ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာဘာ့ကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာဘာ့ကြောင့်လဲ

    ကလေးတွေ မျက်လုံးပွတ်တာ ချစ်စရာကောင်းတဲ့အမူအရာလို့ မိဘတွေကမြင်ကြပါတယ်။ သူတို့မျက်လုံးပွတ်နေချိန်မှာ နှာခေါင်းလေးတွေ၊ မျက်နှာလေးတွေနီလာတာကိုကြည့်ရတာလည်း ချစ်စရာကောင်းနေမှာပါ။

    ဒါပေမယ့် ဘာမှမလုပ်ဘဲ ကလေးကိုပဲသေချာစောင့်ကြည့်ကြည့်ပါ။ အဲဒီအမူအရာလေးကတဆင့် သင့်ကို သူပြောပြချင်နေတဲ့ အကြောင်းတစ်ခုခုရှိနေတာသိလာရင် သင်မျက်နှာလွှဲနိုင်တော့မှာမဟုတ်ပါဘူး။ သူ အိပ်ချင်နေတာ ဒါမှမဟုတ် ပင်ပန်းနေတာ စသည်ဖြင့် အခြေအနေတစ်ခုခုကို ညွှန်ပြချင်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    ဒါဟာ ကလေးတစ်ယောက်ရဲ့ခြေဟန်လက်ဟန်တစ်ခုလောက်ပဲလို့ ယူဆမယ်ဆို မှားယွင်းနေပါတယ်။ ကလေးလေးတွေက မျက်စိကို ပွတ်နေတာဟာ သူဘာလိုချင်သလဲဆိုတာ သင့်ကိုသိစေချင်နေတဲ့အကြောင်းရင်းကအများကြီးရှိနေနိုင်ပါတယ်။

    ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာဘာ့ကြောင့်လဲ။ သူကဘာကိုပြောချင်နေတာဖြစ်နိုင်မလဲ။အောက်ပါဖြစ်နိုင်ခြေတွေကိုလေ့လာကြည့်ရအောင်ပါ။

    ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာဘာ့ကြောင့်လဲ

    ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာဘာ့ကြောင့်လဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။

    မျက်စိညောင်းလာခြင်း

    ကလေးတစ်ယောက်ပင်ပန်းလာပြီဆိုရင် မျက်လုံးလေးတွေစင်းလာတတ်ပါတယ်။ သူမျက်လုံးတွေပွတ်နေတဲ့အခါ သူဟာမျက်လုံးတစ်ဝိုက်က၊ မျက်လုံးထဲက၊မျက်ခွံထဲမှာ ကြွက်သားနာကျင်တောင့်တင်းမှုကိုလျော့စေဖို့ လုပ်နေတာဖြစ်ပါတယ်။

    ကလေးက မျက်စိညောင်းလာတဲ့အခါ သူ့မျက်လုံးထဲမှာ မျက်သား ခြောက်သွေ့လာပါတယ်။ မျက်လုံးရှေ့ဘက်ခြမ်းကအကာအကွယ်အလွှာပါးမှာ လေနဲ့ထိတွေ့တာကြာလာတဲ့အခါ မျက်သားခြောက်သွေ့လာတတ်ပါတယ်။

    မျက်လုံးပွတ်ခြင်းက မျက်ရည်ထွက်အောင်လှုံ့ဆော်ပေးပြီး မျက်လုံးထဲမှာ အစိုဓာတ်ပြန်လည်ထိန်းသိမ်းစေနိုင်ပါတယ်။

    မျက်သားခြောက်သွေ့ခြင်း

    မောပန်းနေရခြင်းရဲ့ အကျိုးဆက်နောက်တစ်ခုက ကလေးရဲ့မျက်လုံးတအားခြောက်လာတာပဲဖြစ်ပါတယ်။ မျက်လုံးခြောက်သွေ့တဲ့အခါ ကလေးမှာနေရခက်စေပြီး ဒီပြဿနာကိုဖြေရှင်းဖို့ မျက်လုံးကိုပွတ်လေ့ရှိတာဖြစ်ပါတယ်။ ပွတ်လိုက်တဲ့အခါ မျက်ရည်ထွက်လာတတ်လို့ဖြစ်ပါတယ်။

    အံ့သြ၊ သဘောကျနေခြင်း၊စူးစမ်းလိုစိတ်

    ကလေးငယ်အတွက်တော့ အရာရာတိုင်းကအသစ်အဆန်းတွေပဲဆိုတာ မမေ့ပါနဲ့။ ခန္ဓာကိုယ်ကဘယ်လိုတုံ့ပြန်သလဲ၊ ဘယ်လိုလုပ်ဆောင်ချက်ရှိသလဲဆိုတာကို အမြဲလေ့လာနေကြပါတယ်။

    မျက်လုံးကိုပွတ်လိုက်ရင် ဖြစ်လာတဲ့ခံစားချက်ကို ကလေးက သဘောကျနေတာဖြစ်နိုင်ပါတယ်။ သဘောကျနေပြီးခဏခဏလုပ်ကြည့်နေနိုင်ပါတယ်။ လင်းထိန်နေတဲ့အခန်းထဲမှာ မျက်စိမှိတ်ထားမယ်ဆိုရင် မျက်ခွံမှာအလင်းထိုးတာ၊ အရိပ်ထိုးတာတွေမြင်နေရပါလိမ့်မယ်။ ဒါကိုပဲ ကလေးကသဘောကျတာဖြစ်နိုင်ပါတယ်။

    မျက်လုံးထဲ တစ်ခုခုဝင်နေခြင်း

    မျက်လုံးထဲကို ဖုန်မှုန့် သို့မဟုတ် မျက်တောင်ဝင်နေတယ်ဆိုရင် မျက်စိမှာ ယားစပ်စပ်၊ ခိုးလို့ခုလုဖြစ်စေပါတယ်။ ဒီလိုဖြစ်လို့ ကလေးကပွတ်လိုက်ရင် ဝင်နေတဲ့အမှုန်က မျက်လုံးရဲ့မျက်နှာပြင်ကိုပွန်းမိနိုင်လို့ ထိခိုက်မှုရှိစေနိုင်ပါတယ်။

    မျက်လုံးပွတ်ရင်းနဲ့ ကလေးက ငိုနေမယ်၊ မျက်လုံးတစ်ဖက်က နီလာမယ်ဆိုရင် သူ့မျက်လုံးထဲတစ်ခုခုဝင်နေတာသေချာသလောက်ရှိပါတယ်။

    မျက်စိယားယံ၊ နာကျင်ခြင်း

    ကလေးတွေ မျက်လုံးပွတ်ကြတဲ့အကြောင်းရင်းနောက်တစ်ခုကတော့ မျက်စိပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ ယားယံမှု၊ နာကျင်မှုဖြစ်ပါတယ်။ မျက်စိပိုးဝင်တဲ့လက္ခဏာတွေကတော့ မျက်စိရောင်ရမ်းခြင်း၊ နီရဲခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ အဖျားရှိခြင်းတို့ပါဝင်ပါတယ်။

    မျက်စိနာနေရင် ကလေးက စိတ်မကြည်ဘဲ ငိုနေမှာပါ။ ကလေးမှာ မျက်စိပိုးဝင်နေပြီလို့သံသယရှိရင် ဆရာဝန်ပြတာအကောင်းဆုံးပါပဲ။

    မျက်လုံးကို ဆက်တိုက်ပွတ်နေပြီဆိုရင် လက်မှာရှိနေတဲ့ ဘက်တီးရီးယားတွေက မျက်လုံးထဲဝင်ရောက်နိုင်တာကြောင့် မျက်စိစွန်တာ၊ မျက်စိပိုးဝင်တာဖြစ်နိုင်ခြေများပါတယ်။

    မနက်ပိုင်းမှာ နိုးနိုးချင်းမျက်စိကိုပွတ်တာက မျက်ကြည်လွှာအတွက် အန္တရာယ်များပါတယ်။ ညဘက်မှာ တစ်ညလုံးအောက်ဆီဂျင်ပမာဏလျော့နည်းခဲ့မှုကြောင့် အရည်ဓါတ်ပိုလာလို့ မျက်ကြည်လွှာရောင်ရမ်းနေနိုင်တာကြောင့်ပါ။

    မိဘတွေဟာ ကလေးငယ်လေးတွေမှာ အမြင်အာရုံပြဿနာတွေဖြစ်နေတာကို အရင်ဆုံးသိရှိနိုင်တဲ့သူတွေဖြစ်ပါတယ်။ သင့်ကလေးကအောက်ပါလက္ခဏာတွေရှိနေရင် မျက်စိစစ်ဆေးမှုခံယူသင့်ပါတယ်။

    • ကလေးကမူပျက်နေပြီး ဘေးနားတဝိုက်က အသစ်အဆန်းတွေကို စိတ်မဝင်စားတော့တဲ့အခါ၊
    • မီးဖွင့်လိုက်ရင်၊ အလင်းရောင်ကိုကြည့်ရင် မျက်မှောင်ကျုံ့တာ
    • ပင်ပန်းတာ အိပ်ချင်တာမဟုတ်ဘဲ မျက်လုံးကိုပွတ်နေရင်
    • ကလေးက ငိုနေတာမဟုတ်ဘဲ မျက်ရည်တွေအများကြီးထွက်နေရင်
    • မျက်စိပိုးဝင်တာ၊ မျက်ခွံရောင်တာ၊ မျက်စိစွန်တာတွေမကြာခဏဖြစ်ရင် ။(Conjunctivitisမျက်ခွံအတွင်းသားရောင်ရမ်းခြင်းက ကလေးတွေမှာအဖြစ်များတဲ့ပြဿနာတွေဖြစ်ပါတယ်။
    • တစ်ခုခုကို ပိုမြင်ရဖို့ ခေါင်းစောင်းပြီးကြည့်ရတာ
    • နေရခက်နေတာကြောင့် မျက်လုံးတစ်ဖက်ကိုမှိတ်ထားတာ၊လက်နဲ့အုပ်ထားတာ
    • စာအုပ်ကြည့်ရတာလိုမျိုး အမြင်အာရုံကိုအားစိုက်ရတဲ့ ကိစ္စမျိုးကိုရှောင်လာတာ
    • တခုခုကိုအနီးတအားကပ်ပြီးမှကြည့်တာမျိုး၊ တီဗီကို အရမ်းကပ်ကြည့်တာမျိုး
    • သူငယ်အိမ်က ပုံမှန်အရွယ်အစားမဟုတ်တာ၊ ဒါမှမဟုတ် အနက်ရောင်ဖြစ်ရမယ့်အစား အဖြူရောင်ဖြစ်နေတာ

    ကလေးကိုမျက်စိမပွတ်အောင်ဘယ်လိုကာကွယ်မလဲ

    • သင့်ကလေးက ဘယ်အချိန်မှာအိပ်ငိုက်တတ်လဲဆိုတာ သိအောင်လုပ်ပါ။ အိပ်စက်ချိန်စက်ဝန်းကို ပုံမှန်သိရှိ သတ်မှတ်ပြီးတာနဲ့ ဂရုစိုက်လိုက်နာပါ။ အပြင်ရောက်နေရင်တောင်မှ ကလေးအိပ်တတ်တဲ့အချိန်ကို သတိထားပေးပါ။ သူအိပ်ချင်တတ်တဲ့အချိန်ကို ကွက်တိ သိပ်ပေးမယ်ဆိုရင် ကလေးက ပင်ပန်းငိုက်မျဉ်းမှုကိုခံစားရတော့မှာမဟုတ်ပါဘူး။ မငိုက်ရင် မျက်စိမပွတ်တော့ဘူးပေါ့။
    • တော်ရုံမျက်လုံးပွတ်တာလောက်က အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် အရမ်းပွတ်လွန်းရင် ကလေးရဲ့မျက်စိမှာ နာကျင်လာရနိုင်တာကြောင့် သူ့ကိုအာရုံပြောင်းပေးတာက အကောင်းဆုံးပါ။ သူစိတ်ဝင်စားလောက်တဲ့ အရာတစ်ခုခုကိုရှာပြီးပြပါ။ ကလေးဆိုတာ စိတ်ဝင်စားလွယ် အာရုံပြောင်းလွယ်ပါတယ်။
    • ကလေးကို ဖုန်မထူတဲ့နေရာမှာပဲ ရှိပါစေ။ လေထဲမှာ ဖုန်တွေအများကြီးရှိနေရင် ကလေးမျက်လုံးထဲ ဖုန်ဝင်လွယ်လို့ပါ။ အမှုန်ဝင်သွားခဲ့ပြီဆိုရင်လည်း သူ့ရဲ့မျက်စိကိုရေအေးနဲ့ဆေးပေးပါ။
    • ကလေးက ပင်ပန်းနေပြီလို့ သတိထားမိတဲ့အခါ သူအိပ်နေကျအချိန်မဟုတ်ရင်တောင် သူမျက်လုံးမပွတ်ခင် သိပ်လိုက်ပါ။
    • မျက်လုံးထောင့်မှာ မျက်ဝတ်တွေထွက်နေတာတွေ့ရင် ပိုးသတ်ပြီးသားဂွမ်းနုလေးကိုရေနွေးနွေးလေးဆွတ်ပြီး မျက်စိအတွင်းထောင့်လေးတွေကို ညင်ညင်သာသာသန့်စင်ပေးပါ။ မျက်လုံးနှစ်ဖက်ကို ဂွမ်းသပ်သပ်စီသုံးပါ။

    တကယ်တော့ ကလေးက မျက်လုံးပွတ်နေတိုင်း စိုးရိမ်နေစရာမလိုပါဘူး။ ကလေးက တစ်ခုခုဖြစ်နေတယ်လို့ ထင်ရင် မျက်လုံးကိုရေနဲ့သန့်စင်ပေးပြီး မျက်လုံးတစ်ဝိုက်မှာပါသန့်ပေးလိုက်ပါ။ အဲဒါမှ မသက်သာဘဲ မျက်စိနီရဲတာ၊ရောင်ရမ်းတာပိုဖြစ်လာတယ်ဆိုရင် ဆရာဝန်ပြတာအကောင်းဆုံးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement