Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း )

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ကဘာလဲ။

နှလုံးစည်းချက်မမှန်ခြင်းသည် နှလုံးရောဂါတစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်း သို့မဟုတ် စည်းချက်မမှန်ခြင်း – အလွန်မြန်ခြင်း (နှလုံးခုန်မြန်ခြင်း)၊ အလွန်နှေးခြင်း (နှလုံးခုန်နှေးခြင်း)၊ ခုန်သင့်သည့်အချိန်ထက်စောခုန်ခြင်း (အချိန်မတိုင်ခင် နှလုံးကြွက်သားညှစ်ခြင်း)၊ သို့မဟုတ် ခုန်ချင်သလိုခုန်ခြင်း (fibrillation) စသည်တို့ဖြင့် သတ်မှတ်ပါသည်။

နှလုံးစည်းချက်မမှန်ခြင်းသည် လျှပ်စစ်လှုံစော်မှုများ မမှန်သည့်အခါတွင် ဖြစ်ပေါ်၏။ နှလုံးစည်းချက်မမှန်ခြင်းအား အောက်ပါတို့ကိုအခြေခံပြီး အမည်နှင့်အမျိုးအစားများ ခွဲနိုင်ပါသည်။

  • ခုန်နှုန်း – အလွန်မြန်ခြင်း (နှလုံးခုန်မြန်ခြင်း)၊ အလွန်နှေးခြင်း (နှလုံးခုန်နှေးခြင်း)
  • စခုန်သည့်နေရာ – (သွေးလွှတ်ခန်း သို့မဟုတ် သွေးဝင်ခန်း)
  • မှန်မှန်ခုန်ခြင်းရှိမရှိ

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နှလုံးစည်းချက်မမှန်ခြင်း ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ-

နှလုံခုန်နှေးခြင်း – နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၆၀ အောက် ရောက်နေပါမည်။

နှလုံးခုန်မြန်ခြင်း – နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၁၀၀ အထက် ရောက်နေပါမည်။

ရင်ထဲ၌ တလှပ်လှပ်ဖြစ်နေခြင်း

ရင်ဘတ်အောင့်ခြင်း

အသက်ရှူမဝခြင်း

မူးမေ့ချင်သလိုဖြစ်ခြင်း သို့မဟုတ် ခေါင်မူးခြင်း

ချွေးထွက်ခြင်း

မူးမေ့ခြင်း သို့ မူးလဲမလိုဖြစ်ခြင်း

ရင်တုန်ခြင်း

ရင်ဘတ်ထဲတွင် တဒုန်းဒုန်းနှင့် စောင့်နေသလိုခံစားရခြင်း

ရင်ထဲမွန်းကြပ်နေခြင်း

အားနည်းခြင်း သို့ မောပန်းလွယ်ခြင်း (အလွန်ပင်ပန်းသလို ခံစားရခြင်း)

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

နှလုံးစည်းချက်မမှန်ခြင်းသည် အောက်ပါတို့ကြောင့် ဖြစ်နိုင်သည်။

  • နှလုံးဖောက်ခြင်းကြောင့် နှလုံးတွင် အမာရွတ်ထင်ခြင်း
  • နှလုံးဖွဲ့စည်းပုံကို ပြောင်းလဲသွားစေခြင်း ဥပမာ – နှလုံးကြွက်သားရောဂါ
  • နှလုံးရှိသွေးလွှတ်ကြောများ ပိတ်ခြင်း (နှလုံးသွေးကြောရောဂါများ)
  • သွေးတိုးခြင်း
  • သိုင်းရွိက်ဂလင်း အလုပ်အလွန်လုပ်ခြင်း (hyperthyroidism)
  • သိုင်းရွိက်ဂလင်း အလုပ်မလုပ်ခြင်း (hypothyroidism)
  • တစ်ချို့ဆေးများနှင့် အားဆေးများ – အလွယ်တကူဝယ်နိုင်သည့် အအေးမိသက်သာဆေးများ၊ အလက်ဂျီသက်သာဆေးများနှင့် အာဟာရဖြည့်စွက်ဆေးများ

ဖြစ်နိုင်ခြေများ

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နှလုံးစည်းချက်မမှန်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ဆေးလိပ်သောက်ခြင်း
  • အရက် သို့မဟုတ် ကဖိန်းဓါတ်ပါသည်များ အလွန်အကျွံသောက်ခြင်း
  • ဆေးစွဲခြင်း
  • ဖိစီးမှု
  • ဆီးချို
  • အိပ်ပျော်စဉ် အသက်ရှူခဏရပ်တတ်ခြင်း
  • မျိုးရိုးလိုက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

နှလုံးစည်းချက်မမှန်ခြင်း အောက်ပါတို့ဖြင့် အတည်ပြုနိုင်သည်။

ရောဂါလက္ခဏာများနှင့် ရာဇဝင်ကို မေးခြင်း

ခန္ဓါကိုယ်အား စမ်းသပ်ခြင်း

အီးစီဂျီဆွဲခြင်း – နှလုံး၏လျှပ်စစ်လှုပ်ရှားမှုအား တိုင်းတာခြင်းဖြစ်သည်။

Holter monitor – သယ်ယူသွားနိုင်သော အီးစီဂျီစက်ဖြစ်ပြီး တစ်နေကုန်သို့ ထိုထက်ပိုကာ တပ်ဆင်ထားပြီး နှလုံးလုပ်ရှားမှုကို မှတ်ယူနိုင်သည်။

Event monitor – ရောဂါလက္ခဏာများ ပေါ်လာစဉ်တွင် နှလုံးစည်းချက်အား စစ်ဆေးနိုင်သည်။

ပဲ့တင်သံဖြင့်နှလုံးပုံရိပ်ဖော်ခြင်း – နှလုံးအရွယ်အစား၊ ဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုတို့အား ပုံရိပ်ဖော်ကြည့်နိုင်သည်။

Implantable loop recorder – မူမမှန်သည့် နှလုံးစည်းချက်များအား ဖမ်းယူရန် သုံးသည်။

တခြားလက္ခဏာတူအခြေအနေများ မဟုတ်ကြောင်း သေချာစေရန် တခြားစစ်ဆေးမှုများကို ဆရာဝန်များမှ ညွှန်ကြားနိုင်ပါသည်။ ၎င်းတို့တွင်-

ဖိစီးမှုပေးပြီး စစ်ဆေးခြင်း – ဒီစစ်ဆေးမှုတွင် သင့်အား လမ်းလျှောက်စက် သို့မဟုတ် စက်ဘီးနင်းစက်တွင် လေ့ကျင့်ခန်းလုပ်ခိုင်းကာ နှလုံးလှုပ်ရှားမှုအား တိုင်းတာမည်ဖြစ်သည်။

Tilt table test – သင် စားပွဲပေါ်လှဲနေစဉ်နှင့် မတ်တပ်ရပ်စဉ် ရှိနေမည့် နှလုံးခုန်နှုန်းနှင့် သွေးဖိအားကို တိုင်းတာပါသည်။ အနေအထားပြောင်းလဲသွားလျှင် တုန့်ပြန်မည့် နှလုံးခုန်နှုန်းအား တွက်ထုတ်ရန်အတွက် မှတ်သားပါလိမ့်မည်။

Electrophysiological testing and mapping – နှလုံးသို့ဖြတ်စီးဆင်းနေသော လျှပ်စစ်လှုံ့စော်မှုများအား မြေပုံဆွဲနိုင်သည်။

နှလုံးစည်းချက်မမှန်ခြင်းကိုဖြစ်စေနိုင်သည့် သိုင်းရွိက်ဂလင်း ပုံမှန်မမဟုတ်မှုများကို စစ်ဆေးနိုင်သည်။

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုဗျူဟာများသည် နှလုံးစည်းချက်မမှန်ခြင်း ပုံစံပေါ်မူတည်ကာ ရွေးချယ်ရပါသည်။

  • နှလုံးခုန်နှေးခြင်းအား ကုသခြင်း

နှလုံးခုန်နှေးခြင်းအား ဘာကြောင့်ဖြစ်မှန်း သေချာမသိလျှင် ညှပ်ရိုးအနီးတွင် ပေ့စ်မိတ်ကာဟုခေါ်သော စက်လေးမြှုပ်ပြီး ကုသနိုင်ပါသည်။ နှလုံးခုန် အလွန်နှေးသည့်အခါ သို့ နှလုံးခုန်ရပ်သွားသည့်အခါတွင် ပေ့စ်မိတ်ကာမှ နှလုံးဆီသို့ သွေးကြောများမှတစ်ဆင့် တပ်ဆင်ထားသော ဝိုင်ယာတစ်လျှောက် လျှပ်စစ်လှုံ့စော်မှုကို လွှတ်ပေးမည်ဖြစ်သည်။ ရလဒ်အနေဖြင့် တည်ငြိမ်နေသော နှလုံးခုန်နှုန်းကို ရရှိစေနိုင်ပါသည်။

  • နှလုံးခုန်မြန်ခြင်းအား ကုသခြင်း

နှလုံးခုန်မြန်ခြင်းအားကုသရန် ရွေးချယ်စရာအမျိုးမျိုးအား အောက်တွင် ဖော်ပြထားပါသည်။

ဆေးများ – နှလုံးစည်းချက်မမှန်ပျောက်ဆေးများကို နှလုံးခုန်နှုန်းထိန်းရန် သို့မဟုတ် ပုံမှန်နှလုံးစည်းချက်ကို ပြန်ရစေရန် နှလုံးခုန်မြန်ခြင်းအမျိုးမျိုးအတွက် သုံးနိုင်ပါသည်။

Vagal maneuvers – နှလုံးခုန်နှုန်းကိုထိန်းချုပ်သည့် အာရုံကြော (vagus အာရုံကြော) ကို သက်ရောက်စေကာ supraventricular tachycardia ကိုထိန်းရန် စနစ်တကျလှုပ်ရှားမှုမျိုးဖြင့် ကုသနိုင်သည်။

Cardioversion – ရင်ဘတ်တွင်တပ်ထားသော ချပ်ပြားများမှ လျှပ်စစ်ရှော့လွှတ်ကာ ပုံမှန်နှလုံးစည်းချက်ကို ပြန်ထိန်းခြင်းဖြစ်သည်။

Catheter ablation – နှလုံးတစ်ရှူးအား ပြောက်တစ်ပြောက်စာနေရာခန့် Catheter ထိပ်ရှိ လျှပ်ခေါင်းဖြင့် ရှော့တိုက်နိုင်သည်။ ထို့သို့ဖြင့် လျှပ်စီးကြောင်းပိတ်မှုဖြစ်သွားစေပြီး နှလုံးစည်းချက်မမှန်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။

  • ခွဲစိတ်ကုသခြင်း

တစ်ချို့ဖြစ်ရပ်များတွင် တခြားကုထုံးများကို လူနာမှ တုံ့ပြန်မှုမရှိတော့သည့်အခါမျိုးတွင် နှလုံးစည်းချက်မမှန်ခြင်းကိုကုသရန်အတွက် ခွဲစိတ်ဖို့ လမ်းညွှန်တတ်သည်။

ဝင်္ကပါကုထုံး – နှလုံးအပေါ်ပိုင်း (သွေးလွှတ်ခန်း) တွင် နှလုံးတစ်ရှူးများအား အမျိုးမျိုးခွဲကာ ပုံစံတစ်ခုရှိသော သို့မဟုတ် ဝင်္ကပါပုံအမာရွတ်တစ်ရှူးများဖြစ်စေသည်။ ၎င်းတို့မှ တစ်ချို့ နှလုံးစည်းချက်မမှန်ခြင်းများအား ဖြစ်စေသော သွားချင်ရာသွားသည့် လျှပ်စစ်လှုံစော်မှုများကို ဟန့်တားပေးနိုင်ပါသည်။

နှလုံးသွေးကြော ကျောခွခြင်း – နှလုံးစည်းချက်မမှန်ခြင်းအပြင် ပြင်းထန်သည့် နှလုံးသွေးကြောရောဂါများတွဲရှိနေသည့်အခါ နှလုံးသွေးစီးဆင်းမှုကောင်းအောင် ခွဲစိတ်ကုခြင်းဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နှလုံးစည်းချက်မမှန်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် နှလုံးစည်းချက်မမှန်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

နှလုံးကျန်းမာစေသည်များ စားပါ – ဆားနှင့် အဆီများကို လျော့ပါ၊ သစ်သီးများ ဟင်းသီးဟင်းရွက်များ ဂျုံကြမ်းများကို များများစားပါ

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ – နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုကို တို့မြှင့်ပါ။

ဆေးလိပ်နှင့်အရက်ကို ရှောင်ကျဉ်ပါ

ကိုယ်အလေးချိန်ထိန်းပါ

သွေးတိုးနှင့် သွေးတွင်းကိုလက်စ်ထရောကို ထိန်းပါ

ပြန်ပြရန်ချိန်လျှင် မှန်မှန်သွားပါ

တစ်ချို့သော တွဲဖက်ကုထုံးနှင့် တစ်လှည့်စီကုထုံးများ ဖြစ်သည့် ယောဂ၊ တရားထိုင်ခြင်းနှင့် ပြေလျော့ခြင်း နည်းစနစ်များသည် ဖိစီးမှုကို လျောကျစေနိုင်ပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 27, 2019