backup og meta

အိမ်က ဆီးချိုရှိတဲ့ဘိုးဘိုးဘွားဘွားတွေ အတွက် အစားအသောက်ကို ဘယ်လိုပြင်ဆင်ပေးကြမလဲ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုဆိုတဲ့ ရောဂါက ခက်တော့အခက်သား။ ကိုယ်စားချင်တာတွေ စားလို့မရ၊ စားချင်တိုင်းလည်း မစားရတဲ့ ရောဂါတစ်ခုဆိုတော့ ဆီးချိုဖြစ်ပြီဆိုတာနဲ့ မစားရတော့ဘူးဆိုပြီး စိတ်ညစ်တာက အရင် နောက်မှ ရောဂါရှိနေကြောင်း လက်ခံကြတာထုံးစံပါ။ အားလုံးလဲသိကြမှာပါ။ ဆီးချိုရှိပြီဆိုတာနဲ့ သကြားဆိုတာကိုယ့်ရန်သူ၊ ကိုယ်အကြိုက်ဆုံး ထမင်းဆိုလည်း အဝေးလေးကနေပဲ မျှော်ပြီးကြည့်နေရတဲ့ မြင်သာမြင် မကြင်ရတော့တဲ့သူ ဖြစ်သွားပါတော့တယ်။ ဒီတော့ ဆီးချိုသမားတွေ ခေါင်းထဲတွေးလေ့ရှိတာတဲ့အတွေးလေးက ဘာများဖြစ်မလဲ။

    ဆီးချိုဖြစ်ပြီဆို ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာလေးပေါ့။

    • ဆီးချို မထိန်းနိုင်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ နှလုံး၊ကျောက်ကပ်ရောဂါတွေကလည်း ရှိသေးတော့ ေသွးတွင်းသကြားဓါတ်ထိန်းမှ ဖြစ်မှာလေ။ သွေးတွင်းသကြားဓါတ်ကို ထိန်းတဲ့နေရာမှာလည်း အစားအစာက အဓိကဆိုတော့ ဟိုဟာနဲ့ မတည့် ဒီဟာလည်း စားမရ။ ဘာတွေ များစားလို့ရဦးမလဲ ။ ။ အရမ်းကြီးလည်း စိတ်ညစ်မသွားပါနဲ့။ ဆီးချိုဆိုတာ ဆေးချက်ချင်းမသောက်ရဘဲ အစားနဲ့ အရင် ထိန်းလို့ရတဲ့ ရောဂါတစ်ခုဆိုတာ မမေ့လိုက်ပါနဲ့ဦး။

    ဒီတော့ ဆောင်းပါးလေးကနေ ဆီးချိုရှိနေတဲ့ သူအားလုံးအတွက် အသင့်တော်ဆုံး စားသောက်မှုပုံစံလေးတွေ အကြောင်းပြောပြပေးမှာ ဖြစ်လို့ ဖတ်ထားသင့်တယ်နော် ။ ဒါလေးတွေသိထားတော့ အိမ်မှာ ဆီးချိုရှိတဲ့ ဘိုးဘိုးဘွားဘွားတွေအတွက် စားစရာလေးတွေ ပြင်ဆင်ပေးလို့လည်း ရတာပေါ့။

    ဆီးချိုရှိသူတိုင်း သိထားသင့်တဲ့ စားသောက်နေထိုင်မှု ပုံစံ ။ ။

    ဘာတွေစားပေးရမလဲ။ ဘာတွေရှောင်ရမလဲဆိုတာလေးတွေပေါ့။

    ( ၁ ) ဆန်လုံးညို ထမင်းဆို ပိုကောင်းပါတယ်။

    ထမင်းဖြူနဲ့ ဆန်လုံးညိုဆိုရင် ဆီးချို သမားတွေ အတွက် ဆန်လုံးညိုက ပိုသင့်တော်ပါတယ်။ မနက်စာဆိုရင်တော့ အုတ်ဂျုံ လေးတွေ ဖျော်တိုက်တို့၊ ဘာလီဆန်ပြုတ်လေးတွေ လုပ်ပေးပါ။ သရေစာ ပေါင်မုန့်တွေ ပြင်ဆင်ပေးတဲ့အခါမှာလည်း whole wheat bread တို့ ပေါင်မုန့်ကြမ်းတို့က ဆီးချိုရှိတဲ့သူတွေ အတွက် အသင့်တော်ဆုံးပါ။ အရေးအကြီးဆုံး တစ်ခုကတော့ အရင်တုန်းကလို ထမင်းတွေ ပေါင်မုန့်တွေကို စိတ်ရှိတိုင်း စားလို့မရတော့ဘူး။ လျှော့စားရမယ်ဆိုတာပါ။

    ( ၂ ) ပန်းကန်ကို ၅ပိုင်း စိတ်ထဲ ပိုင်းလိုက်ပါ။

    ကစီဓါတ်များတဲ့ အစားအစာတွေအများကြီး မစားမိဖို့အတွက် ပန်းကန်ရဲ့ ၅ ပုံ၃ ပုံကို အသီးအရွက်တွေပုံပါ။ ကျန်တဲ့ ၅ ပုံ၁ ပုံမှာတော့ ထမင်းနဲ့ နောက် ၅ ပုံ ၁ပုံမှာတော့ အသားတွေ ဖြည့်လိုက်ပါ။ ထမင်းစားလည်း နည်းသွားမယ် အသီးတွေ ၊ အသားတွေ ပိုစားမယ်ဆိုရင် သွေးတွင်းသကြားဓါတ်ကို ထိန်းပြီးသားလည်း ဖြစ်သလို ပရိုတင်းရဲ့အာနိသင်ကြောင့် အားမရှိသလိုမျိုးခံစားရမှာလည်း မဟုတ်ပါဘူး။

    • အသီးအရွက် – ပန်းသီး၊ ဘယ်ရီသီး သစ်တော်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်၊ မုန်လာဥနီ စတဲ့ အချိုမကဲတဲ့ အသီးအရွက်တွေ ပြင်ဆင်ပေးပါ။
    • ပရိုတင်း – အဆီသိပ်မများတဲ့ အသားဟင်းတွေ၊ ပဲအမျိုးမျိုး ကျွေးပေးလို့ရပါတယ်
    • ကစီဓါတ် – ဆန်လုံးညို၊ ထမင်းဖြူ၊ အုတ်ဂျုံ ၊ ဘာလီဆန်စတာတွေကို သင့်တော်တဲ့ ပမာဏလောက် ပြင်ဆင်ပေးပါ။

    ( ၃ ) အစေ့အဆန်တွေ စားပေးပါ။

    အစေ့အဆန်တွေမှာပါဝင်တဲ့ မပြည့်ဝဆီ တွေ က နှလုံးကို အားကောင်းစေမယ့်အပြင် သွေးတွင်းအဆီဓါတ်ကိုလည်း ထိန်းညှိပေးတာကြောင့် ဆီးချိုအပြင် နောက်ထပ် ရောဂါတွေ ထပ်တိုးမလာဖို့ သူတို့က ကာကွယ်ပေးပါတယ်။ နောက်ပြီး အမျှင်ဓါတ်လည်း ကြွယ်ဝ၊ အဆာလည်းခံစေလို့ အစားအများကြီး မစားမိအောင် သူတို့က ထိန်းပေးတာကြောင့် သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းပြီးသားဖြစ်မှာပါ။

    ( ၄ ) Whey ပရိုတင်းလိုမျိုး ဖြည့်စွက်အာဟာရတွေ တိုက်ပေးလို့ရပါတယ်။

    ဆီးချိုလည်းရှိတော့ ဘာမှလည်း မစားရဲ၊ စားချင်ပေမယ့်လည်း ခံတွင်းမလိုက်တော့ စားလို့မကောင်းလို့ တဖြည်းဖြည်း ပိန်လှီလာတဲ့ ဘိုးဘိုးဘွားဘွားတွေ အတွက်ကိုတော့ Whey ပရိုတင်းလိုမျိုး ဖြည့်စွက်အာဟာရတွေတိုက်ပေးသင့်ပါတယ်။ ပရိုတင်းဆိုတော့ ကြွက်သားတွေပြန်လည်တောင့်တင်းအောင် ကူညီပေးမယ့်အပြင် နှလုံးကြွက်သားကိုပါအားကောင်းစေတာကြောင့် နှလုံးရောဂါအတွက် စိတ်အေးရမှာနော်။

    (၅) ရေသောက်မနည်းပါနဲ့

    ဆီးချိုရှိသူတွေမှာ အရေးကြီးတဲ့တစ်ချက်ကရေသောက်ဖို့ပါ။ရေဓါတ်ပြည့်ဝနေဖို့ကလည်းသွေးတွင်းသကြားဓါတ်ထိန်းတဲ့နေရာမှာ အရေးပါနေပါတယ်။သွေးတွင်းသကြားဓါတ်မြင့်လာတဲ့အခါ ခန္ဓါကိုယ်က ပိုလျှံနေတဲ့သကြားဓါတ်ကိုဖယ်ထုတ်ဖို့ဆီးကတဆင့် စွန့်ထုတ်ပါလိမ့်မယ်။ ဒီလိုနဲ့ ဆီးသွားတာများတဲ့အခါ ခန္ဓါကိုယ်မှာရေဓါတ်ပြန်ဖြည့်ဖို့လိုအပ်လာပါတယ်။ ဒါ့ကြောင့်ရေသောက်ခြင်းကသွေးတွင်းကသကြားဓါတ်ကို တချို့တဝက်စွန့်ထုတ်နိုင်ဖို့ အထောက်အကူပေးပါတယ်။

    စားသင့်တာတွေ ပြီးပြီဆိုတော့ ဘယ်လို အစားအစာတွေကို ဆီးချို သမားတွေရှောင်ရမလဲ။

    ဆီးချိုရောဂါရှိရင် ဒါတွေကိုရှောင်ပါ

    သကြား – အားလုံးသိတဲ့အတိုင်း သကြားနဲ့ ဆီးချိုက ရန်ဖက်တွေပါ။ ဒီတော့ သကြားပါဝင်မှုများတဲ့ အချိုကဲတဲ့ သရေစာတွေ အသီးတွေကို ရှောင်နိုင်ရင် အကောင်းဆုံးပါ။ မရှောင်နိုင်ရင်တော့ ပမာဏ အနည်းငယ်လောက်သာ စားပါလို့ အကြံပေးချင်ပါတယ်။

    ကိုလက်စထရော– အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ၊ တိရစ္ဆာန်တွေဆီကနေရတဲ့အဆီတွေ၊ကြက်ဥအနှစ်၊အသည်းနဲ့ အခြားဝမ်းတွင်းသားတွေက ကိုလက်စထရောပါဝင်မှုများတာကြောင့် မစားသုံးသင့်ပါဘူး။

    ဆိုဒီယမ်– နားလည်လွယ်အောင်ပြောပြရရင် အငန်ဓါတ်ပေါ့။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ခံတွင်းတွေ့အောင်ဆိုပြီး ဆားတွေ၊ ဟင်းခတ်မှုန့်တွေ အများကြီးထည့်စားတာမျိုး မလုပ်ပါနဲ့။သွေးတိုးရောဂါဝင်လာနိုင်တာကြောင့်ပါ။ ဒါကြောင့် တတ်နိုင်သမျှ အငန်ကဲတာတွေကို လျှော့စားပေးပါ။

    ပြည့်ဝဆီ– အဆီပါဝင်မှုများတဲ့နို့ထွက်ပစ္စည်းတွေအမဲသား၊ ဟော့ဒေါ့၊ ကြက်အူချောင်း၊ ဝက်အူချောင်း နဲ့ ဝက်ပေါင်ခြောက်လိုမျိုးတိရစ္ဆာန်ကနေရတဲ့ အဆီတွေကနေထုတ်ထားတဲ့ အစားအစာတွေမှာ ပြည့်ဝဆီတွေပါနေတတ်ပါတယ်။

    Trans fats –ဒီအဆီတွေကို အသင့်စား သရေစာတွေ၊ ဘီစကစ်၊ပေါင်မုန့်အဖြူ၊ ကိတ်မုန့်လိုမျိုး အစားအစာတွေ ကို အများကြီးမစားပါနဲ့။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement