ဆီးချို သွေးချို စစ်မယ်ဆိုရင် ဆေးခန်းမှာ၊ ဆေးဆိုင်တွေမှာ စစ်ပေးတယ် ဆိုပေမယ့် သွေးတွင်းသကြားဓာတ်တိုင်း ကိရိယာ တစ်ခုတော့ အိမ်မှာ ရှိထားသင့်ပါတယ်။ အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင် ဘာတွေများ သိထားဖို့ လိုမလဲ။ အထူးသဖြင့် ကိုယ့်မိသားစုထဲမှာ ဆီးချို ရှိသူ တစ်ယောက် ရှိနေတယ် ဆိုရင်ပေါ့။
သွေးတွင်းသကြားဓာတ် အတက်အကျကို သက်ရောက်နိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိသလို အချိန်မရွေးလည်း ပြောင်းလဲနိုင်ပါတယ်။ အိမ်မှာ ရှိနေမှ လိုအပ်တဲ့ အချိန်တိုင်း စစ်ဆေးကြည့်လို့ ရနိုင်မယ်၊ ပုံမှန် စစ်ဆေးလို့ လွယ်ကူနိုင်ပါမယ်။ တက်နေတာလား၊ ကျနေတာလား မရေမရာ ဖြစ်နေတဲ့ အချိန်မှာ သွေးဖောက် စစ်ဆေးလိုက်တာ အကောင်းဆုံး ပါပဲ။
အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင်
အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင် ဒီအချက်လေးတွေကို သိထားတာက အကောင်းဆုံးပါ။
ပုံမှန် ဒါမှမဟုတ် နေ့စဉ် ဆီးချိုသွေးချိုစစ်ဆေးမယ်
သွေးဖောက်စစ်ဆေးတာကို နေ့တိုင်းလုပ်ရမှာလား၊ တစ်ပတ်နှစ်ကြိမ်လောက်လား၊ တစ်ရက်ခြားတစ်ကြိမ်လား ဆိုတာကို ကာယကံရှင်ရဲ့လက်ရှိကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ ကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာစတဲ့အချက်တွေကို မူတည်ပြီး ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးသူက လိုအပ်သလိုဆုံးဖြတ်ရမှာပါ။ တစ်နေ့တာအတွင်း အများအားဖြင့် ဒီအချိန်တွေမှာ သွေးဖောက်စစ်ဆေးလေ့ရှိကြပါတယ် –
- အစာမစားခင်
- အစာစားပြီး ၁ နာရီ သို့မဟုတ် ၂ နာရီ
- နေလို့မကောင်းတဲ့ လက္ခဏာတစ်ခုခုဖြစ်လာတဲ့အချိန်
- ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုမလုပ်ခင် (အစာတခုခုစားထားဖို့လိုမလို)
- လှုပ်ရှားမှုများများလုပ်ပြီးတဲ့အချိန်
- ဆီးချိုတက်နေတယ်၊ ကျနေတယ်လို့ သံသယရှိလာတဲ့အချိန်
- ဖျားနေတဲ့အချိန် သို့မဟုတ် စိတ်ဖိစီးမှုခံစားနေရတဲ့အချိန် တို့မှာ စစ်ဆေးကြည့်တတ်ကြပါတယ်။
ဘယ်လိုစစ်ရမလဲ
ဆီးချိုသွေးချိုစစ်မယ်ဆိုရင် glucometer လို့ခေါ်တဲ့ ကိရိယာလေးနဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို အလွယ်တကူစစ်ဆေးနိုင်ပါတယ်။ သွေးစစ်မယ့်သူရဲ့လက်ထိပ်ကိုဖောက်ပြီး သွေးစက်လေးနမူနာယူ၊ ဆီးချိုသွေးချိုစစ်တံ( test strip) နဲ့ထိတို့ စစ်ဆေးရပါတယ်။
သွေးချိုတိုင်းစက်က အမှတ်တံဆိပ်အမျိုးမျိုး၊ ထုတ်လုပ်တဲ့ကုမ္ပဏီအမျိုးမျိုး၊ လုပ်ဆောင်ချက်အမျိုးမျိုးနဲ့ ဈေးနှုန်းအစားစားရှိတာကြောင့် ကိုယ်နဲ့သင့်တော်ရာအမျိုးအစားကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဒါပေမယ့် ရလဒ်မှန်ကန်ဖို့ အရေးကြီးတာကြောင့် အရည်အသွေးကောင်းပြီး တိကျတဲ့ အမျိုးအစားကိုရွေးချယ်မိဖို့လိုပါတယ်။
အကောင်းဆုံးက ကိုယ်ဝယ်ထားတဲ့သွေးချိုတိုင်းစက်မှာပါတဲ့ လမ်းညွှန်ချက်အတိုင်း အသုံးပြုတာပါ။သွေးချိုတိုင်းစက်တွေရဲ့ အသုံးပြုပုံကတော့ အခြေခံအားဖြင့် တူတူပါပဲ –
- လက်ဆေးပြီး ခြောက်အောင် သုတ်ပါ။
- သွေးချိုတိုင်း စက်မှာ သွေးစစ်တံလေး ထည့်သွင်းပါ(ဘူးအတွင်းပါ လမ်းညွှန်ချက်မှာ ဖော်ပြထားတဲ့အတိုင်း)
- လက်ချောင်းထိပ်ကို အရက်ပြန် ဂွမ်းစလေးနဲ့ သုတ်ပါ။ အရက်ပြန်ခြောက်အောင် စောင့်ပါ။
- သွေးချိုတိုင်းစက်မှာ အတူပါတဲ့ သွေးဖောက် ကိရိယာလေးနဲ့ လက်ချောင်းထိပ် အသားကို ထိကပ်ပြီး သွေးဖောက်ပါ။
- သွေးစစ်တံရဲ့ထိပ်မှာ သွေးစက်လေးကို စုပ်ယူသွားတဲ့ အထိ တို့ထိပါ။
- လက်ချောင်းထိပ်ကို အရက်ပြန် ဂွမ်းစလေးနဲ့ ခဏ ကပ်ထားပါ။
- စက္ကန့်ပိုင်းအတွင်း စက်မှာ ပေါ်လာမယ့် သွေးတွင်းသကြားဓာတ် ရလဒ်ကို ကြည့်ပါ။
- မှတ်တမ်း စာအုပ်မှာ စစ်ဆေးမှု ရလဒ်ကို မှတ်သားပါ။
- သွေးစစ်တံလေးကို စက်ကနေ ဖြုတ်ပြီး စနစ်တကျ စွန့်ပစ်ပါ။
ကဲ ဘယ်လောက် လွယ်လိုက်လဲ။ စက်လေးတစ်ခု ရှိတယ်ဆိုရင် သွေးစစ်တံလေးတွေပဲ ဝယ်ထားဖို့ လိုမှာပါ။ ဆေးဆိုင်မှာ သွားစစ်သလို တစ်ခါ စစ်တိုင်း ငွေမကုန်၊ အချိန် မကုန် ရတော့ဘူးပေါ့။ သုံးရတာလည်း လွယ်ပါတယ်နော်။
ပုံမှန် ဘယ်လောက်အတွင်း ရှိသင့်တာလဲ
ပုံမှန်ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်ပမာဏက –
- အစာမစားခင်မှာ70 နဲ့ 130 mg/dL ကြား၊
- အစာစားပြီး ၂နာရီမှာ 180 mg/dLအောက် ရှိသင့်ပါတယ်။
ဒီပမာဏတွေက အကြမ်းဖျင်းပဲ ဖြစ်ပြီး အသက်အရွယ်အလိုက် အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။
[embed-health-tool-bmi]