brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Cinnarizine (စင်နာရီဇင်း)

Cinnarizine (စင်နာရီဇင်း)က antihistamine ဆေးတစ်မျိုးပါ။ စိတ်ကိုတည်ငြိမ်စေတဲ့ ဆေး တစ်မျိုးဖြစ်ပြီး (အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်) မအီမသာဖြစ်တာ၊ အော့အန်တာတွေကို သက်သာစေနိုင်ပါတယ်။

Cinnarizine (စင်နာရီဇင်း)

အသုံးပြုပုံများ

Cinnarizineကို ဘာအတွက်အသုံးပြုကြသလဲ

Cinnarizineကို အဓိကအားဖြင့်

  • အစွန်အဖျား သွေးကြောရောဂါများ
  • ဦးနှောက်သွေးကြောပြဿနာများ
  • ကားမူးခြင်း
  • မူးဝေခြင်း ပြဿနာများမှာ သုံးတတ်ပါတယ်။
  • Cinnarizine ဘယ်လိုသောက်သုံးသင့်သလဲ

    ဆေးတစ်လုံးလုံးကို ဝါးမစားဘဲ မျိုချလိုက်ပါ။ ချိုးတာမျိုး မလုပ်ရပါဘူး။ အစားနဲ့တွဲသောက်ပါ။ အရက်သေစာ ရှောင်ရှားပါ။ ကားမမူးစေဖို့ဆိုရင် ခရီးမသွားခင် ၂ နာရီအလိုမှာ သောက်ပေးတာက အကောင်းဆုံးပါ။

    Cinnarizine(စင်နာရီဇင်း)ကို ဘယ်လိုသိမ်းဆည်းရမလဲ

    အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

    ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

    ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Cinnarizineအသုံးမပြုခင် ဘာတွေသိသင့်သလဲ

    မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

    • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
    • ကားမောင်းဖို့ ဒါမှမဟုတ် စက်ကိရိယာ တစ်ခုခု မောင်းနှင်ဖို့ ရှိရင်
    • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
    • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
    • တခြားရောဂါအခံတွေ ရှိနေရင်

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

    ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Cinnarizine (စင်နာရီဇင်း)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • မူးဝေတာ
    • ပျို့တာ
    • ကိုယ်အလေးချိန် တက်လာတာ
    • ဗိုက်အောင့်တာ
    • အော့အန်တာ
    • ခံတွင်းခြောက်တာ
    • ခေါင်းကိုက်တာ
    • ချွေးစေးတွေ ထွက်တာ
    • အရမ်းအိပ်ချင်တာ
    • ခြေကုန်လက်ပမ်းကျတာ
    • ကြွက်သားတွေ တောင့်တင်းတာ
    • တုန်ယင်တာတွေကို ခံစားရနိုင်ပါတယ်။

    အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဆေးဓာတ်ပြုမှုများ

    ဘယ်ဆေးတွေက Cinnarizine (စင်နာရီဇင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

    Cinnarizineက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

    မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

    ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

    • Barbiturates
    • အိပ်ဆေး
    • မူးယစ်ဆေးပါတဲ့ အကိုက်အခဲပျောက်ဆေး
    • Tricyclic antidepressants (စိတ်ကျရောဂါသောက်ဆေး)
    • Sedatives and tranquilizers (စိတ်ငြိမ်ဆေး)
    • Monoamine-oxidase inhibitors စတာတွေပါ။

    ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် Cinnarizineသောက်တာကို ရပ်ပြီး တခြားဆေးတွေကို ပုံမှန်အတိုင်း သောက်သုံးပါ။ တစ်ချိန်တည်းမှာပဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

    အစားအသောက်တွေနဲ့ အရက်က Cinnarizine (စင်နာရီဇင်း)နဲ့ ဓာတ်ပြုနိုင်သလား

    Cinnarizineက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ Cinnarizine (စင်နာရီဇင်း)ကို အစာစားပြီးမှသောက်ပါ။ အရက်နဲ့ တွဲမသောက်သင့်ပါဘူး။ အရက်ကြော မူးဝေတာကို ဖြစ်စေနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Cinnarizine(စင်နာရီဇင်း)နဲ့ ဓာတ်ပြုနိုင်သလဲ

    Cinnarizineက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် လက်ရှိမှာ

    • သွေးပေါင်ကျတာ
    • ပါကင်ဆန်ရောဂါ
    • Porphyria

    သောက်သုံးရန်အညွှန်း

    အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ

    ဦးနှောက်သွေးကြောရောဂါများ

    တစ်နေ့ကို 75 mg တစ်ကြိမ်

    ချာချာလည်မူးဝေခြင်း

    တစ်ခါသောက်ရင် 30 mg နဲ့ တစ်နေ့ ၃ ကြိမ် သို့မဟုတ် တစ်ခါသောက်ရင် 75 mg နဲ့ တစ်နေ့ကို ၁ ကြိမ် ကနေ ၂ ကြိမ်

    ကားမူးခြင်း

    ခရီးမသွားခင် ၂ နာရီအလိုမှာ 30 mg နဲ့ ခရီးစဉ်အတွင်း ၈ နာရီတိုင်းမှာ 15 mg နဲ့ သွားမယ့်နေရာမရောက်မချင်း လိုအပ်သလို သောက်ပေးပါ။

    ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ

    ချာချာလည်မူးဝေခြင်း

    အသက် ၅ နှစ် ကနေ ၁၂ နှစ်အထိ: တစ်ခါသောက် 15 mg နဲ့ တစ်နေ့ကို ၃ ကြိမ်

    ကားမူးခြင်း 

    အသက် ၅ နှစ် ကနေ ၁၂ နှစ်အထိ : ခရီးမသွားခင် ၂ နာရီအလိုမှာ 15 mg နဲ့ ခရီးစဉ်အတွင်း ၈ နာရီတိုင်းမှာ 7.5 mg နဲ့ သွားမယ့်နေရာမရောက်မချင်း လိုအပ်သလို သောက်ပေးပါ။

    Cinnarizine (စင်နာရီဇင်း)ကို ဘယ်လိုရရှိနိုင်သလဲ

    Cinnarizine(စင်နာရီဇင်း)ကို ဆေးပုံစံ၊ အာနိသင်တွေနဲ့ ရနိုင်ပါတယ်။

    • ဆေးတောင့် 75 mg
    • ဆေးပြား 25 mg

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Cinnarizineကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

    ရေးသားသူ- Dr.Aye Myat Myat Noe

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/10/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။