backup og meta

သင်က သွေးအားနည်း တတ်သူလား

သင်က သွေးအားနည်း တတ်သူလား

သင်က သွေးအားနည်း တတ်သူလား ….. သွေးအားနည်း တယ်ဆိုတဲ့ စကားကို အရပ်ထဲမှာ ခဏခဏ ကြားဖူးမှာပါ။ “နင်ကလည်းဟယ် ဖြူဖျော့နေတာပဲဟယ်။ သွေးအားနည်းနေတာလား။” ဒါမှမဟုတ် “ငါခုတလော ခေါင်းမူးနည်းတယ်။ သွေးအားများ နည်းနေလား မသိဘူး”လို့ ပြောတာမျိုး ကြားဖူးမှာပါ။ သူတို့ပြောတာတွေ ဟုတ်ပါတယ်။ ဒါဟာ သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေပါပဲ။

သင်က သွေးအားနည်း တတ်သူလား

သွေးအားနည်းတယ်လို့ ပြောရင် တော်တော်များများက သံဓာတ်အားနည်းတာနဲ့ တွဲမြင်ကြပါတယ်။ ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် သွေးအားနည်းတိုင်း သံဓာတ်အားနည်းနေတာ မဟုတ်ပါဘူး။ သွေးအားနည်းခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ အဲ့ဒါတွေကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာပါ။

သွေးအားနည်းတယ်ဆိုတာ ဘာလဲ။

သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးနီဥတွေ အလုပ်ကောင်းကောင်း မလုပ်နိုင်တာ၊ အရေအတွက် နည်းသွားတာကို ဆိုလိုတာပါ။ အတိအကျပြောရရင် သွေးနီဥထဲက ဟေမိုဂလိုဘင်လို့ခေါ်တဲ့ ပရိုတိန်းဓာတ် နည်းနေတာပါ။ ဒီဓာတ်လေးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်စီဂျင်တွေ၊ အာဟာရတွေကို ယူပြီး ကိုယ်ထဲမှာ လှည့်လည်သွားလာနေတာပါ။ ဒါကြောင့် သွေးအားနည်းသွားရင် အောက်စီဂျင်ကောင်းကောင်းမရဘဲ မောတာတွေ ဖြစ်လာတာပေါ့။

သွေးနီဥတွေကို ရိုးတွင်းဖြင်ဆီကနေ ထုတ်ပေးပါတယ်။ ဒီလို ထုတ်ပေးဖို့အတွက် သံဓာတ်တွေ၊ ဗီတာမင်တွေ လိုအပ်ပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့ရင်၊ ဗီတာမင် မလုံလောက်ရင် သွေးအားနည်းတယ်ဆိုတာ ဖြစ်လာတာပေါ့။

သွေးအားနည်း စေတဲ့ အကြောင်းရင်းများ

သွေးအားနည်းတဲ့ ရောဂါ အမျိုးပေါင်း ၄၀၀ကျော်လောက် ရှိပါတယ်။ ဒါတွေကို အုပ်စုခွဲရင်

  • သွေးထွက်လို့ ဖြစ်တဲ့ သွေးအားနည်းရောဂါ
  • သွေးနီဥ ကောင်းကောင်း မထုတ်နိုင်လို့ ဖြစ်တဲ့ သွေးအားနည်း ရောဂါ
  • သွေးနီဥတွေ ဖျက်ဆီးခံရလို့ ဖြစ်တဲ့ သွေးအားနည်းရောဂါဆိုပြီး ရှိပါတယ်။

သွေးထွက်လို့ ဖြစ်တဲ့ သွေးအားနည်းရောဂါ

သွေးထွက်ရင်လည်း သွေးနီဥတွေ ဆုံးရှုံးပြီး သွေးအားနည်းတတ်ပါတယ်။ အထူးသဖြင့် နာတာရှည် သွေးယိုစိမ့်ရင်ပေါ့။ သင်ကတော့ သတိထားမိချင်မှ ထားမိမှာပါ။ ဥပမာပြောရရင်

  • အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုတာ (ဥပမာ အနာကြောင့်၊ လိပ်ခေါင်းကြောင့်၊ အစာအိမ်ရောင်နေတာ၊ ကင်ဆာ)
  • အစာအိမ်ထိခိုက်စေနိုင်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေ အလွန်အကျွံသောက်မိတာ
  • အမျိုးသမီးတွေ ရာသီသွေးဆင်းများတာ
  • သွေးထွက်သံယို ဒဏ်ရာရတာ၊ ခွဲစိတ်တဲ့အခါ သွေးထွက်များရင်လည်း သွေးအားနည်းတာမျိုး ဖြစ်နိုင်ပါတယ်။

သွေးနီဥ ကောင်းကောင်း မထုတ်နိုင်လို့ ဖြစ်တဲ့ သွေးအားနည်း ရောဂါ

သွေးနီဥကို ရိုးတွင်းခြင်ဆီက ထုတ်ပေးတာပါ။ ဒီလိုထုတ်ဖို့ ကုန်ကြမ်းပစ္စည်းတွေ (ဥပမာ သံဓာတ်၊ ဗီတာမင်)တွေ မရတဲ့အခါ ထုတ်လုပ်မှု ကျဆင်းလာပြီး သွေးအားနည်းလာပါတယ်။ ဒါနဲ့ဆိုင်တဲ့ ပြဿနာတွေကတော့

  • ရိုးတွင်းခြင်ဆီ ဒါမှမဟုတ် stem cell ပြဿနာ

ရိုးတွင်းခြင်ဆီ ခမ်းခြောက်ရောဂါ (aplastic anaemia)၊ ခဲဆိပ်သင့်တာ၊ သာလာဆီးမီးယား သွေးရောဂါ

  • အာဟာရချို့တဲ့တဲ့ ပြဿနာ

သံဓာတ်ချို့တဲ့ခြင်း (အစာချေးများပြီး သံဓာတ်ချို့တဲ့တာ၊ သံဓာတ်စုပ်ယူမှုကို တားဆီးတဲ့ ကော်ဖီတွေ၊ လက်ဖက်ရည်တွေသောက်တာ၊ အူရောဂါ၊ အစာအိမ်အူလမ်းကြောင်း သွေးယိုတာ၊ ကိုယ်ဝန်ဆောင်နေတာ၊ ရာသီသွေးဆင်းများတာ )

-ဗီတာမင် ဘီ12နဲ့ ဖောလိတ် ချို့တဲ့တာ (အသားမစားလို့ ဘီ12ချို့တဲ့တာ၊ အကျက်လွန်တဲ့ အသီးအရွက်တွေစားတာ၊ အာဟာရပြည့်ဝအောင် မစားတာတွေကြောင့် ဖောလိတ် ချို့တဲ့တာ၊Pernious anaemiaကြောင့် အူက စုပ်ယူမှု မကောင်းတာ၊ အရက်နဲ့ တချို့ ဆေးဝါးတွေကြောင့် အူက ကောင်းကောင်း မစုပ်ယူနိုင်ဘဲ ချို့တဲ့တာ)

  • နာတာရှည် ရောဂါတွေကြောင့် ချို့တဲ့တာ

ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ဟော်မုန်း နည်းတာ၊ကင်ဆာရောဂါ၊ နာတာရှည် ပိုးဝင်တာ၊ ဆီးချို စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီရောဂါတွေမှာ သွေးနီဥထုတ်ဖို့ လိုအပ်တဲ့ ဟော်မုန်းတွေ လျော့နည်းသွားလို့ပါ။

သွေးနီဥတွေ ဖျက်ဆီးခံရလို့ ဖြစ်တဲ့ သွေးအားနည်းရောဂါ

သွေးနီဥတွေက အထိအခိုက် မခံနိုင်ပါဘူး။ တချို့သော ရောဂါတွေမှာ ပေါက်ထွက်ပြီး hemolytic anaemiaဆိုတာ ရတတ်ပါတယ်။ မွေးစကတည်းက ဖြစ်နိုင်သလို အသက်ကြီးမှလည်း ဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင်

  •  ခုခံအားစနစ် ကမောက်ကမ ဖြစ်ပြီး ကိုယ့်သွေးနီဥကို ပြန်တိုက်ခိုက်တဲ့အတွက် ပေါက်ထွက်ပြီး သွေးအားနည်းတာ။ ဒါက အမေ့ဗိုက်ထဲမှာ ရှိနေသေးတဲ့ မွေးတောင် မမွေးသေးတဲ့ ကလေး၊ ခုမှမွေးတဲ့ မွေးကင်းစလေးတွေမှာတောင် ဖြစ်တတ်ပါတယ်။
  • သွေးနီဥ ပုံစံမမှန်လို့ ခုခံအားစနစ်က မမှတ်မိဘဲ ဖျက်ဆီးလိုက်တာ (ဥပမာ သာလာဆီးမီးယား၊ တံစဉ်ပုံစံ သွေးနီဥရောဂါ)
  • ဘေလုံးကြီးတဲ့ ရောဂါ
  • အသည်းနဲ့ ကျောက်ကပ် ပျက်စီးလို့ ထွက်လာတဲ့ အဆိပ်အတောက်တွေကနေ သွေးနီဥကို ဖျက်ဆီးတာ
  • နှလုံးအဆို့ရှင်လဲထားတာ၊ ကင်ဆာ၊ ပြင်းပြင်းထန်ထန် မီးလောင်ထားတာ၊ သွေးတိုးမထိန်းနိုင်တာ၊ တချို့သော ဓာတုပစ္စည်းတွေကြောင့်လည်း သွေးနီဥတွေ ပျက်စီး တတ်ပါတယ်။

တကယ်တော့ သွေးအားနည်းတယ်ဆိုတာ လက္ခဏာ တစ်ခုပါ။ သူ့ရဲ့ နောက်ကွယ်မှာ ရောဂါတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါကြောင့် သွေးအားနည်းတယ်လို့ထင်ရင် ဆရာဝန်နဲ့ သေချာပြသပြီး နောက်ကွယ်က အကြောင်းရင်းကို ရှာဖွေကုသရမှာပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.betterhealth.vic.gov.au/health/conditionsandtreatments/anaemia

https://www.mayoclinic.org/diseases-conditions/anemia/symptoms-causes/syc-20351360

https://www.webmd.com/a-to-z-guides/understanding-anemia-basics#1

ယခုပုံစံ

14/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါအတွက် စားသောက်မှုပုံစံ

ဗီတာမင်စီနှင့် သွေးအားနည်းရောဂါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement