backup og meta

ဆီးချိုရောဂါရှိပြီး ဘယ်လောက်ကြာရင် ကျောက်ကပ်ထိ မှာလဲ၊၊

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရောဂါရှိပြီး ဘယ်လောက်ကြာရင် ကျောက်ကပ်ထိ မှာလဲ၊၊

    ဆီးချိုရောဂါရှင်တွေ အများစုက ကျောက်ကပ်ထိ မှာကို စိုးရိမ်ကြပါတယ်၊၊ တကယ်လည်း ဆီးချိုရောဂါက ကျောက်ကပ်ပျက်စီးစေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုပါ၊၊ ဆီးချိုရောဂါရှိသူ ၃ယောက်မှာ ၁ယောက်က ကျောက်ကပ်ထိခိုက်တတ်တာကိုလည်း တွေ့ရပါတယ်၊၊

    ဆီးချိုလူနာအများစုက သူတို့ဆီးချို ရှိပြီဆို ကျောက်ကပ်ထိ နေပြီလား၊၊ ဘယ်တော့ ကျောက်ကပ်ပျက်စီးမှာလဲဆိုတာကို သိချင်ကြပါတယ်၊၊ ဒါကလည်း ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ၊၊ ကျောက်ကပ်ထိခိုက်ပြီးသားဆိုရင် ကုစရာရှိတာ စောစောကုနိုင်သလို တကယ်လို့ ကောင်းနေသေးတယ်ဆိုရင်လည်း ဆီးချိုကြောင့် ကျောက်ကပ်မထိခိုက်အောင် ဂရုစိုက်နိုင်မှာပါ၊၊

    ဆီးချိုရောဂါရှိပြီး ဘယ်လောက်ကြာရင် ကျောက်ကပ်ထိ မှာလဲ၊၊

    အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေ တော်တော်များများက ရောဂါရှိပြီး ၂-၅နှစ်အတွင်းမှာ ကျောက်ကပ်အဖြေတွေ ပုံမှန်မဟုတ်တော့တာကို တွေ့ရပါတယ်လို့ တချို့လေ့လာချက်တွေက ဖော်ပြထားပါတယ်၊၊ ဆိုလိုတာက လူနာက အပြင်ပန်းမှာ ဘာလက္ခဏာမှ မရှိတာ ဖြစ်နိုင်ပေမယ့် သွေးစစ်၊ ဆီးစစ်ရင် အဖြေတွေက ပုံမှန်မဟုတ်တော့ပါဘူး၊၊ ဒါ့ပြင် လူနာတွေရဲ့ ၃၀-၄၀ ရာခိုင်နှုန်းလောက်က ၁၀နှစ်ကနေ နှစ်၃၀အတွင်းမှာ ပိုပြီးပြင်းထန်တဲ့ ကျောက်ကပ်ပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်၊၊

    အမျိုးအစား ၂ဆီးချိုရောဂါရှိသူတွေအတွက်ကတော့ ပြောဖို့ခက်ပါတယ်၊၊ ဒါပေမယ့် အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေရဲ့ ကျောက်ကပ်ထိဖို့ ကြာချိန်နဲ့ တူတူလောက်ပဲလို့ ယူဆထားကြပါတယ်၊၊

    တစ်ခုရှိတာက ဒါက ယေဘုယျခန့်မှန်းချက်ဖြစ်ပြီး ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံနဲ့ ဆီးချိုအခြေအနေပေါ် မူတည်ပြီး စောစောဖြစ်တာ၊ နောက်ကျမှဖြစ်တာ ကွာနိုင်ပါသေးတယ်၊၊

    ဘယ်လိုဆီးချိုရောဂါရှင်တွေက ကျောက်ကပ်ပိုထိနိုင်သလဲ၊၊

    ဆီးချိုရောဂါသက်ရင့်နေတဲ့သူတွေက ကျောက်ကပ်ထိနိုင်ခြေ ပိုများပါတယ်၊၊ ဒါက ကိုယ်တတ်နိုင်တဲ့အချက်တော့ မဟုတ်ဘူးပေါ့၊၊ တချို့ဆို ဆီးချိုရောဂါရှိမှန်း လုံးဝမသိဘဲ ကျောက်ကပ်မကောင်းဘူးထင်လို့ ဆေးစစ်လိုက်တော့မှ ဆီးချိုရောဂါအခံရှိနေမှန်း သိကြတာပါ၊၊ ဆိုလိုတာက နှစ်ပေါင်းများစွာ ဆီးချိုရောဂါရှိမှန်းမသိခဲ့တော့ ကျောက်ကပ်ထိပြီး နောက်ဆက်တွဲတွေ ဖြစ်မှပဲ ကိုယ့်မှာဆီးချိုရှိမှန်း သိပါတော့တယ်၊၊

    ပြန်ဆက်ရရင် ဆီးချိုရောဂါရှိတာခြင်း အတူတူကို ကျောက်ကပ်စောစောပျက်နိုင်ခြေရှိတဲ့ သူတွေကတော့

    • ဆီးချိုကောင်းကောင်းမထိန်းတာကြောင့် သွေးတွင်းသကြားဓာတ် အမြဲလိုလိုတက်နေသူတွေ
    • သွေးတိုးရောဂါပါ ရှိနေပြီး သွေးပေါင်ချိန်ကိုလည်း သေချာမထိန်းတဲ့သူတွေ
    • ဆေးလိပ်သောက်တဲ့သူတွေ
    • ဆီးချိုရောဂါရှိပေမယ့် အစားအသောက်မဆင်ခြင်သူတွေ
    • အငန်အစားများတဲ့သူတွေ
    • အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့သူတွေ
    • အဝလွန်တဲ့သူတွေ
    • နှလုံးရောဂါအခံရှိသူတွေ
    • မိသားစုထဲမှာ ကျောက်ကပ်ပျက်စီးဖူးတဲ့သူရှိရင် ကိုယ့်မှာလည်း စောစောကျောက်ကပ်ထိနိုင်ခြေ များပါတယ်၊၊

    ဆီးချိုရောဂါရှိပြီး ဘယ်လောက်ကြာရင် ကျောက်ကပ်ထိ မှာလဲ၊၊

    ကျောက်ကပ်ထိ မှန်း ဘယ်လိုသိနိုင်မလဲ၊၊

    ဆီးချိုရောဂါရှိသူတွေက မိမိရဲ့ ကျောက်ကပ်ထိနေပြီလားဆိုတာကို သိဖို့လိုပါတယ်၊၊ စောစောသိလေ စောစောကုနိုင်လေမို့လိုပါ၊၊ ခက်တာက ကျောက်ကပ်ပျက်စမှာ ဘာလက္ခဏာမှ မပြပါဘူး၊၊  လူနာကို ကြည့်ရင် ပုံမှန်အတိုင်း အကောင်းပဲ တွေ့ရမှာပါ၊၊ သွေးစစ်၊ ဆီးစစ်ကြည့်မှ သိရမှာပါ၊၊ သူနေလို့ ကောင်းနေလို့ ‘သွေးအဖြေ၊ ဆီးအဖြေ မကောင်းဘူး၊၊ ကျောက်ကပ်စထိနေပြီနော်’ လို့ ပြောရင်တောင် ယုံမှာ မဟုတ်ပါဘူး၊၊

    ဒီနေရာမှာ စကားစပ်လို့ ပြောရရင် ဆီးချိုလူနာတွေကို ၆လတန်သည်၊ ၁နှစ်တန်သည် ရက်ချိန်းခေါ်ကြည့်တယ်ဆိုတာ ဒါကြောင့်ပါ၊၊ ဆီးချိုကောင်းကောင်းထိန်းနိုင်ရဲ့လား၊၊ ဆီးချိုဆေးတွေ ပုံမှန်သောက်နေရဲ့လား၊၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားနေရလို့ ဆေးမသောက်ဘဲများ နေနေသလား၊၊ ဆီးချိုရဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ကျောက်ကပ်တွေ၊ မျက်လုံးတွေကောင်းရဲ့လားဆိုတာကို သိချင်လို့ ခေါ်ကြည့်တာပဲ ဖြစ်ပါတယ်၊၊

    တော်ကြာ လူနာရဲ့ စိတ်ထဲမှာ ရက်ချိန်းသာ ခေါ်ကြည့်၊ ဆေးတွေစစ်၊ ပြီးတော့လည်း ဆရာဝန်က ဒီဆေးက ဒီဆေးပဲ ပေးတာပဲလို့ ထင်မှာပါ၊၊ တကယ်တော့ ဆေးတွေစစ်လို့ အဖြေကောင်းရင် စိတ်အေးရပါတယ်၊၊ ဒီဆေးတွေပဲ ပြန်ပေးတာကလည်း ဒီဆေးတွေနဲ့တင် ဆီးချိုထိန်းနိုင်တော့ နောက်ဆေးထပ်ပေးစရာ မလိုလို့ပါ၊၊

    ခုနလိုမျိုး ကျောက်ကပ်ထိတာမှာ ဆေးစစ်မှ သိပြီး စောစောကုလို့ရမှာပါ၊၊ လူနာ လက္ခဏာပြမှဆို နောက်ကျပြီး ကုရတာလည်း ခက်ပါတယ်၊၊ ဒါဆို ဘာကြောင့် ရက်ချိန်းမှန်မှန်သွားသင့်လဲဆိုတာ သိလောက်ပါပြီ၊၊

    ကျောက်ကပ်ထိနေတာကို မသိခဲ့ဘူး၊၊ ဒီလိုနဲ့ ရောဂါရင့်လာပြီဆိုရင်တော့

    • သွေးတိုးထိန်းရခက်လာတာ
    • ဆီးထဲမှာ အနည်အနှစ်တွေ ပါလာတာ
    • ခြေကျင်းဝတ်နဲ့ လက်တွေ ဖောလာတာ
    • အိပ်ရာနိုးနိုးချင်းဆို မျက်လုံးတွေ အစ်ပြီး မျက်နှာတွေ အမ်းနေတာ
    • ဆီးခဏခဏ သွားချင်တာ
    • အာရုံစူးစိုက်မရတာ
    • မောလာတာ
    • အစားအသောက်ပျက်တာ
    • ပျို့အန်ချင်တာ
    • အသားတွေ ယားတာ
    • နုံးတာ စတာတွေ ခံစားရပါတယ်၊၊

    ဒီလက္ခဏာတွေ ရှိနေရင်တော့ ဆရာဝန်နဲ့ ပြန်ပြပြီး ကျောက်ကပ်ကို စစ်ဆေးသင့်နေပါပြီ၊၊

    ဆီးချိုရှိပေမယ့် ကျောက်ကပ်မထိခိုက်စေဖို့ ဒီအချက်တွေကို လိုက်နာပါ၊၊

    ဆီးချိုရောဂါရှိတာခြင်း တူပေမယ့် ကျောက်ကပ်စောစောထိမှာလား၊ နောက်ကျမှ ထိမှာလားဆိုတာက ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံပေါ် အများကြီး မူတည်ပါတယ်၊၊ ကျောက်ကပ်ပျက်စီးတာကို လျှော့ချနိုင်ဖို့

    • ရက်ချိန်းပုံမှန်ပြပါ၊၊

    အပေါ်မှာပြောခဲ့သလို ကျောက်ကပ်ထိစမှာ လက္ခဏာမပြပါဘူး၊၊ ဆေးစစ်မှ သိနိုင်တာပါ၊၊ ဒါကြောင့် ရက်ချိန်းပုံမှန်ပြပြီး ကျောက်ကပ်အပါအဝင် တခြားနောက်ဆက်တွဲရောဂါတွေ ရှိမရှိ ပုံမှန်စစ်ဆေးဖို့ လိုပါတယ်၊၊

    • ဆီးချိုကောင်းအောင် ထိန်းပါ၊၊

    အစားအသောက်အနေအထိုင်ဆင်ခြင်ပြီး ဆေးတွေလည်း ပုံမှန်သောက်မယ်ဆိုရင် ဆီးချိုရောဂါကို သေချာထိန်းနိုင်မှာပါ၊၊ ဒါဆို ကျောက်ကပ်ရောဂါ မဖြစ်အောင် အချိန်ဆွဲထားလို့ရပါတယ်၊၊

    • သွေးတိုးအပါအဝင်  တခြားရောဂါအခံတွေကို သေချာကုသပါ၊၊

    သွေးတိုးသက်သက်ကလည်း ကျောက်ကပ်ထိစေတဲ့ ရောဂါတစ်ခုပါ၊၊ ဆီးချိုနဲ့ပါ တွဲထားလိုက်ရင် ကျောက်ကပ်ပျက်နိုင်ခြေက သိသိသာသာ တက်လာမှာပါ၊၊ ဒါကြောင့် သွေးတိုးကိုပါ သေချာထိန်းထားဖို့ လိုပါတယ်၊၊ ဒါ့ပြင် တခြားရောဂါအခံတွေ ရှိနေရင်လည်း သေချာထိန်းထားဖို့ လိုပါတယ်၊၊

  • ဆေးတွေသောက်တဲ့အခါ သတိထားပါ၊၊
  • အထူးသဖြင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်ဟာကိုယ်ဝယ်သောက်တဲ့အခါမျိုးမှာပါ၊၊ တချို့ဆေးတွေက ပမာဏများရင်၊ ခဏခဏသောက်ရင် ကျောက်ကပ်ထိနိုင်ပါတယ်၊၊ ဥပမာ NSAIDs အမျိုးအစား အကိုက်အခဲပျောက်ဆေးတွေပါ၊၊ မသောက်ခင်မှာ ဆေးအညွှန်းကို သေချာဖတ်ဖို့ လိုသလို၊ လိုအပ်ရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်ကို မေးမြန်းပါ၊၊

    • ကိုယ်အလေးချိန်ထိန်းပါ၊၊

    ကိုယ်အလေးချိန်များနေတယ်ဆိုရင် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ဘာတွေစားရမလဲဆိုတာကို တိုင်ပင်ပါ၊၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပါ၊၊ အဝမလွန်ဘူး၊၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ရှိတယ်ဆိုရင်တောင် နေ့စဉ်လှုပ်ရှားမှုလုပ်၊ အစားအသောက်ဆင်ခြင်ပြီး ကိုယ်အလေးချိန်ထိန်းထားဖို့ လိုအပ်ပါတယ်၊၊

    • ဆေးလိပ်မသောက်ပါနဲ့၊၊

    ဆေးလိပ်က ကောင်းနေတဲ့ ကျောက်ကပ်ကို ထိခိုက်စေသလို နဂိုပျက်ပြီးသား ကျောက်ကပ်ဆို ပိုပြီးဆိုးစေနိုင်ပါတယ်၊၊ ဆေးလိပ်မသောက်တတ်ရင် အစမလုပ်ဘဲ သောက်တတ်ရင်တော့ ဖြတ်လိုက်ဖို့ အကြံပေးချင်ပါတယ်၊၊

    ဆီးချိုရောဂါနဲ့ ကျောက်ကပ်

    ကျောက်ကပ်ရောဂါက ဆီးချိုရောဂါရဲ့ အဖြစ်များဆုံး နောက်ဆက်တွဲရောဂါတွေထဲက တစ်ခုပါ၊၊ ဒါပေမယ့် ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံကို ဆင်ခြင်ပြီး ဆီးချိုရောဂါကို သေချာထိန်းထားမယ်ဆိုရင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်၊၊

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement