backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hemolytic uremic syndrome ( HUS )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hemolytic uremic syndrome ( HUS ) ကဘာလဲ။

Hemolytic uremic syndrome (HUS) ဆိုတာ သွေးနီဥများ ပုံမှန်မဟုတ်ဘဲ ပျက်စီးတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ သွေးနီဥအပျက်အစီးတွေဟာ ကျောက်ကပ်ရဲ့ စစ်ထုတ်တဲ့နေရာတွေမှာပိတ်ဆို့ပြီး အသက်အန္တရာယ်ရှိတဲ့ ကျောက်ကပ်ပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။

Hemolytic uremic syndrome ( HUS ) က ဘယ်လောက်အဖြစ်များသလဲ

၅နှစ်အောက်ကလေးတွေမှာ အဖြစ်အများဆုံးဖြစ်သော်လည်း ဒီထက်ပိုကြီးတဲ့ ကလေးများနဲ့ လူကြီးများမှာပါ ဒီရောဂါ ဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Hemolytic uremic syndrome ( HUS ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Hemolytic uremic syndrome ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

သွေးဝမ်းသွားခြင်း

ဗိုက်နာခြင်း

အသားအရေဖျော့တော့ခြင်း

စိတ်တိုလွယ်ခြင်း

ပင်ပန်းနွမ်းနယ်ခြင်း

ဖျားခြင်း

အကြောင်းအရင်းမရှိဘဲ သွေးခြည်ဥခြင်း၊ သွေးထွက်ခြင်း

ဆီးသွားနည်းခြင်း

ဗိုက်ဖောင်းလာခြင်း

ဆီးထဲတွင်သွေးပါခြင်း

သတိမကောင်းခြင်း

အန်ခြင်း

မျက်နှာ၊ခြေလက်များ ဖောရောင်ခြင်း

တက်ခြင်း(ဖြစ်ခဲသည်) တို့ ဖြစ်ပါသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Hemolytic uremic syndrome ( HUS ) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်စေနိုင်တဲ့ အတွေ့ရဆုံးအကြောင်းအရင်းကတော့ အဆိပ်တစ်မျိုး shiga toxin ကို ထုတ်တဲ့ E. coli ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။ ဒီအဆိပ်ထုတ်တဲ့ ဘက်တီးရီးယားဟာ O157:H7 မျိုးဖြစ်ပြီး အခြားE.coli အမျိုးတွေကလည်း E.coliနဲ့ ပတ်သတ်နေတာကို တွေ့ရှိရပါတယ်။

E.coli ဟာ ကျန်းမာတဲ့ လူနဲ့ တိရိစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ ပုံမှန်တွေ့ရတဲ့ ဘက်တီးရီးယားမျိုး ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ E.coli အမျိုးအစားတွေဟာ အန္တရာယ်မဖြစ်စေနိုင်ပါ။ သို့သော်HUS ဖြစ်စေတဲ့ အမျိုးအပါအဝင် အချို့အမျိုးအစားတွေဟာ အစားအစာမှတဆင့် ပြင်းထန်တဲ့ကူးစက်ရောဂါ ဖြစ်စေပါတယ်။

E.coli ကို

မသန့်ရှင်းသော အသား၊ ခြံထွက်သီးနှံ

မစင်နှင့် ထိတွေ့ထားသော ရေကန်/ရေကူးကန်များမှာ တွေ့ရပါတယ်။

တခါတရံ မိသားစုတွင်း/ကလေးထိန်းကျောင်းမှာ ရောဂါရှိသူနဲ့ နီးနီးကပ်ကပ်ထိတွေ့မိလျှင်လည်း ကူးစက်နိုင်ပါတယ်။

E.coliရောဂါပိုး ကူးစက်ခံရသူအများစုမှာ ဆိုးရွားတဲ့ အမျိုးအစားကူးစက်ခံရသော်လည်း HUS ဖြစ်လေ့မရှိပါ။

HUS ရဲ့ အခြားအကြောင်းအရင်းများမှာ

Quinine sulfate ကဲ့သို့ ဆေးများ၊ ကင်ဆာရောဂါအတွက်သုံးသော အချို့ဆေးများ၊ cyclosporine ပါဝင်သော ခုခံအားစနစ် ထိန်းချုပ်ဆေးများ၊ သွေးမခဲဆေးများ သောက်ခြင်း

HIV/AIDS၊ အဆုတ်ရောင်နမိုးနီးယား ဘက်တီးရီးယားပိုးဝင်ခြင်း စသည့် ကူးစက်ရောဂါများ

ကိုယ်ဝန်ဆောင်ချိန် (ဖြစ်ခဲသည်) တို့ဖြစ်ပါတယ်။

ပုံမှန်မဟုတ်တဲ့ ထူးခြား HUS ၊ မူလ HUSတို့ ဖြစ်ပွားနိုင်ခြေဟာ ကလေးတွေမှာ မျိုးရိုးလိုက်တတ်တာ တွေ့ရပါတယ်။ ထူးခြား HUS ဖြစ်စေတဲ့ မျိုးဗီဇဖောက်ပြန်မှုကို သယ်ဆောင်သူဟာ သူ့မှာ ရောဂါဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ မကောင်းတဲ့ မျိုးဗီဇဟာ အသက်ရှူလမ်းကြောင်းအထက်ပိုင်း/ ဝမ်းဗိုက်ကို ရောဂါပိုးဝင်ချိန်မှာ ထကြွလာတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hemolytic uremic syndrome ( HUS ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Hemolytic uremic syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

၅နှစ်အောက်ကလေးများ

အသက်၇၅နှစ်အထက်ရှိသူများ

မျိုးရိုးဗီဇအရ HUS ဖြစ်လွယ်သူများ တို့ဖြစ်ပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ Hemolytic uremic syndrome မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hemolytic uremic syndrome ( HUS ) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးဆဲလ်များ ပျက်စီးနေသလား၊ ကျောက်ကပ်အလုပ်လုပ်နိုင်စွမ်း ကျဆင်းနေပြီလား သိဖို့ အခြေခံစစ်ဆေးမှုများ ပြုလုပ်နိုင်ပါတယ်။

သွေးဆဲလ်အရေအတွက် စစ်ဆေးမှု

သွေးနီဥ၊သွေးဥများရဲ့ အရေအတွက်နဲ့ အရည်အသွေးကိုပါ သွေးစစ်ကြည့်ပြီး သိနိုင်ပါတယ်။

အခြားသွေးစစ်မှုများ

ကျောက်ကပ်စွမ်းရည်ကို စစ်ဆေးဖို့ ဆရာဝန်က BUN, creatinine တို့ကို သွေးစစ်ကြည့်နိုင်ပြီး ပုံမှန်အဖြေမရပါက ကျောက်ကပ်မှာ ပြဿနာရှိနေကြောင်း သိနိုင်ပါတယ်။

ဆီးစစ်ခြင်း

ဆီးထဲမှာ သွေး သို့မဟုတ် အသားဓါတ်ပါမပါ စစ်ဆေးနိုင်ပါတယ်။

ဝမ်းစစ်ခြင်း

ဝမ်းထဲမှာ ဘက်တီးရီယား/သွေးပါခြင်းရှိလျှင် ဆရာဝန်က သင့်ရောဂါလက္ခဏာများရဲ့ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်နိုင်ပါလိမ့်မယ်။

Hemolytic uremic syndrome ( HUS ) ကို ဘယ်လိုကုသပါသလဲ

HUS ကို ဆေးရုံမှာ ကုသဖို့ လိုပါတယ်။ ဝေဒနာသက်သာဖို့နဲ့ နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ဖို့ အောက်ပါအတိုင်း ကုသရပါတယ်။

ရေဓါတ်ဖြည့်ခြင်း။ ကျောက်ကပ်တွေက အရည်နဲ့အညစ်အကြေးများကို ပုံမှန်အတိုင်း မစွန့်ထုတ်နိုင်တော့တဲ့အတွက် ဆုံးရှူံးသွားတဲ့ ရေနဲ့ဓါတ်ဆားများကို ဂရုစိုက်ပြီး ပြန်ဖြည့်ပေးရပါမယ်။

သွေးသွင်းခြင်း။ သွေးနီဥများကို အကြောထဲသွင်းပေးခြင်းဖြင့် HUSရဲ့ လက္ခဏာများဖြစ်တဲ့ ချမ်းတုန်ခြင်း၊ ပင်ပန်းခြင်း၊ အသက်ရှူမဝခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသားဝါခြင်း၊ ဆီးအရောင်ရင့်ခြင်းတို့ကို သက်သာစေပါတယ်။

သွေးဥမွှားသွင်းခြင်း။ သင့်မှာ သွေးထွက်နေလျှင်၊ သွေးခြည်ဥနေလျှင် သွေးဥမွှားကို အကြောထဲကသွင်းခြင်းက သွေးကိုပုံမှန်အတိုင်းခဲစေခြင်းဖြင့် ကူညီနိုင်ပါလိမ့်မယ်။

သွေးရည်ကြည်လဲခြင်း။ သွေးဆဲလ်များနဲ့ သွေးဥမွှားများ လှည့်လည်ခြင်းကို သွေးရည်ကြည်က ကူညီပေးပါတယ်။ သွေးထဲကသွေးရည်ကြည်ကို စွန့်ထုတ်ပြီး အလှူရှင်ရဲ့ အေးခဲထားသော/ချက်ခြင်းထုတ်ယူသော သွေးရည်ကြည် နဲ့လဲလှယ်ဖို့ စက်အကူအညီယူရပါတယ်။

ကျောက်ကပ်ဆေးခြင်း။ သွေးထဲမှ အညစ်အကြေးများနဲ့ ပိုလျှံနေသော အရည်များကို စွန့်ထုတ်ဖို့ တခါတရံ ကျောက်ကပ်ဆေးဖို့ လိုပါမယ်။ ကျောက်ကပ်ပုံမှန်အလုပ်လုပ်နိုင်သည်အထိ ယာယီကူညီပေးခြင်းသာ ဖြစ်ပါတယ်။ သို့ပေမယ့် ကျောက်ကပ်ကို အကြီးအကျယ်ထိခိုက်သွားလျှင်တော့ ရေရှည်ကျောက်ကပ်ဆေးဖို့ လိုပါတယ်။ HUSလူနာတွေမှာ အထူးသဖြင့်ကလေးငယ်တွေမှာ သင့်လျော်တဲ့ကုသမှုပေးနိုင်လျှင် ရောဂါလုံးဝပျောက်ကင်းနိုင်ပါတယ်။

HUS ကြောင့် ကျောက်ကပ်ပျက်စီးမှု ကျန်ခဲ့လျှင် ဆရာဝန်က ကျောက်ကပ်ကို ထပ်မံထိခိုက်မှုမှကာကွယ်ဖို့ သွေးပေါင်ကျဆေးတိုက်ပါလိမ့်မယ်။ ၅နှစ်တိတိ နှစ်စဉ်ကျောက်ကပ်စွမ်းဆောင်ရည် စစ်ဆေးဖို့ ဆေးခန်းပြန်ပြရပါမယ်။

ထူးခြားHUS

ဖြစ်လေ့မရှိတဲ့ ဒီHUS မျိုးကို သွေးရည်ကြည်လဲလှယ်ခြင်းနဲ့ ကုသနိုင်ပါတယ်။ သင့်ဆရာဝန်က ကျန်းမာတဲ့ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်နိုင်တဲ့ eculizumab ဆေးပေးပြီး ကုသပါမယ်။ ပြင်းထန်တဲ့ ကူးစက်ရောဂါများမှ ကာကွယ်ဖို့ သင်ရော သင့်ကလေးပါ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးထိုးထားရပါမယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Hemolytic uremic syndrome ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် Hemolytic uremic syndrome ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ပေါင်းခံပိုးသတ်ထားခြင်းမရှိတဲ့ နို့များ၊ ဖျော်ရည်များ သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

အစာမစားခင်၊ အိမ်သာတက်ပြီး၊ ကလေးအနှီးလဲပြီး လက်ကို စင်ကြယ်စွာဆေးကြောပါ။

မီးဖိုချောင် အသုံးအဆောင်များကို မကြာခဏ သန့်ရှင်းရေးလုပ်ပါ။

အသားများကို အနည်းဆုံး ၁၆၀ဒီဂရီ ဖာရင်ဟိုက်ရောက်အောင် ချက်ပြုတ်ပါ။ မိုက်ကရိုဝေ့၊ ရေခဲသေတ္တာထဲမှာ အရည်ပျော်အောင် ထားပါ။

အစားအစာ အစိမ်းနှင့် အကျက်များကို ခွဲထားပါ။ ချက်ပြီးသာ အသားများကို အသားစိမ်းများထည့်ခဲ့တဲ့ ပန်းကန်ထဲ မထည့်ပါနှင့်။

ရေခဲသေတ္တာထဲ အသားများကို သီးနှံများရဲ့ အောက်ထပ်မှာထားပါ။ အသားများမှ သွေးလိုအရည်များ သီးနှံများအပေါ် စီးမကျနိုင်ဖို့ ဖြစ်ပါတယ်။

မသန့်သောနေရာများတွင် ရေမကူးပါနှင့်။ သင်ဝမ်းလျှောနေလျှင် ရေမကူးပါနှင့်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement