုင်းနေလောင်ကာခရင်မ်လူးပေးပါ။

အာဟာရမျှတအောင်ပြင်ဆင်ပေးပါစားသောက်ဖို့ပြင်ဆင်ပေးတဲ့အခါမှာလည်း အဆီများတာ၊ အချိုများတာတွေကိုရှောင်ရပါမယ်။ ဟင်းသီးဟင်းရွက်နဲ့ အသားမျှတအောင်ပြင်ဆင်ပေးပါ။ ထမင်းကိုလျှော့ကျွေးပေးပါ။

အဝတ်အစားဂရုစိုက်ပေးပါ -နွေအပူချိန်နဲ့နေလောင်မှုတွေကို ကာကွယ်ဖို့နေလောင်ကာခရင်လူးပေးတာအပြင် နောက်ထပ်ဂရုစိုက်ရမှာတစ်ခုက အဝတ်အစားတွေကို ချည်သားပွပွချောင်ချောင်လေးတွေဝတ်ဆင်ပေးဖို့ပါ။ အဝတ်အစားတွေကိုလေဝင်လေထွက်ကောင်းတာမျိုးဖြစ်ဖို့လည်း အထူးဂရုပြုပေးပါနော်။

ခြေထောက်ကိုဂရုစိုက်ပေးပါ – ဆီးချိုသမားတွေက အခြားသူတွေထက်ခြေထောက်ကို ပိုဂရုစိုက်ပေးဖို့လိုပါမယ်။ ဆီးချိုရောဂါက အချိန်ကြာလာနဲ့အမျှခြေထောက်က အာရုံကြောလေးတွေထိခိုက်လာပြီး အာရုံခံစားနိုင်စွမ်းနည်းလာပါတယ်။ ဒါကြောင့်နေ့စဉ်ခြေထောက်မှာ ထိခိုက်မိထားတာရှိသလားဆိုတာကို စစ်ဆေးပါ။ခြေထောက်မှာရေဓါတ်ခမ်းခြောက်ပြီး အသားခြောက်တာေကြာင့်ပြဿနာတစ်စုံတရာရှိ၊မရှိစစ်ဆေးပေးပါ။ တကယ်လို့ခြေထောက်မှာမှိုပိုးဝင်ထားတာမျိုးရှိနေမယ်ဆိုရင် အမြန်ဆုံးကုသမှုခံယူဖို့လိုပါမယ်။ ဖိနပ်ကိုလည်း ကျပ်တာမျိုးတွေမစီးပါနဲ့။လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာရှိမှာမျိုးကို စီစဉ်ပေးပါ။ ဖိနပ်မပါဘဲ လမ်းလျှောက်တာမျိုးမဖြစ်စေဖို့ ဂရုစိုက်ပါ။

ကဲ…….. ပူပြင်းတဲ့နွေရာသီမှာ ဆီးချိုရှိနေတဲ့ မိမိချစ်ခင်ရတဲ့သူတွေကို ဒီနည်းလမ်းလေးတွေနဲ့စောင့်ရှောက်ပေးလိုက်ပါနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ မတ် 18, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။