နှလုံးသွေးကြော ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 28, 2020 . 3 mins read
Share now

နှလုံးက တစ်ကိုယ်လုံးကို သွေးတွေ ညှစ်ပေးနေတဲ့ မိခင်ဌာနကြီး ဆိုပေမယ့် သူကိုယ်တိုင်လည်း ဒီလို ညှစ်ထုတ်နိုင်ဖို့ သွေးလိုအပ်ပါတယ်။ ဒီသွေးတွေကိုတော့ နှလုံးသွေးကြာမကြီးတွေက ထောက်ပံ့ပေးထားတာပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြော တွေ ပိတ်ခဲ့၊ ကျဉ်းခဲ့ရင် နှလုံးက သွေးမရတော့ဘဲ သွေးငတ်ပြီး ကြွက်သားတွေပုပ်၊ နှလုံးပျက်စီးပြီး အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒီလို နှလုံးသွေးကြောပိတ်လို့၊ ကျဉ်းလို့ ဖြစ်လာတဲ့ ရောဂါတွေကို Coronary artery diseaseလို့ ခေါ်ပါတယ်။

နှလုံးသွေးကြော ဘာကြောင့် ပိတ်ရတာလဲ။

သာမန်ကျန်းမာတဲ့ သူရဲ့ နှလုံးသွေးကြောက သန့်ပြီး ချောနေပါတယ်။ ဒါကြောင့် သွေးတွေက သွေးကြောတစ်လျှောက် ကောင်းကောင်း စီးဆင်းနိုင်ပါတယ်။ အသက်ကြီးလာလေလေ သွေးကြောထဲမှာ အဆီတွေ စုပုံလာပါတယ်။ ရေပိုက်တွေ သုံးတာကြာလာရင် ချေးကိုက်လာသလိုပေါ့။ ဒီလိုအဆီဖတ်လေး သွေးကြောနံရံမှာ လာကပ်တဲ့အခါ သွေးထဲက အညစ်အကြေးတွေ၊ ဆဲလ်တွေ၊ ကယ်လ်ဆီယမ်တွေကပါ အပြင်ကနေ လာဝိုင်းလာပါတယ်။  မြင်အောင် ပြောရရင် ဆေးဘဲဥများလိုပေါ့။ အထဲမှာ ခပ်ပျော့ပျော့ အပြင်မှာ မာခဲခဲလေးပါ။

မတော်တဆများ အပြင်က အကာလေးပွင့်သွားပြီး အထဲက အဆီတွေ ထွက်လာရင် သွေးဥမွှားက သွေးကြောပေါက်သွားတယ်ထင်ပြီး ပေါက်သွားတဲ့နေရာကို လာကပ်ပါတယ်။ ဒီတော့ သွေးကြောက ပိုကျဉ်းလာပါတယ်။ တစ်ခါ သွေးကြောနံရံကလည်း သူ့ကိုယ်သူ ဒဏ်ဖြစ်သွားပြီထင်လို့ သွေးကြောကြွက်သားတွေကို ကောက်ညှစ်ပြီး ကျဉ်းပစ်လိုက်ပါတယ်။ ဒီလိုနဲ့ နှလုံးသွေးကြာက ကျဉ်းသထက် ကျဉ်းလာပြီး နောက်ဆုံး နှလုံးကြွက်သားတွေဆီ သွေးမပို့နိုင်တော့ပါဘူး။

သွေးမပို့တဲ့အခါကျတော့ နှလုံးကြွက်သားက သူလိုအပ်တဲ့ အာဟာရတွေ၊ အောက်ဆီဂျင်တွေ မရတော့ပါဘူး။ ဒါကြောင့် ဆဲလ်တွေသေပြီး ကြွက်သားတွေ တဖြည်းဖြည်း ပုပ်လာပါတယ်။ ဒါကြောင့် အပြင်က လူက ရင်ဘတ်အောင့်တယ်ဆိုတဲ့ ဝေဒနာကို ခံစားရပါတော့တယ်။

ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ။

  • ရင်ဘတ်အောင့်တာ – နှလုံးသွေးကြောကျဉ်းတာကြောင့် ဖြစ်တာပါ။ Anginaလို့ ခေါ်ပြီး အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ခဏလောက် ရင်ဘတ်အောင့်လိုက်၊ သက်သာလိုက် ဖြစ်တတ်ပါတယ်။ အောင့်တဲ့အချိန်တော့ အတော်ခံရပါတယ်။
  • နှလုံးကြွက်သား ပုပ်တာ – နှလုံးသွေးကြောပိတ်တာကြောင့် သွေးလုံးဝမရတော့ဘဲ ပုပ်သွားတာပါ။ အများစုကတော့ ဒီအဆင့်ရောက်မှပဲ နှလုံးသွေးကြောကျည်းတယ်၊ ပိတ်တယ်ဆိုတာကို သိကြပါတယ်။ Myocardial infarctionလို့ ခေါ်ပါတယ်။ နှလုံးသွေးကြော ရုတ်တရက်ပိတ်တာကြောင့်ဆိုရင်တော့ Heart attackလို့ ခေါ်ပါတယ်။ ဒီမှာလည်း

-ရင်ဘတ်အောင့်တာ (ရင်ဘတ်ကို တစ်ခုခုနဲ့ ဖိထားသလိုမျိုးအောင့်တာပါ၊ ဘယ်နေရာက အောင့်ပါတယ်လို့ တိတိကျကျ မပြောနိုင်ပါဘူး။ မေးကြောတွေ၊ လက်တွေအထိ လိုက်အောင့်တတ်ပါတယ်။)

-ခေါင်းမူးပြီး နေလို့မကောင်းတာ

-လက်မောင်းတွေပါ ကိုက်လာတာ

-မောလာတာ

-ချွေးစေးတွေ ပြန်လာတာ

-ပျို့အန်တာ စတာတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် လူတိုင်းက ဒီလက္ခဏာတွေ မပြပါဘူး။ ဆီးချိုရှိတဲ့သူ၊ အသက်ကြီးလွန်းတဲ့ သူတွေမှာဆို ဘာလက္ခဏာမှ မခံစားနေရဘဲ နှလုံးသွေးကြောပိတ်နေတာမျိုး ရှိနေတတ်ပါတယ်။ Silent ischaemiaလို့ ခေါ်ပါတယ်။

ဘယ်သူတွေမှာ ဖြစ်တတ်သလဲ။

  • အသက်ကြီးလာလေလေ ဖြစ်နိုင်ခြေများလေးပါပဲ။ နှလုံးသွေးကြော ချေးတက်နိုင်ခြေ များလို့ပါ။
  • အမျိုးသားတွေက အမျိုးသမီးတွေထက် အဖြစ်များပါတယ်။ အမျိုးသမီးတွေက အီစထရိုဂျင်ရှိနေလို့ပါ။ ဒါပေမယ့် သွေးဆုံးသွားရင်တော့ အီစထရိုဂျင် မရှိတော့တဲ့အတွက် အမျိုးသားတွေလိုပဲ ဖြစ်နိုင်ခြေ များလာပါတယ်။
  • မိသားစုထဲမှာ ဖြစ်ဖူးတဲ့သူ ရှိရင်လည်း ဖြစ်နိုင်ခြေ များပါတယ်။ အမျိုးရင်းလေလေ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၅၅နှစ်မတိုင်ခင် ဖြစ်ဖူးတဲ့သူရှိရင် ပိုဖြစ်နိုင်ပါတယ်။
  • ဆေးလိပ်သောက်တဲ့သူရော၊ ရှူတဲ့သူပါ ဖြစ်နိုင်ခြေ များပါတယ်။
  • သွေးတိုးရောဂါရှိရင်လည်း သွေးကြောတွေ ထူပြီး မာနေတတ်လို့ ပိုပြီး ကျဉ်းလွယ်ပါတယ်။
  • သွေးတွင်း အဆီဓာတ်များနေရင်လည်း ဖြစ်လာနိုင်ခြေ များပါတယ်။
  • ဆီးချိုနဲ့ နှလုံးသွေးကြာကျဉ်းတာနဲ့က ဖြစ်စေတဲ့ အကြောင်းရင်းတွေ တူပါတယ်။ ဥပမာ အဝလွန်တာ၊ ဆေးလိပ်သောက်တာ။ ဒါကြောင့် တစ်ခုဖြစ်ရင် နောက်တစ်ခုဖြစ်ဖို့ သိပ်လွယ်ပါတယ်။
  • လှုပ်ရှားမှု မရှိရင် အဝလွန်ပြီး အဆီတွေ စုလာတတ်လို့ ဒါကလည်း နှလုံးသွေးကြောကို ကျဉ်းစေမှာပါ။
  • စိတ်ဖိစီးမှု များတာကလည်း နှလုံးသွေးကြောအပါအဝင် ခန္ဓာကိုယ်က ကိုယ်တွင်းအင်္ဂါတော်တော်များများကို ထိခိုက်စေပါတယ်။
  • ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီအစိမ့်တွေ၊ ချိုလွန်း၊ ငန်လွန်းတာတွေကလည်း သွေးတိုး၊ ဆီးချိုအပြင် နှလုံးသွေးကြာကျဉ်းတာကိုပါ ဖြစ်စေပါလိမ့်မယ်။

နှလုံးသွေးကြောကျဉ်းမှန်း ဘယ်လိုသိနိုင်မလဲ။

တချို့ကျတော့လည်း ဘာလက္ခဏာမှမပြဘဲ သာမန် ဆေးစစ်ရင်းက သိလာတာတွေလည်း ရှိပါတယ်။ ကျဉ်းပေမယ့် သိပ်မပြင်းထန်လို့ လက္ခဏာ တိတိပပ မပြတာမျိုးပေါ့။ ဒါပေမယ့် အပေါ်က လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆေးရုံကို ချက်ချင်းသွားပါလို့ အကြံပြုပါရစေ။ စောစောကုသမှု ခံယူလေ နှလုံးပျက်စီးတာ နည်းလေပါပဲ။ အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် အချိန်က စကားပြောပါတယ်။

ဆေးရုံရောက်ပြီဆိုရင်တော့ လိုအပ်တဲ့ ရောဂါရာဇဝင်မေးမြန်းတာတွေ၊ စစ်ဆေးတာတွေ လုပ်မှာပါ။ ပြီးရင် ပိုသေချာအောင် ဆေးစစ်ချက်တွေ လုပ်ရပါမယ်။ ဥပမာ

  • နှလုံးစက်ဆွဲတာ (ECG)
  • အက်ကိုးရိုက်တာ
  • နှလုံးခုန်မြန်အောင် တစ်ခုခုလုပ်ခိုင်းပြီး (အပြေးစက်ပေါ် တက်ပြေးခိုင်းပြီး) နှလုံးစွမ်းဆောင်ရည်ကို စစ်တာ
  • ရင်ဘတ်ဓာတ်မှန်ရိုက်တာ
  • သွေးစစ်တာ စတာတွေ လုပ်ရနိုင်ပါတယ်။

ဒါတွေအကုန်လုံး စစ်ဖို့ လိုချင်မှ လိုမှာပါ။ လူနာအခြေအနေပေါ်လိုက်ပြီး လိုအပ်တာပဲ စစ်သွားမှာပါ။

နှလုံးသွေးကြောရောဂါတွေကို ဘယ်လိုကုသနိုင်သလဲ။

ကုသနည်းတွေကတော့ လူနာအခြေအနေပေါ် မူတည်ပါတယ်။ ဥပမာ လူနာက heart attackနဲ့ လာတယ်ဆိုရင် အရင်ဆုံး ပိတ်နေတဲ့ သွေးခဲကို ဖျော်ချရပါတယ်။ အရေးပေါ် အခြေအနေကို ကျော်လွန်သွားမှ ကျန်တဲ့ ကုသမှုတွေကို ဆက်လုပ်ရပါတယ်။ ကုသမှုတွေကတော့

  • ဆေးဝါးများ

ဆေးဝါးတွေကတော့ သွေးကျဲဆေး၊ သွေးတွင်း အဆီကျဆေး၊ သွေးကြောကျယ်ဆေး၊ သွေးကျဆေး၊ နှလုံးဆေး စသဖြင့် လူနာပေါ် မူတည်ပြီး လိုအပ်တာတွေ ပေးသွားမှာပါ။

  • ခွဲစိတ်နည်း

သွေးကြော ဘယ်နှချောင်း ကျဉ်းနေလို့ ခွဲရမယ်၊ စတန့်ထည့်ရမယ်ဆိုတာတွေ ကြားဖူးမှာပါ။ ဟုတ်ပါတယ်။ ကျဉ်းနေတဲ့ သွေးကြောကို စတန့်လေးထည့်ပြီး ပြန်ချဲ့လို့ ရသလို သွေးကြောက ပိတ်နေလို့ နောက်တစ်လမ်းကနေ သွေးကြောဆက်ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။

နှလုံးသွေးကြောရောဂါတွေကို ဘယ်လို ကာကွယ်ကြမလဲ။

ဒီနေရာမှာ နှစ်ခုရှိပါတယ်။ ကိုယ်အစိုးမရတဲ့အရာ ဥပမာ အသက်ကြီးလာတာ၊ အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်း၊ မိသားစုမျိုးရိုးရှိခြင်း ဒါတွေကတော့ ကိုယ်တတ်နိုင်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်လုပ်နိုင်တဲ့အရာ ဆေးလိပ်သောက်တာ၊ အဝလွန်တာ ဒါတွေကတော့ ကိုယ်ပြုပြင်လို့ရတယ်လေ။ ဒါကြောင့် ကိုယ်ပြင်လို့ရတာလေးတွေကို လိုက်ပြင်ရင်း ဖြစ်နိုင်ခြေကို လျှော့ချသွားပါလို့ အကြံပြုချင်ပါတယ်။ ဥပမာ

  • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ငွေ့တွေလည်း ရှောင်ပါ။
  • သွေးတိုး၊ ဆီးချို၊ နှလုံးက အပေါင်းအဖော်တွေပါ။ တစ်ခုရှိနေရင် နောက်တစ်ခုက လွယ်လွယ်လေး လိုက်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နဂိုရောဂါအခံ ရှိပြီးသားဆိုရင် ပိုမဆိုးလာအောင် ကြပ်ကြပ်မတ်မတ်ထိန်းပါ။
  • အသီးအရွက်များများစားပါ။ အဆီအစိမ့်တွေ၊ အချိုတွေ၊ အငန်တွေ၊ အသင့်စားအစားအစာတွေ လျှော့ပါ။
  • လှုပ်လှုပ်ရှားရှားနေပါ။ တချို့လူနာတွေမှာ လှုပ်ရင် နှလုံးက သွေးပိုညှစ်ရလို့ ရင်ဘတ်အောင့်လာတတ်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ်လုပ်နိုင်လောက်မယ့် လေ့ကျင့်ခန်းမျိုး လုပ်ပါ။ ရင်ဘတ်အောင့်မှာ စိုးပြီး ငြိမ်ငြိမ်လေး မနေပါနဲ့။
  • အဝမလွန်အောင် ထိန်းပါ။
  • အရက်အလွန်အကျွံ မသောက်ပါနဲ့။
  • စိတ်ဖိစီးမှုတွေ တတ်နိုင်သလောက် လျှော့ပါ။

Takeaways

နှလုံးသွေးကြော ကျဉ်းတာဖြစ်ဖြစ်၊ ပိတ်တာ ဖြစ်ဖြစ် နှစ်ခုလုံးက အန္တရာယ်ရှိပါတယ်။ အရေးပေါ်လက္ခဏာတွေကို မှတ်ထားပြီး ဖြစ်လာပြီဆိုတာနဲ့ ဆေးရုံကို ချက်ချင်းသွားပါ။ မဖြစ်သေးတဲ့သူ၊ ဖြစ်ပြီးသားသူတွေကလည်း နောက်ထပ်မဖြစ်အောင် ဆောင်ရန် ရှောင်ရန်တွေကို  လိုက်နာဖို့ အကြံပေးလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှလုံးပိုးဝင်ခြင်း

နှလုံးပိုးဝင်ခြင်းက ၃မျိုးရှိပေမယ့် လက္ခဏာလေးတွေက ခပ်ဆင်ဆင် လက္ခဏာတစ်ခုခုကို ရုတ်တရက် ပြင်းပြင်းထန်ထန် ခံစားရပြီဆိုရင် မပေါ့ဆဘဲ ဆေးစစ်ကြည့်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ဘယ်လိုစားသောက်ကြမလဲ။

အာဟာရချို့တဲ့ တာကလည်း အဝလွန်တာလိုပဲ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ မျှတတဲ့အာဟာရကိုပြည့်ဝအောင် စားနိုင်မှသာ ပိန်လွန်းခြင်း၊ဝလွန်းခြင်းက ကင်းလွတ်မှာ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19 ကြောင့် ညိုးနွမ်းသွားနိုင်တဲ့ အမျိုးသားတို့ဘဝ

COVID-19 ရဲ့ ကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့ အမျိုးသားတွေမှာ လိင်တံမထောင်မတ်တာကို တွေ့လာရပါတယ်။ ကိုဗစ်ကြောင့်လား တခြားကြောင့်လားဆိုတာ ဆက်လက်လေ့လာရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားချင်လိုက်တာဖြစ်ပြီး တည်သီး စားလို့ရပါ့မလားဆိုပြီး တွေးပူနေတဲ့ မေမေတွေရှိလား.................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 3 mins read
ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read