ဆီးချိုရောဂါဆိုတာ နာတာရှည် ရောဂါဖြစ်ပြီး ခန္ဓာကိုယ်ကနေ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ သေချာမကုသဘူးဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားရမှာပါ။ ဒီထဲမှာ ဆီးချိုကြောင့် သွေးကြောထိခိုက်မှု တွေ ဖြစ်ပြီး သွေးကြောတွေ ကျဉ်းတာလည်း ပါပါတယ်။ သွေးကြောတွေ ကျဉ်းလာတာနဲ့အမျှ ကိုယ်တွင်းအင်္ဂါအတွက် လိုအပ်တဲ့ အာဟာရနဲ့ အောက်ဆီဂျင်တွေ မရတာကြောင့် ရေရှည်မှာ ကိုယ်တွင်းအစိတ်အပိုင်းတွေ ပျက်စီးတတ်ပါတယ်။ သွေးကြောရောဂါတွေက ပြင်းထန်ပြီး ဆီးချိုလူနာတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတာကြောင့် သတိထားသင့်ပါတယ်။
ဆီးချိုရောဂါရှင်တွေမှာ သွေးကြောထိခိုက်မှု တွေ ဘာကြောင့် ဖြစ်ရတာလဲ။
အဓိက အချက်ကတော့ သွေးတွင်းသကြားဓာတ် မြင့်တက်လို့ပါ။ သွေးထဲမှာ သကြားဓာတ်တွေ များလွန်းနေတာက ရေရှည်မှာ ဆဲလ်နဲ့ တစ်ရှူးတွေကို ပျက်စီးစေပါတယ်။ ဒီထဲမှာ သွေးကြောနံရံတွေမှာ ရှိနေတဲ့ ဆဲလ်တွေလည်း ပါပါတယ်။
သွေးကြောနံရံတွေ ပျက်စီးတဲ့အတွက် ဒီနေရာမှာ သွေးခဲတွေ၊ အဆီတွေ လာစုပါတယ်။ တဖြည်းဖြည်းနဲ့ မာလာပြီး သွေးကြောထဲကို ဖောင်းဝင်လာပါတယ်။ ဒါကြောင့် သွေးကြောကျဉ်းလာရတာပဲ ဖြစ်ပါတယ်။
ဒီလို ကျဉ်းလာတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေက နဂိုရနေကျ သွေးပမာဏအတိုင်း မရတော့ပါဘူး။ ကျဉ်းတဲ့ သွေးကြောပေါ်လိုက်ပြီး ခံစားရတဲ့ ဝေဒနာတွေ၊ ရောဂါတွေ ကွဲပြားသွားပါတယ်။
ဆီးချိုကြောင့် ဖြစ်တဲ့ သွေးကြောထိခိုက်မှု တွေကို ၂မျိုးခွဲလို့ ရပါတယ်။
- သွေးကြောအသေးလေးတွေ ထိခိုက်တာ (Micro-Angiopathy) – ကျောက်ကပ်၊ မျက်လုံးနဲ့ အာရုံကြောက သွေးကြောလေးတွေ ပါပါတယ်။
- သွေးကြောအကြီးတွေ ထိခိုက်တာ (Macro-Angiopathy) – ဦးနှောက်၊ လည်ပင်း၊ နှလုံးနဲ့ ခြေထောက်က သွေးကြောအကြီးတွေ ပါပါတယ်။
သွေးကြောထိခိုက်တဲ့အခါ ဘာလက္ခဏာတွေ ခံစားရမှာလဲ။
သွေးကြောထိခိုက်တာက တဖြည်းဖြည်းချင်း ဖြစ်လာတဲ့အတွက် လက္ခဏာတွေက သိပ်မသိသာပါဘူး။ ဒါ့ပြင် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်တဲ့အတွက် လက္ခဏာတွေကို ပုံသေသတ်မှတ်လို့ မရပါဘူး။ အတွေ့ရများတဲ့ သွေးကြောထိခိုက်မှုတွေကတော့
- ကျောက်ကပ်သွေးကြောထိခိုက်တဲ့အခါ
ကျောက်ကပ်ဆီ သွေးကောင်းကောင်း မရောက်တဲ့အခါ ကျောက်ကပ်ဆဲလ်တွေ ပျက်စီးပြီး သူတို့ရဲ့ ပုံမှန်အလုပ်ဖြစ်တဲ့ ‘စစ်ထုတ်သိမ်းဆည်းခြင်း’ အလုပ်ကို မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ဆီးထဲမှာ အသားဓာတ် (ပရိုတင်း)တွေ အများကြီး ပါလာပါတယ်။ အယ်ဗျူမင်လို့ ခေါ်တဲ့ ပရိုတင်းက သွေးကြောထဲက အရည်စနစ်ကို ထိန်းချုပ်ထားတဲ့အတွက် ဒီအသားဓာတ်မရှိတော့တဲ့အခါ လူနာက ဖောလာပါတယ်။
- မျက်လုံးသွေးကြောထိခိုက်တဲ့အခါ
လက္ခဏာတွေက ချက်ချင်း ပြလေ့မရှိပါဘူး။ နောက်ပိုင်းကျမှ မျက်လုံးဝါးတာတို့၊ အစက်အပြောက်တွေ မြင်တာတို့၊ ကြည့်လို့ မကောင်းတာတို့ ဖြစ်လာပါတယ်။ ဒါကို retinopathyလို့ ခေါ်ပါတယ်။ သေချာမကုသဘူးဆိုရင် အမြင်ကွယ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိရင် အနည်းဆုံး တစ်နှစ် တစ်ခါလောက် မျက်စိပုံမှန် စစ်သင့်ပါတယ်။
- ဦးနှောက်သွေးကြောထိခိုက်တဲ့အခါ
အာရုံစူးစိုက်လို့ မရတာ၊ မှတ်ဉာဏ်မကောင်းတာ၊ စိတ်အတက်အကျမြန်တာ၊ စိတ်ကျဝေဒနာ စတာတွေ ခံစားရနိုင်ပါတယ်။ စိတ်ခံစားမှုကို ထိန်းချုပ်နေတဲ့ ဦးနှောက်အစိတ်အပိုင်းကို သွေးကောင်းကောင်း မရောက်တဲ့အတွက်ကြောင့်ပါ။ ဒါ့ပြင် ရုတ်တရက် လေဖြတ်နိုင်ခြေလည်း များပါတယ်။
- ခြေထောက်မှာ ရှိတဲ့ သွေးကြောတွေ ထိခိုက်တဲ့အခါ
စစချင်းဆို စမ်းကြည့်ရင် ခြေထောက်သွေးခုန်နှုန်း မမှန်ပါဘူး။ ဒါပေမယ့် လူနာတွေက ဒါကို သတိထားမိမှာ မဟုတ်ပါဘူး။ သူတို့သတိထားမိမှာက ခြေထောက်က အကြောင်းအရင်း မရှိဘဲ အေးအေးနေတာ၊ လမ်းလျှောက်ရင် ခြေသလုံးတွေ ညှစ်ထားသလို နာလာတာ စတာတွေပဲ ဖြစ်ပါတယ်။
- နှလုံးသွေးကြောလည်း ကျဉ်းပြီး heart attackပုံစံမျိုး ခံစားရတတ်ပါတယ်။ ဒါပေမယ့် ဆီးချိုသမားတွေက အာရုံကြောလည်း အားနည်းနေတဲ့အတွက် ရင်ဘတ်အောင့်တာကို မခံစားရတာ များပါတယ်။ တခြား လက္ခဏာတွေလောက်ပဲ ပြတတ်ပါတယ်။
သွေးကြောထိခိုက်တာတွေကို ဘယ်လို စမ်းသပ်နိုင်သလဲ။
လူနာခံစားရတဲ့အပေါ် မူတည်ပြီး စမ်းသပ်လေ့ရှိပါတယ်။ တစ်နေရာနဲ့ တစ်နေရာတော့ အနည်းလည်း ကွာခြားနိုင်ပါတယ်။ ဥပမာ ခြေထောက်သွေးကြောတွေ ပိတ်တယ်လို့ တင်ရင် အယ်ထွာဆောင်းရိုက်ပြီး ဘယ်နေရာမှာ ဘယ်လောက်ပိတ်နေလဲဆိုတာ စစ်ဆေးနိုင်ပါတယ်။
သွေးကြောပြဿနာတွေကို ဘယ်လို ကုသနိုင်သလဲ။
သွေးကြောပြဿနာတွေ ကုသတဲ့နေရာမှာ လက်ရှိဖြစ်နေတဲ့ သွေးကြောကိုလည်း ကုသရသလို ဆီးချိုကိုလည်း ထိန်းရပါတယ်။ ဆီးချို မထိန်းနိုင်ဘူးဆိုရင် ဒီပြဿနာတွေက နောက်ထပ် နောက်ထပ် ထပ်ဖြစ်နေဦးမှာပါပဲ။ ကုသနည်းတွေကတော့
- ဆေးဝါးများ
ဆီးချိုအတွက်လည်း သောက်ဆေးတွေ၊ ထိုးဆေးတွေ (အင်ဆူလင်) သုံးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရပါတယ်။ ဒါ့ပြင် တချို့သော သွေးကြောရောဂါတွေ (ဥပမာ နှလုံးသွေးကြောကျဉ်း) ဆိုရင် အခြေအနေ မဆိုးတဲ့အခါ သောက်ဆေးနဲ့ ထိန်းထားလို့ ရပါတယ်။
- စားသောက်နေထိုင်မှု ပြောင်းလဲခြင်း
စားးသောက် နေထိုင်မှု ပြောင်းလဲတာက ဆီးချိုအတွက်ရော သွေးကြောရောဂါတွေအတွက်ရော အထောက်အကူ ဖြစ်ပါတယ်။ အဆီအဆိမ့်တွေ၊ ချိုလွန်း၊ ငန်လွန်းတာတွေ လျှော့စားမယ်။ ဆေးလိပ်တွေ၊ အရက်တွေ ရှောင်မယ်၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှု ကောင်းတာကြောင့် သွေးကြောပြဿနာတွေ ဖြစ်တော့မှာ မဟုတ်တော့ပါဘူး။ ဒါ့ပြင် ဆီးချိုကိုပါ ထိန်းနိုင်တာကြောင့် သွေးကြောအပြင် တခြားနောက်ဆက်တွဲဆိုးကျိုးတွေကိုပါ ကာကွယ်နိုင်မှာပါ။ အထူးသဖြင့် ခွဲစိတ်ဖို့ ခက်တဲ့ သွေးကြောအသေး ပြဿနာတွေဆို စားသောက်နေထိုင်မှု ပုံစံပြောင်းလဲတာက အများကြီး အထောက်အကူ ဖြစ်ပါတယ်။
- ခွဲစိတ်ကုသနည်း
သွေးကြောအကြီးတွေ ဆိုရင်တော့ ခွဲစိတ်ကုသလို့ ရပါတယ်။ ဥပမာ
-သွေးကြောထဲက ပိတ်နေတဲ့ သွေးခဲတွေ ဖယ်ထုတ်တာ
-သွေးကြောချဲ့တာ
-ပိတ်နေတဲ့ သွေးကြောကို လမ်းကြောင်းလွှဲတာ
-Stent ထည့်ပြီး ကျဉ်းနေတဲ့ သွေးကြောကို ဖွင့်ပေးတာ
ခွဲစိတ်တာက လူတွေ မလုပ်ချင်ကြဘူးဆိုပေမယ့် လေဖြတ်တာလိုမျိုး၊ နှလုံး သွေးကြောပိတ်တာမျိုး ဆိုရင်တော့ ဒါတွေက အသက်ကယ်နိုင်မယ့် နည်းလမ်းပါပဲ။
[embed-health-tool-bmi]