backup og meta

ကျောက်ကပ်မပျက်စီးအောင် ဘယ်လိုကာကွယ်မလဲ


Dr. Thant Zin မှ ရေးသားသည်။ · 21/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ကပ်မပျက်စီးအောင် ဘယ်လိုကာကွယ်မလဲ

    ကျောက်ကပ်များဟာ သင့်သွေးထဲမှာ အရည်ဓာတ်တွေ ပိုနေတာမဖြစ်အောင်၊ အဆိပ်အတောက်တွေ စုဝေးမနေအောင် စစ်ထုတ်သန့်စင်ပေးတဲ့တာဝန် ထမ်းဆောင်ပါတယ်။ အဆိုပါလုပ်ငန်းတွေကို မလုပ်ဆောင်နိုင်တော့တဲ့ အခြေအနေကိုတော့ ကျောက်ကပ်ပျက်စီးခြင်းလို့ ခေါ်ပါတယ်။

    ကျောက်ကပ်ဟာ စတင်ပျက်စီးခါစမှာ လက္ခဏာမပြပါဘူး။ ကြာလာရင်တော့ အောက်ပါလက္ခဏာတွေ ကြုံလာရတတ်ပါတယ်။

    – ဆီးနည်းခြင်း

    – ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း

    – အာရုံစူးစိုက်ရန်ခက်ခဲခြင်း

    – ယားယံခြင်း

    – ကြွက်သားများ အကြောဆွဲခြင်း၊ ကြွက်တက်ခြင်း

    – ပါးစပ်အတွင်း သတ္တုအရသာရနေခြင်း

    ပျို့အန်ခြင်း

    – အစားပျက်ခြင်း

    – တက်ခြင်း

    – ခြေကျင်းဝတ်၊ ခြေထောက်၊ ခြေဖမိုးများ ဖောရောင်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ကျောက်ကပ်ပျက်စီးခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ သွေးတိုးရောဂါနဲ့ ဆီးချိုဟာ ကျောက်ကပ်ပျက်စီးမှုကို အများဆုံးဖြစ်စေနိုင်တာကြောင့် ယေဘုယျအားဖြင့် အဆိုပါပြဿနာတွေ မကြုံရအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ အောက်ပါနည်းလမ်းတွေ ဖြစ်ပါတယ်။

    ၁။ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပါ

    ဆီးချိုရောဂါရှိရင် နှလုံးရောဂါနဲ့ ကျောက်ကပ်ပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ဟာ သွေးထဲက ပိုနေတဲ့သကြားဓာတ်ကို စွန့်ထုတ်နိုင်ဖို့ အလုပ်ပိုလုပ်ရလို့ ဖြစ်ပါတယ်။

    ၂။ သွေးပေါင်ချိန်ထိန်းသိမ်းပါ

    ကျောက်ကပ်ရဲ့ အသေးငယ်ဆုံးအစိတ်အပိုင်းဖြစ်တဲ့ နက်ဖရွန်လေးတွေကို အင်မတန်ရှုပ်ထွေးများပြားတဲ့ သွေးကြောလေးတွေနဲ့ ဝန်းရံထောက်ပံ့ထားပါတယ်။ သွေးတိုးလာရင် အဆိုပါသွေးကြောငယ်လေးတွေ ပျက်စီးသွားပြီး နက်ဖရွန်များလည်း အလုပ်ကောင်းစွာ မလုပ်နိုင်တော့ဘဲ ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်ကို ပုံမှန်ထိန်းသိမ်းပေးနိုင်ဖို့ လိုပါတယ်။

    ၃။ ကိုယ်အလေးချိန်ထိန်းပါ

    ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း စတာတွေဟာ ဆီးချိုရောဂါနဲ့ သွေးတိုးခြင်းကိုလည်း ဖြစ်စေတာကြောင့် ကျောက်ကပ်ကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာအလေးချိန်ညွှန်ကိန်း (BMI) နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ဖြစ်ဖို့ ထိန်းသိမ်းသင့်ပါတယ်။

    ၄။ ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ပါ

    သကြားဓာတ်နဲ့ ကိုလက်စထရောများတဲ့ အစားအစာတွေကို လျှော့ချပြီး အမျင်ဓာတ်များတဲ့ အသီးအရွက်တွေ စားသုံးသင့်ပါတယ်။

    ၅။ ဆားလျှော့စားပါ

    ဆား (ဆိုဒီယမ်) ဟာ သွေးတိုးခြင်းကိုဖြစ်စေပါတယ်။ သွေးတိုးခြင်းဟာ ရေရှည်မှာ ကျောက်ကပ်ကို ထိခိုက်စေတာမို့ ဆားပါဝင်မှုများပြားတဲ့ အစားအစာတွေ ဥပမာ ငါးပိ၊ အသင့်စားသရေစာများ စနာတွေကို လျှော့စားသင့်ပါတယ်။

    ၆။ ရေများများသောက်ပါ

    ရေဓာတ်ခမ်းခြောက်ခြင်းဟာ ကျောက်ကပ်တွေဆီ သွေးအရောက်နည်းစေပြီး ကျောက်ကပ်ကို ထိခိုက်ပျက်စီးခြင်း ဖြစ်စေပါတယ်။ ဆီးကျောက်ဖြစ်စေတဲ့ သတ္တုဓာတ်များကိုလည်း အနည်ထိုင်စေပါတယ်။ မိမိအခြေအနေပေါ်မူတည်ပြီး တစ်နေ့ကို ရေ ၂လီတာကနေ ၃လီတာထိ သောက်သုံးသင့်ပါတယ်။

    ၇။ အရက်လျှော့ပါ

    အရက်ဟာ သွေးပေါင်ချိန်တက်စေပါတယ်။ ဒါ့အပြင် ကယ်လိုရီများပြားစေလို့ ကိုယ်အလေးချိန်လည်း တက်စေနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ပျက်စီးနိုင်ခြေနည်းအောင် အရက်ကို လျှော့သောက်သင့်ပါတယ်။

    ၈။ ဆေးလိပ်မသောက်ပါနှင့်

    ဆေးလိပ်သောက်ခြင်းဟာ သွေးကြောတွေကို ကျဉ်းမြောင်းစေပါတယ်။ ဒါကြောင့် ကျောက်ကပ်ဆီကို သွေးအရောက်နည်းစေနိုင်ပါတယ်။ ကျောက်ကပ်ရောဂါလက္ခဏာ စတင်ပြသနေသူများမှာ ဆေးလိပ်လုံး၀ မသောက်သင့်ပါဘူး။

    ၉။ ဆေးဝါးများကို မိမိသဘောအတိုင်း မသောက်ပါနှင့်

    ဆေးဝါးများကို သောက်သုံးတိုင်းမှာ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဖို့၊ လေ့လာဖို့ လိုအပ်ပါတယ်။ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ ဥပမာ အက်စ်ပရင်၊ အိုင်ဗျူပရိုဖင် စတဲ့ အကိုက်အခဲပျောက်ဆေးများဟာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။

    ၁၀။ စိတ်ဖိစီးမှုလျှော့ပါ

    စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုများဟာ သွေးပေါင်ချိန်ကို တက်စေပြီး အစားအသောက်ပုံစံလည်း မမှန်ဘဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် စိတ်ဖိစီးမှုကို လျှော့သင့်ပါတယ်။

    ၁၁။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ

    လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းအားဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆီးချိုနဲ့ သွေးတိုးခြင်းကို ဖြစ်နိုင်ခြေ လျော့နည်းစေတဲ့အပြင် ကိုယ်အလေးချိန်လည်း ထိန်းသိမ်းပေးနိုင်ပါတယ်။

    …………………………………………….

    အထက်ပါနည်းလမ်းများကို ခြုံကြည့်ရင် သွေးတိုးနဲ့ ဆီးချိုကို ထိန်းသိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။ အဆိုပါရောဂါများ ဖြစ်ပွားနေတဲ့အပြင် ကျောက်ကပ်ပျက်စီးခြင်းလက္ခဏာတွေ စတင်ပြသလာရင်တော့ ဆရာဝန်နဲ့ မဖြစ်မနေ တိုင်ပင်ကုသဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 21/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement