အသည်းရောင်ရောဂါဆိုတာ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်လာတာပါ။ အသည်းရောင်ရောဂါဗိုင်းရပ်စ်ပေါင်းအများကြီးရှိပေမယ့် အဓိကအားဖြင့် အသည်းရောင်အေဗိုင်းရပ်စ်၊ ဘီဗိုင်းရပ်စ်နဲ့ စီဗိုင်းရပ်စ်တို့ကို အဖြစ်များပါတယ်။ အဲဒီအထဲက အသည်းရောင်အေပိုးဟာ အစာအိမ်ရောဂါဗိုင်းရပ်စ်နဲ့ လက္ခဏာဆင်တူတတ်ပြီး လပိုင်းအတွင်းကုသပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ဘယ်အမျိုးအစားပဲဖြစ်ဖြစ်သေချာမကုသရင်နောက်ဆုံးမှာ နာတာရှည်အသည်းရောဂါဖြစ်လာနိုင်ပြီး အသည်းခြောက်ခြင်း၊ အသည်းကင်ဆာအထိဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခါတော့ အသည်းရောင်ရောဂါအေပိုးကို ကူးစက်ရရှိနိုင်ခြေများစေတဲ့အရာတွေအကြောင်း သတိပေးချင်ပါတယ်။
ဘယ်လိုကူးစက်တတ်လို့လဲ
အသည်းရောင်အသားဝါအေရောဂါကရောဂါပိုးပါနေတဲ့ အစားအသောက်တွေကတဆင့် ကူးစက်ပြန့်ပွားတတ်တာဖြစ်ပါတယ်။ရောဂါပိုးရှိသူနဲ့ နီးစပ်ထိတွေ့မှုကနေကူးနိုင်တယ်၊ရေမသန့်တာ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာတွေကြောင့် ကူးစက်ရရှိနိုင်ခြေပိုများတယ်။
နေ့စဉ်ဘဝမှာ ကူးစက်နိုင်ခြေများစေတဲ့ အရာတွေ
အသီးအနှံတွေသေချာမဆေးတာ၊ရေမသန့်တာ
အသည်းရောင်အသားဝါအေပိုးက အသီးအနှံတွေ၊ အသုပ်တွေစတဲ့ စားစရာတွေကနေ ပါလာတတ်လို့ မစားခင်သေချာစင်အောင်ဆေးပါ။ရေကိုလည်းရေသန့်သောက်ပါ၊ ကျိုချက်သောက်ပါ။
အခွံမာငါးတွေ အစိမ်းစားတာ
အခွံမာငါးတွေနဲ့ပင်လယ်စာတွေဟာ ညစ်ညမ်းနေတဲ့ရေတွေထဲနေလာတာဖြစ်လို့ ကမာ၊ဂုံး၊ ခရုတွေကိုမချက်မပြုတ်ဘဲ အစိမ်းစားရင် ဒီရောဂါပိုးရရှိနိုင်ပါတယ်။ သေချာချက်ပြုတ်ပြီးစားတာအကောင်းဆုံးပါ။
လက်မသန့်တာ
အသည်းရောင်အသားဝါအေ ဗိုင်းရပ်စ်က ခန္ဓါကိုယ်ပြင်ပမှာ လနဲ့ချီပြီးရှင်သန်နိုင်ပါတယ်။ အိမ်သာကအထွက်လက်ဆေးတာ၊ လက်သန့်ဆေးရည်သုံးတာ၊ အစာမစားခင်လက်ဆေးတာ အပါအဝင် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိမှ အသည်းရောင်အေရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်မှာပါ။
မသန့်တဲ့သွေးနဲ့ ထိတွေ့မိတာ
ရောဂါပိုးရှိတဲ့သွေးနဲ့ ခန္ဓါကိုယ်အရည်တွေက အသည်းရောင်အသားဝါ ဘီနဲ့ စီကို ကူးစက်ပြန့်ပွားစေနိုင်ပါတယ်။ မီးဖွားနေစဉ်အတွင်း မိခင်ကနေကလေးကို ကူးစက်နိုင်တယ်၊ လိင်ဆက်ဆံတာကတဆင့်ကူးနိုင်တယ်၊ မကျက်သေးတဲ့အနာကတဆင့်ကူးနိုင်တယ်။ ပိုးသတ်တာမျိုး သေချာသန့်ရှင်းမှုမရှိရင် သွားကျန်းမာရေးသုံးပစ္စည်းတွေကနေလည်းကူးနိုင်တယ်။ သွားဖုံးပွန်းပဲ့တာတွေကနေ ကူးစက်နိုင်တယ်လေ။ရောဂါပိုးရှိတဲ့လူရဲ့သွေးကို သွင်းမိရင်လည်း ဘီရော စီပါ ကူးစက်နိုင်ပါတယ်။
တက်တူးထိုးတာ နဲ့ နားဖောက်တာ
တက်တူးထိုးမှာလား၊ နားပေါက်ဖောက်မှာလား။ အသည်းရောင်အသားဝါ ဘီနဲ့စီ ကူးစက်နိုင်ခြေနည်းချင်တယ်ဆိုရင် သန့်ရှင်းမှုနဲ့ ပိုးသတ်လုပ်ငန်းစဉ်ကိုဂရုစိုက်တဲ့ အလှပြင်ဆလွန်းတွေနဲ့ တက်တူးဆိုင်တွေကိုရွေးပါ။ အပ်တွေနဲ့ ကိရိယာ၊အသုံးအဆောင်တွေကနေ တစ်ယောက်နဲ့တစ်ယောက် ရောဂါမကူးစက်စေဖို့ အသုံးပြုသမျှအရာအားလုံး ပိုးသတ်သန့်စင်ထားမှဖြစ်မှာပါ။
တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို မျှသုံးတာ
သွားပွတ်တံ၊ မျက်နှာသုတ်ပဝါတို့အပါအဝင် တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ အသုံးအဆောင်တွေကို အတူမျှသုံးခြင်းကနေ အသည်းရောင်ရောဂါတွေ ကူးစက်နိုင်ခြေများပါတယ်။ ဘလိတ်ဓါး၊ လက်သည်းညှပ်၊ လက်သုတ်ပဝါ၊ အပ် စတဲ့ ပစ္စည်းတွေပါဝင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။