backup og meta

၂၄ နာရီ ဟိုလ်တာနှလုံးစောင့်ကြည့်ကိရိယာ(24-Hour-Holter Monitor)ဆိုတာ ဘာလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ၂၄ နာရီ ဟိုလ်တာနှလုံးစောင့်ကြည့်ကိရိယာ(24-Hour-Holter Monitor)ဆိုတာ ဘာလဲ

    နှလုံးစမ်းသပ်စစ်ဆေးတဲ့ နည်းအမျိုးမျိုးထဲက ၂၄ နာရီတပ်ဆင်အသုံးပြုရတဲ့ Holter Monitor အကြောင်းပြောပြချင်ပါတယ်။

    Holter Monitor စက်ကို နှလုံးခုန်မမှန်ခြင်းနဲ့ တခြားနှလုံးလက္ခဏာတွေ ရှာဖွေဖို့အသုံးပြုနိုင်ပြီး ရိုးရိုးနှလုံး အီးစီဂျီ  ဆွဲရုံနဲ့ သိသာတဲ့အချက်အလက်တွေ မရရှိတဲ့အခါမျိုး (ဒါမှမဟုတ်) သင့်မှာတခြား နှလုံးပြဿနာ တစ်ခုခုရှိနေမနေကို သေချာသိရဖို့ လိုအပ်တဲ့ အခါမျိုးမှာ Holter monitor တပ်ဆင်အသုံးပြုဖို့လိုအပ်နိုင်ပါတယ်။ Holter monitor ကိရိယာက ဘက်ထရီအားသုံး စက်တစ်မျိုးဖြစ်ပြီး အရွယ်အစားက ပိုက်ဆံအိတ်အသေး (ဒါမှမဟုတ်) ဖုန်းတစ်လုံးသာသာလောက်ပဲ ရှိပါတယ်။

    ဘယ်လိုအချိန်မျိုးမှာ Holter monitor တပ်ရနိုင်သလဲ

    နှလုံးခုန်မမှန်တာလိုမျိုး နှလုံးနဲ့ပတ်သက်ပြီး မသင်္ကာစရာအခြေအနေမျိုးရှိရင် အီးစီဂျီ အရင်ဆုံးဆွဲပြီး နှလုံး အခြေအနေကို လေ့လာပါတယ်။ ဒါပေမဲ့ အီးစီဂျီ  တစ်မျိုးတည်းနဲ့ နှလုံးပြဿနာရှိမရှိ သေချာမသိနိုင်တဲ့အခါမျိုးမှာတော့ Holter monitor တပ်ပြီး စမ်းသပ်ကြည့်ရှုဖို့ လိုလာပါတယ်။ ၂၄ နာရီလုံးတပ်ဆင်ထားရတာမို့ Holter monitor စက်က အီးစီဂျီမှာ လွတ်သွားနိုင်တဲ့ နှလုံးပြဿနာတချို့ကိုရှာဖွေဖို့ အထောက်အကူပေးနိုင်ပါတယ်။ လူနာအခြေအနေပေါ်မူတည်ပြီး တခါတရံ ၁၂နာရီ၊ ၂၄နာရီ၊ ၄၈နာရီ စသည်ဖြင့် အချိန်အမျိုးမျိုး တပ်ဆင်ရနိုင်ပါတယ်။

    Holter monitor စက်ဘယ်လိုအလုပ်လုပ်သလဲ

    Holter monitor စက်အလုပ်လုပ်ပုံက ရိုးရှင်းပါတယ်။ စက်အရွယ်အစားကလည်း လက်ထဲထည့်ထားလို့ ရအောင်သေးငယ်ပြီး စက်ကိုလည်ပင်းမှာချိတ်ဆွဲထား (ဒါမှမဟုတ်) လက်မောင်းမှာ တပ်ဆင်ထားလို့ ရပါတယ်။ အီးစီဂျီဆွဲရင် တပ်တဲ့ electrode လေးတွေကို အသုံးပြုမယ့်သူရင်ဘတ်မှာ တပ်ထားဖို့လိုပြီး electrode လေးတွေက ဖမ်းယူရရှိတဲ့ နှလုံးအချက်အလက်တွေကို Holter monitor စက်ဆီ ပြန်ပို့ပေးပါတယ်။

    Holter monitor တပ်ပြီဆို ဘာတွေလိုက်နာရမလဲ

    Holter monitor တပ်ဆင်ပြီဆို အီးစီဂျီ ဆွဲသလိုပဲ ရင်ဘတ်မှာ electrode တွေတပ်ဆင်ရပါတယ်။ ၂၄ နာရီ တပ်ဆင်ရမှာဖြစ်တာကြောင့် ဖြုတ်လို့လည်းမရပါဘူး။ Electrode တွေကို ရေမထိဖို့လည်း လိုအပ်တာကြောင့် Holter monitor တပ်ထားတဲ့ တစ်ရက်လုံးတော့ ရေချိုးလို့မရသလို ရင်ဘတ်ကို ရေမထိအောင်လည်း နေဖို့လိုအပ်ပါတယ်။

    နောက်ပြီး Holter monitor တပ်ဆင်ထားချိန်မှာ ကိုယ်ရဲ့သွားလာလှုပ်ရှားမှုတိုင်းကို စာအုပ်နဲ့ဖြစ်ဖြစ် ဖုန်းနဲ့ဖြစ်ဖြစ် မှတ်တမ်းတင်ထားဖို့လိုပါတယ်။ နှလုံးခုန်မြန်တာ ရင်ဘတ်အောင့်တာ၊ ရင်တုန်တာ၊ အသက်ရှူမဝတာ၊ ခေါင်းမူးတာ စတဲ့လက္ခဏာတွေအားလုံးကိုလည်း အချိန်နဲ့ တိတိကျကျမှတ်သားထားပါ။ ဒီလက္ခဏာတွေပြချိန်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ကြုံနေရလားဆိုတာကိုလည်း မှတ်သားထားသင့်ပါတယ်

    – ဘာလုပ်နေလဲ

    – ဘာအစားအစာစားနေလဲ

    – စိတ်ဖိစီးစရာကိစ္စတစ်ခုခုကြုံနေရလို့လား

    – ပင်ပင်ပန်းပန်းအလုပ်လုပ်နေရလို့လား

    ရင်ဘတ်မှာတပ်ထားတဲ့ electrode တွေ သေချာအလုပ်လုပ်နေမှလည်း ထွက်လာတဲ့အချက်အလက် တွေကမှန်ကန်မှာဖြစ်လို့ ရင်ဘတ်က electrode တွေပြုတ်နေတာ၊ လျော့ရဲနေတာမျိုးမရှိအောင် သတိထားဖို့လိုပါတယ်။

    Holter monitor တပ်ဆင်ထားရင် ပုံမှန်အတိုင်းနေလို့ရလား

    Holter စက်တပ်ထားလို့ အနေအထိုင်ကျဉ်းကျပ်သွားမှာမဟုတ်ပါဘူး။ အဓိကက အပေါ်မှာပြောခဲ့သလိုပဲ ရေမထိမိဖို့ပဲလိုအပ်ပါတယ်။ Holter monitor တွေကပုံမှန်ဆိုရင်တော့ တခြားလျှပ်စစ်ပစ္စည်းတွေနဲ့ သက်ရောက်မှုမရှိပါဘူး။ ဒါပေမဲ့ သတ္တုရှာကိရိယာ၊ သံလိုက်ဓာတ်မှန်၊ သံလိုက်ပစ္စည်း၊ မိုက်ခရိုဝေ့ဖ်မီးဖို၊  လျှပ်စစ်စောင်၊ လျှပ်စစ်မုတ်ဆိတ်ရိတ် စက် စတဲ့ပစ္စည်းတွေက electrode ကနေ Holter monitor ကိုပို့ပေးတဲ့အချက်အလက်တွေကို လွဲချော်စေနိုင်တဲ့အတွက် holter monitor တပ်ထားချိန်မှာ အသုံးမပြုသင့်ပါဘူး။ ဆဲလ်ဖုန်း နဲ့ တက်ဘလက် တွေကိုလည်း စက်နဲ့အနည်းဆုံး ၆ လက်မအကွာမှာထားပြီး သုံးစွဲဖို့ သတိပြုပါ။

    ရေးသားသူ – Dr. Htoo Tint

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement