backup og meta

အစာစားပြီးမကြာခင် ဝမ်းပျက်ခြင်းကို ဘယ်လိုကာကွယ်မလဲ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာစားပြီးမကြာခင် ဝမ်းပျက်ခြင်းကို ဘယ်လိုကာကွယ်မလဲ

    အစားတခုခုစားပြီးချိန် ဝမ်းပျက်ခြင်းကို အင်္ဂလိပ်လို postprandial diarrhea (PD) လို့ ခေါ်ပါတယ်။ အစားစားပြီး သိပ်မကြာခင်မှာ ဝမ်းသွားချင်လာပြီး အိမ်သာနေရာကို အလျင်စလို ရှာဖွေရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒီပြဿနာရှိတဲ့ လူတချို့ဟာ ဝမ်းသွားခါနီး ဗိုက်အောင့်လာတတ်ပါတယ်။ များသောအားဖြင့် ဝမ်းသွားပြီးချိန်မှာ သက်သာသွားတတ်ပါတယ်။

    အစာစားပြီး သိပ်မကြာခင် ဝမ်းပျက်ခြင်း ဘာကြောင့်ဖြစ်သလဲ

    အောက်ပါအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။

    • ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်း။ အစာအိမ်အူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းကြောင့် အစာစားပြီး ဝမ်းပျက်ခြင်း ဖြစ်နိုင်ပါတယ်။ အဆိုပါအချိန်မှာ အစာအိမ်လမ်းကြောင်းဟာ အစားအသောက် အတော်ရွေးပြီး ဝမ်းပျက်လွယ်ပါတယ်။ ရက်အနည်းငယ်ထိ ကြာတတ်ပါတယ်။
    • လက်တို့စ်မတည့်ခြင်း။ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရတဲ့ သကြားတမျိုးဖြစ်တဲ့ လက်တို့စ်နဲ့ မတည့်သူတွေဟာ လက်တို့စ်ပါတဲ့ အစားအစာတခုခုကို စားသောက်ပြီးတာနဲ့ ဝမ်းပျက်တတ်ပါတယ်။ လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ကြုံရပါတယ်။
    • အစာအဆိပ်သင့်ခြင်း။ ပုံမှန်မဟုတ်တဲ့ အစားအသောက်တခုခုကို စားသောက်မိချိန်မှာ လူ့ခန္ဓာကိုယ်ဟာ သဘာဝအလျောက်သိရှိပြီး ပြင်ပကို ပြန်လည်ဖယ်ထုတ်ဖို့ ကြိုးစားပါတယ်။ မကောင်းတဲ့ အစားအစာမျိုးဆိုရင် ဝမ်းသွားခြင်း၊ အန်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ခန္ဓာကိုယ်ပြင်ပကို ပြန်လည်စွန့်ထုတ်ပစ်ပါတယ်။
    • သကြားကိုကောင်းစွာ မစုပ်ယူနိုင်ခြင်း။ ဒီအခြေအနေဟာ လက်တို့စ်မတည့်ခြင်းနဲ့ ဆင်တူပါတယ်။ လူတချို့ရဲ့ ခန္ဓာကိုယ်ဟာ လက်တို့စ်၊ ဖရက်တို့စ် စတဲ့သကြားမျိုးတွေကို မစုပ်ယူနိုင်ပါဘူး။ အဆိုပါသကြားတွေ အူလမ်းကြောင်းထဲ ရောက်လာတာနဲ့ ဝမ်းပျက်ခြင်း အပါအဝင် တခြား အစာအိမ် အူလမ်းကြောင်းပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။
    • ကလေးငယ်များဝမ်းပျက်ခြင်း။ အသီးဖျော်ရည် အများအပြားသောက်တဲ့ ကလေးငယ်များဟာ ဖျော်ရည်သောက်ပြီး သိပ်မကြာခင်မှာ ဝမ်းပျက်တတ်ပါတယ်။ ဖျော်ရည်မှာပါဝင်တဲ့ သကြားများဟာ ရေများကို အူလမ်းကြောင်းထဲ ရောက်လာစေပါတယ်။ အဲ့ဒီအခါ ဝမ်းအရည်သွားခြင်း၊ ဝမ်းပျက်ခြင်း ဖြစ်တတ်ပါတယ်။

      ကပ်ပါးပိုးများ။ အစားအစာကနေတဆင့် ကိုယ်ခန္ဓာထဲ ဝင်ရောက်တဲ့ ကပ်ပါးပိုးများကြောင့်လည်း စားပြီးမကြာခင် ဝမ်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံး ကပ်ပါးကောင်ကတော့ သန်ကောင်ဖြစ်ပါတယ်။ အစားစားပြီး ဝမ်းပျက်ခြင်းပြဿနာဟာ သန်ကောင်များကို အူလမ်းကြောင်းကနေ မဖယ်ရှားနိုင်သရွေ့ ဖြစ်နေတတ်ပါတယ်။

    မဂ္ဂနီဆီယမ်ဓာတ် လွန်ကဲခြင်း

    မဂ္ဂနီဆီယမ်ပမာဏ များပြားရင်လည်း ဝမ်းပျက်တတ်ပါတယ်။ ဒါပေမယ့် ဖြည့်စွက်စာကို မစားသုံးရင်တော့ မဂ္ဂနီဆီယမ်ဓာတ် လွန်ကဲခြင်းဖြစ်ဖို့ ခဲယဉ်းပါတယ်။

    ဘယ်အရာတွေက နာတာရှည်ပြဿနာကို ဖြစ်စေသလဲ

    အောက်ပါအခြေအနေတွေဖြစ်ပြီး ထိရောက်တဲ့ ကုသမှု လိုအပ်ပါတယ်။

    • အူလမ်းကြောင်း ထိခိုက်လွယ်သည့်ရောဂါ (Irritable bowel syndrome)။ ဒီပြဿနာဟာ အစာအိမ် အူလမ်းကြောင်း ပြဿနာမျိုးစုံကို ဖြစ်စေနိုင်ပါတယ်။
    • ဝမ်းပျက်ခြင်း၊ လေထခြင်း၊ လေလည်ခြင်း၊ ဗိုက်အောင့်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ ဇစ်မြစ်ကိုတော့ မသိရှိနိုင်သေးပါဘူး။
    • စိလိယက်ရောဂါ။ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့ အခြေအနေဖြစ်ပြီး gluten ပရိုတိန်းကို စားမိတိုင်း အူလမ်းကြောင်းကို ထိခိုက်စေပါတယ်။ Gluten ပရိုတိန်းကို ဂျုံနဲ့လုပ်ထားတဲ့ ပစ္စည်းတွေမှာ အများဆုံး တွေ့ရပါတယ်။
    • အူမ ရောင်ရမ်းခြင်း။ အူမ ရောင်ရမ်းပြီး လေပွခြင်း၊ ဗိုက်ရစ်နာခြင်းဖြစ်ပြီး ဝမ်းပျက်တတ်ပါတယ်။ ဒီပြဿနာဟာ အမြဲတမ်းတော့ ဖြစ်မနေတတ်ပါဘူး။ ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။
    • သည်းခြေရည်မစုပ်ယူနိုင်ခြင်း။ အစားအစာတွေမှာပါတဲ့ အဆီဓာတ်ကို ချေဖျက်နိုင်ဖို့အတွက် သည်းခြေရည်ကို သည်းခြေအိတ်ကနေ ထုတ်လုပ်ပါတယ်။ အဲဒီအရည်တွေကို ပြန်လည်မစုပ်ယူနိုင်ရင် အူမကြီးကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဝမ်းပျက်ခြင်း၊ အရည်ဝမ်းများသွားခြင်း ဖြစ်စေပါတယ်။
    • သည်းခြေအိတ်ထုတ်ထားခြင်း။ သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားလိုက်ပြီးချိန်မှာ လပေါင်းများစွာ ကြာတတ်သည်အထိ ဝမ်းပျက်တတ်ပါတယ်။ လူအများစုဟာ နောက်ပိုင်းတော့ တဖြည်းဖြည်း သက်သာသွားပါတယ်။

    အစာစားပြီး ဝမ်းပျက်ခြင်းကို ဆေးဝါးကုသဖို့ လိုပါတယ်။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနဲ့လည်း အထောက်အကူ ပြုပါတယ်။ အောက်ပါအချက်တွေ ဖြစ်ပါတယ်။

    • မတည့်သည့်အစားအစာကို ရှောင်ခြင်း။ အစားအစာတချို့ဟာ စားသောက်ပြီးချိန်မှာ ဝမ်းပျက်ခြင်းကို ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။ ဘယ်အစားအစာကြောင့် ဖြစ်သလဲ မသေချာရင် ဒိုင်ယာရီသဘောမျိုး ရေးပြီး မှတ်တမ်းတင်ထားပါ။ ဘာကိုစားချိန်မှာ ဝမ်းပျက်သလဲဆိုတာ ရေးမှတ်ထားရပါမယ်။
    • အစားအစာဘေးကင်းမှုသတိပြုခြင်း။ အသီးအရွက်တွေကို မစားသုံးခင်မှာ ရေနဲ့ သန့်ရှင်းစင်ကြယ်အောင် ဆေးကြောရပါမယ်။ အသားငါးများကို ချက်ပြုတ်ရာမှာ သင့်တော်တဲ့ မီးအပူချိန်နဲ့ ချက်ပြုတ်ရပါမယ်။ သိမ်းဆည်းရမယ့် အစားအသောက်တွေကိုလည်း ရေခဲသေတ္တာနဲ့ သေချာစွာ သိမ်းဆည်းရပါမယ်။
    • နည်းနည်းစီစားပါ။ တနေ့၃ကြိမ်နဲ့ များများစားမယ့်အစား ၅ကြိမ်၆ကြိမ်ခွဲပြီး နည်းနည်းစီစားတာ ပိုကောင်းပါတယ်။ အူလမ်းကြောင်းကနေ အစာကို ပိုမိုချေဖျက်နိုင်ပြီး ဝမ်းပျက်ခြင်းကို ဖြစ်နိုင်ခြေ နည်းစေပါတယ်။
    • စိတ်ဖိစီးမှုကိုလျှော့ချပါ။ စိတ်ဖိစီးမှုဖြစ်နေချိန်၊ စိတ်ပူပန်နေချိန်မှာ အစာအိမ်အောင့်ခြင်း ထိခိုက်ခြင်း ပိုမိုဖြစ်လွယ်ပါတယ်။ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခြင်းဟာ စိတ်ကျန်းမာရေးအတွက်သာမကဘဲ အစာအိမ်အူလမ်းကြောင်းစနစ်ကိုလည်း အထောက်အကူပြုပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

    သုံးရက်လောက်ဆက်တိုက် ဝမ်းပျက်နေရင်၊ တပတ်အတွင်း အကြိမ်ပေါင်းများစွာ ဝမ်းပျက်နေတတ်ရင်၊ ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက်ကျော်ပြီး ဖျားနေရင်၊ ဗိုက်နာဗိုက်အောင့်ရင် ဆရာဝန်ပြသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement