backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်အသည်းကို တိတ်တိတ်လေး ဖျက်ဆီးနေတဲ့ အရာ ၉ ခု


Ye Zon Aung မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်အသည်းကို တိတ်တိတ်လေး ဖျက်ဆီးနေတဲ့ အရာ ၉ ခု

အသည်းဆိုတာ လူ့ခန္တာကိုယ်မှာ အရေးပါအရာရောက်တဲ့ ကိုယ်တွင်း အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အသည်းဟာ စားလိုက်သမျှ အစားအစာတွေ၊ သောက်လိုက်သမျှ အရည်တွေကို ဓာတ်ပြုဖြိုခဲ့ပြီး အာဟာရဓာတ်တွေကို သွေးကြောထဲပို့ပေးတဲ့အလုပ်ကို လုပ်ဆောင်ပေးပါတယ်။

ကိုယ်တွင်းထဲက မကောင်းတဲ့ အကျိုးမပြုတဲ့ ဓာတ်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကိုလည်း အသည်းကပဲ လုပ်ဆောင်ပေးတာပါ။ ဒီလောက် အရေးပါအရာရောက်တဲ့အသည်းဟာ လူတွေရဲ့ မဆင်မချင်ပြုမှုနေထိုင်မှုတွေကြောင့် အမြဲတစေ ထိခိုက်ပျက်စီးရတတ်ပါတယ်။

တစ်ချို့သေ အပြုအမူတွေနဲ့ စားသောက်နေထိုင်မှုပုံစံတွေဟာ အသည်းကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်စေနိုင်တယ်ဆိုတာကို လူအတော်များများက သတိမူမိခြင်းမရှိတတ်ပါဘူး။

အရက်သောက်ခြင်းဟာ အသည်းကိုထိခိုက်စေနိုင်တယ်လို့ လူအတော်များများက သိထားကြပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အသည်းကို ထိခိုက်စေနိုင်တဲ့ တခြားအချက်တွေ ရှိနေပါသေးတယ်။ အဲ့ဒီအချက်တွေကို ပြောပြချင်ပါတယ်။

သင့်အသည်းကို ထိခိုက်စေမယ့် အရာ ၉ ခု

  • သကြား – သကြားအလွန်အမင်း စားတာဟာ အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ လူ့ခန္တာကိုယ် အစိတ်အပိုင်းတွေဟာ fructose လို့ ခေါ်တဲ့ သကြားဓာတ်အမျိုးအစားတစ်မျိုးကို အသုံးချပါတယ်။ ဒါပေမယ့် refined sugar တွေနဲ့ high-fructose ပါဝင်တဲ့ အစားအစာတွေကြောင့် အသည်းကို ထိခိုက်ပျက်စီးစေနိုင်တာကို သတိထားသင့်ပါတယ်။ သကြားရဲ့ အသည်းကို ဖျက်စီးနိုင်စွမ်းက အရက်နဲ့ အတူတူပဲဆိုတာကို မမေ့သင့်ပါဘူး။
  • ဆေးဖက်ဝင်ထုတ်ကုန်များ – သဘာဝထုတ်ကုန်တွေ၊ ဆေးဘက်ဝင် သစ်ဥသစ်ဖုတွေကနေ ထုတ်လုပ်ထားတယ်လို့ ဆိုနေကြပေမယ့် Herbal Supplements တွေဟာ အမြဲတမ်း လူကို အကျိုးပြုတာတော့ မဟုတ်ပါဘူး။ ဒီပစ္စည်းတွေကို မှန်ကန်စွာ အသုံးမပြုဘူးဆိုရင် အသည်းရောင်ရောဂါနဲ့ အသည်းပျက်စီးစေတာတွေ ဖြစ်စေနိုင်ပါတယ်။
  • ကိုယ်အလေးချိန် တိုးလာခြင်း – ဝတာဟာ ကျန်းမာရေးအတွက် ဘယ်အခြေအနေမှာမှ အထောက်အကူမဖြစ်စေပါဘူး။ ကိုယ်တွင်းမှာ အဆီတွေတိုးလာတာကြောင့် အသည်းရဲ့ဆဲလ်စ်တွေကို ထိခိုက်ပျက်စီးစေပြီး non-alcoholic fatty liver disease (NAFLD) ကို ခံစားရစေနိုင်ပါတယ်။
  • ဗီတာမင် A လွန်ကဲခြင်း – ဗီတာမင် A ကို ဆေးဝါးဓာတ်စာတွေနဲ့ အလွန်အမင်း ဖြည့်စွက်မှီဝဲတာဟာကလည်း အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဗီတာမင် A ဟာ အနီရောင်နဲ့ အဝါရောင်ရှိတဲ့ သစ်သီးတွေကနေ ကြွယ်ဝစွာရရှိနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ မလိုအပ်ပဲ Vitamin A ဖြည့်စွက် ဓာတ်စာတွေ အလွန်အမင်းဖြည့်စွက်တာကြောင့် အသည်းကို ထိခိုက်စေနိုင်တာမို့ သတိထားဖို့ လိုအပ်ပါတယ်။
  • အချိုရည်များ – အချိုရည်တွေမှာ သကြားဓာတ် လွန်ကဲစွာပါဝင်နေတာမို့ NAFLD ဝေဒနာ စွဲကပ်နိုင်ခြေအလွန်မြင့်မားပါတယ်။ အချိုရည်တွေမှာသာမက ဆိုဒါတွေကလည်း ဒီလိုအန္တာရယ်မျိုးပေးနိုင်စွမ်းပါတယ်။
  • Acetaminophen – နာကျင်မှုဝေဒနာတွေကို သက်သာလျော့ပါစေနိုင်တဲ့ Acetaminophen ဟာ လူသုံးများတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ နှာစေးချောင်းဆိုး၊ ဖျားနာနဲ့ နာကျင်မှုဝေဒနာတွေကို သက်သာစေတဲ့ ဆေးတစ်မျိုးပါ။ ဒီဆေးဟာလည်း အသည်းကို ထိခိုက်စေနိုင်တဲ့ အရာတစ်မျိုးဖြစ်ပါတယ်။
  • ပြုပြင်ထားတဲ့ အဆီများ – အဆီဓာတ်တော်တော်များများဟာ အသည်းကို ထိခိုက်စေကြပါတယ်။ လူလုပ်အဆီတွေဟာ ပိုဆိုးတယ်လို့ ဆိုရမယ့် အရာတွေဖြစ်ပါတယ်။ သဘာဝအတိုင်းမဟုတ်ပဲ ပြုပြင်ထုတ်လုပ်ထားတဲ့ အဆီတွေဟာ ကိုယ်အလေးချိန်တိုးမြင့်စေသလို အသည်းနဲ့ နှလုံးကိုလည်း ထိခိုက်စေပါတယ်။
  • အမှားအယွင်းများ – တစ်ခါတစ်လေမှာ ဆေးမှားတာ၊ တရားမဝင်ဆေးဝါးတွေ သုံးစွဲတာနဲ့ မတည့်တဲ့အစားအစာတွေစားသုံးမိတာတွေလို ကိစ္စရပ်တွေကြောင့်လည်း အသည်းပျက်စီးနိုင်ပါသေးတယ်။ အသည်းရောင်အသားဝါ C လို ဝေဒနာမျိုးတွေကို ခုလို အမှားအယွင်းမျိုးတွေကြောင့် ကူးစက်နိုင်ခြေမြင့်မားတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။
  • အရက် – အသည်းကို ထိခိုက်စေနိုင်တယ်လို့ လူသိများတဲ့ အရာက အရက်ဖြစ်ပါတယ်။ အရက် အလွန်အမင်းသောက်သုံးတာက အသည်းကို ထိခိုက်စေနိုင်တယ်လို့ သိကြတာများပါတယ်။ ဒါပေမယ့် ဘယ်လောက်ပမာဏလည်းဆိုတာကိုတော့ သိတဲ့သူနည်းပါတယ်။ လူတစ်ယောက်ဟာ တစ်ရက်ကို အရက် ၁.၅ အောင်စ၊ ဘီယာ ၁၂ အောင်စ ဒါမှမဟုတ် ဝိင် ၅ အောင်စထက်ပိုမသောက်သုံးသင့်ပါဘူး။

အပေါ်မှာ ဖော်ပြထားတဲ့အရာတွေဟာ သင့်ရဲ့ ကျန်းမာသန်စွမ်းနေတဲ့အသည်းကို နာမကျန်းဖြစ်စေတဲ့အထိ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုဘဝမှာ ဒီအရာတွေကို သုံးစွဲ၊ ပြုမူမှုတွေကို ထိမ်းချုပ်ဖို့ မဖြစ်မနေ ကြိုးပမ်းသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Ye Zon Aung မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement